သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်နဲ့ နှစ်နိုင်ငံဆက်ဆံရေး သက်ရောက်မှု


တရုတ်နိုင်ငံခြားရေး Wang Yi နဲ့ မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ သီးခြားတွေ့ဆုံစဉ် (Photo-General Min Aung Hlaing FB)
တရုတ်နိုင်ငံခြားရေး Wang Yi နဲ့ မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ သီးခြားတွေ့ဆုံစဉ် (Photo-General Min Aung Hlaing FB)

အစိုးရသစ်ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ပထမဆုံးလာရောက်ခဲ့ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေး Wang Yi ဟာ သူ့ခရီးစဉ် ဒုတိယမြောက်နေ့ ဒီကနေ့ မနက်ပိုင်းမှာတော့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ သီးခြားတွေ့ဆုံခဲ့သလို၊ မြန်မာသမ္မတ ဦးထင်ကျော်နဲ့လည်း ညနေပိုင်းမှာ သီးခြားတွေ့ဆုံပါတယ်။

အစိုးရသစ် တက်လာတဲ့အချိန်မှာ တရုတ်နိုင်ငံဖက်က အခုလို အစောဆုံးလာရောက်တွေ့ဆုံတာဟာ ဘာကြောင့်လဲလို့ လေ့လာသူတွေအကြား စူးစမ်းမှုတွေရှိသလို၊ တရုတ်ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ မြစ်ဆုံလို စီမံကိန်းပြန်စရေး သူတို့ဖက်က လိုလားနေတဲ့ကိစ္စဟာ နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်လာမလားဆိုမေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။ မြန်မာအစိုးရသစ်နဲ့ တရုတ်နိုင်ငံဆက်ဆံရေးရဲ့အလားအလာကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က အခုလို မေးမြန်းတင်ပြ ထားပါတယ်။

အစိုးရသစ်ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ပထမဆုံးလာရောက်ခဲ့ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်က အခုလို အစောဆုံးလာရောက်တွေ့ဆုံတာဟာ ဘာကြောင့်ပါလဲလို့ သုံးသပ်တာတွေရှိသလိုမြစ်ဆုံလို စီမံကိန်းတွေဟာ နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်လာမလားဆိုမေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။ မြန်မာအစိုးရသစ်နဲ့ တရုတ်နိုင်ငံဆက်ဆံရေးရဲ့အလားအလာကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က အခုလို မေးမြန်းတင်ပြ ထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မြန်မာအစိုးရသစ်ဖွဲ့စည်းပြီး တပတ်ကာလအတွင်းမှာ ပထမဆုံးမြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါတယ်။ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ွဆုံအပြီး ကျင်းပတဲ့ ပူးတွဲသတင်း စာရှင်းလင်းပွဲမှာ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးခိုင်မြဲစေဖို့၊ စီးပွားရေးနဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အကူအညီပေးဖို့နဲ့လူထုဘဝမြှင်တင်ဖို့ စတဲ့ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြကြောင်းနဲ့ မြစ်ဆုံလို စီမံကိန်းတွေ ကိစ္စကိုတော့ ဆွေးနွေးခဲ့တာမရှိကြောင်းလည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တွေ့ဆုံမှုနဲ့ နှစ်နိုင်ငံဆက်ဆံရေးအလားအလာအပေါ်တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အခုလို ပြောဆိုပါတယ်။

“တရုတ်က ဘာဖြစ်လို့ ဒီလောက်တောင် လောလာ သလဲ၊ ဒီလောက်တောင်အရေးပေးလာသလဲဆိုတော့ သူ့မှာလည်း အကြောင်းတွေရှိပါတယ်။တခုက ဘာလဲဆိုတော့ မြန်မာပြည်သူလူထုကြားမှာ တရုတ်ရဲ့ ပုံရိပ်က တော်တော်ဆိုးဆိုးဝါးဝါးတွေဖြစ်ခဲ့တော့ ဒါတွေကို ပြုပြင်ပြောင်းလဲဖို့ သူတို့အစောကြီးကတည်းက စဉ်းစားနေတာပါ။ အရင်တုန်းက စစ်အုပ်စုတခုတည်းကိုပဲ ဂရုစိုက်ပြီးဆွေးနွေးပေမယ့် နောက်ပိုင်းကျတော့ အတိုက်အခံ အင်အားစုတွေရော၊ နောက်ပြီးတော့ သတင်းသမားတွေရော ၊လူမှုအဖွဲ့အစည်းတွေအကုန်ဖိတ်ပြီးတော့ ချစ်ကြည်ရေးတွေတည်ဆောက်နေတာပေါ့။ ဒါ့အပြင်ဟိုတလောတုန်းက ကိုးကန့်ကိစ္စတွေတုန်းကလည်း အများကြီးဖြစ်ခဲ့တယ်လေ။ အဲဒီတရုတ်မြန်မာနယ်စပ်တလျှောက်မှာ မတည်ငြိမ်သေးတဲ့ နေရာတွေရှိသေးတော့ အဲဒီဒေသ တည်ငြိမ်ရေးတွေအတွက်လည်း တရုတ်ဘက်က အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ တရုတ်က မြန်မာနိုင်ငံကို တော်တော်လေး ဂရုစိုက် ပြီးတော့ သူများထက်ဦးအောင် စောစောစီးစီးသွားပြီးတော့ နှတ်ဆက်တာဖြစ်ပါလိမ့်မယ်။”

