သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ် ပင်လယ်ပြင်ပေါ် ကန်လေယာဉ် ပျံသန်းမှု တရုတ် ကန့်ကွက်


တောင်တရုတ်ပင်လယ်ပြင် မြေပုံ။
တောင်တရုတ်ပင်လယ်ပြင် မြေပုံ။

တောင်တရုတ်ပင်လယ်ပြင်တွင်း တရုတ်နိုင်ငံက တည်ဆောက်ထားတဲ့ ကျွန်းတွေ အပေါ်ကနေ အမေရိကန်လေယာဉ် မနေ့တုန်းက ဖြတ်ပျံခဲ့တဲ့အပေါ် အကြီးအကျယ် စိတ်အနှောက်အယှက် ဖြစ်ရတဲ့အကြောင်း တရုတ်နိုင်ငံက ပြောဆို လိုက် ပါတယ်။ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်နိုင်တဲ့အထိ မတော်တဆ ဖြစ်ရပ် မျိုးကြုံနိုင်တာကြောင့် တာဝန်မဲ့တဲ့ ဒီလိုလုပ်ရပ်မျိုးကို အမေရိကန်အနေနဲ့ ရပ်တန်းက ရပ်ဖို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

အမေရိကန်စစ်တပ်က အဆင့်အမြင့်ဆုံး ထောက်လှမ်းရေး လေယာဉ် P8-A Poseidon ကို တရုတ်ရေတပ်က ၈ ကြိမ်တိုင်တိုင် သတိပေးခဲ့ကြောင်းလည်း အမေရိကန် လေယာဉ်ပေါ်မှာ သတင်းယူဖို့ လိုက်ပါသွားတဲ့ CNN သတင်းထောက်တွေက ပြောပါတယ်။

ရေနံနဲ့ ဓာတ်ငွေ့လို အရင်းအမြစ်တွေရှိတယ်လို့ ယူဆထားပြီး၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ် တို့ကလည်း အသီးသီး ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ တောင်တရုတ်ပင်လယ်တွင်းက နယ်မြေတွေရဲ့ ၉၀% ကိုတော့ တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြောဆိုထားတာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကတော့ တရုတ်နိုင်ငံပိုင် ကျွန်းတွေနဲ့ သန္တာကျောက်တန်းတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့၊ ရေပြင်နဲ့ ဝေဟင်မှာ မတော်တဆမှုတွေကို ဟန့်တားနိုင်ဖို့ လိုအပ်တဲ့ ဆောင်ရွက် မှုတွေ စောင့်ကြည့်မှုတွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

မကြာသေးခင်က ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေ မှာတော့ တောင်တရုတ် ပင်လယ်ပြင်တွင်းက ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ Spratly ကျွန်းစုမှာ မြေဖို့တာတွေ၊ လေယာဉ်ပြေးလမ်း ဆောက်လုပ်တာတွေလို တိုးချဲ့တည်ဆောက်မှုတွေ အများအပြားရှိနေတာကို တွေ့ခဲ့ကြရတာပါ။

XS
SM
MD
LG