တဆက်တည်းမှာပဲ မြန်မာပြည်သူတွေ လက်မခံတဲ့ မြစ်ဆုံလို အကြီးစားစီမံကိန်းတွေဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဟန့်အတားရှိနိုင်မလားဆိုတာကိုတော့ အခုလို သုံးသပ်ပါတယ်။

“ဒီ မြစ်ဆုံကိစ္စတင်မဟုတ်ဘူး အများကြီးပါ။ အဲဒီဟာတွေအားလုံးကိုပြန်လည်ပြီးစစ်ဆေးရမယ်။ ပြန်လည်ပြီး ညှိနှိုင်းရမှာဖြစ်တယ်။ တရုတ်ကလည်း မြစ်ဆုံကိစ္စပြောတဲ့အခါတိုင်းမှာလည်း ဒီစကားမျိုးပြောပါတယ်။ နှစ်ဖက်အပြန်အလှန် စဉ်းစားစစ်ဆေးဆွေးနွေးပြီးမှသာလျှင် နှစ်ဖက် ပြန်လည်လက်ခံ နိုင်တဲ့အဖြေတခုကို ရှာရလိမ့်မယ် လို့ပြောတာကြားဖူးပါတယ်။ ဒီနိုင်ငံခြားရေးဝန်ကြီးပဲ သူတို့ ၃ လပိုင်းက ပီကင်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာကြားဖူးပါတယ်။ အဲတော့ သူတို့ဘက်ကလည်း ဒီအတိုင်းကြီးတော့ သွားလို့မဖြစ်ဘူး။ ဆွေးနွေးကြရဦးမယ်၊ ညှိနှိုင်းကြရဦးမယ်လို့ တွက်ထားပြီးသားပါ။ ကျမအမြင်ကလည်း အရင်အစိုးရတွေအဆက်ဆက်လုပ်ခဲ့တဲ့ စီမံကိန်းကြီး တွေအားလုံးဟာ ပြန်လည် ဆန်းစစ်သင့်တယ်လို့ မြင်ပါတယ်။”

မြန်မာအစိုးရသစ်အနေနဲ့လည်း ပြန်လည်သုံးသပ်ပြီး ညှိနှိုင်းဆောင်ရွက်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

စိမ်းလန်းအမိမြေအဖွဲ့ဥက္ကဌ ဦးဝင်းမျိုးသူက ပြည်သူတွေမလိုလားတဲ့ စီမံကိန်းတွေကို နှစ်ဖက်ညှိနှိုင်းတာမျိုးမလုပ်ဘဲ လျော်ကြေး တောင်းဆိုတာမျိုးဖြစ်လာရင် အိမ်နီးခြင်းကောင်းအဖြစ် ယူဆဖို့ ခက်ခဲလာမယ်လို့ ထောက်ပြပါတယ်။

“မြစ်ဆုံဆည်ကိစ္စက ပြည်သူလူထုရဲ့သဘောထားမပါပဲနဲ့ သူတို့ခေါင်းဆောင်တွေပေါ်မှာမှုတည်ပြီးဖြစ်ခဲ့တဲ့ ကိစ္စပေါ့နော်။ ဒီလို Project ကြီးကို ဒေါ်လာ ၁ ဘီလီယံလောက်ရှိမယ်လို့ပြောတာကနေ အခု ၆.၅ ဘီလီယံလောက်ရှိမယ်ဆိုတဲ့ အသံတွေထွက်လာတယ်။ မှန်လားမမှန်လားတော့ မသိဘူးဗျာနော်။ ဒါဆိုရင်တော့ ကျနော်တို့ကို ငွေနဲ့ ခြိမ်းခြောက်သလိုဖြစ်လာရင်၊ တွန်းအားပေးသလိုဖြစ်လာရင် ဒါတွေက ကျနော်တို့အနေနဲ့ သူတို့က မိတ်ဆွေအိမ်နီးနားချင်းကောင်းနိုင်ငံလို့ ယူဆဖို့ ခက်သွားတာပေါ့နော်။ ဒါကြောင့် ဒီကိစ္စမှာ စောနကပြောသလိုအဆင်မပြေတဲ့အတွက် ကျန်တဲ့ကိစ္စရပ်တွေရှိတဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ၊ နောက်တခုက နယ်စပ်ကုန်သွယ်ရေးတွေမှာ သူတို့ရဲ့မူဝါဒက မျှတမှုမရှိပဲနဲ့ပေါ့နော် ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒါတွေကိုတော့ ကျနော်တို့က ရင်ဆိုင်ဖို့ပဲရှိတာပေါ့လေ။ ကိုယ့်ကြမ္မာဖန်တီးနိုင်အောင် ဖန်တီးရမှာပဲ။”

၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက ဦးမြအေးကတော့ အရင်အစိုးရနဲ့ သဘောတူထားတဲ့ စီမံကိန်းတွေကို ပြန်လည်သုံးသပ်ပြီးဆောင်ရွက်ဖို့ လိုအပ်ပေမဲ့ မြစ်ဆုံစီမံကိန်းကိုတော့ ဆက်လက်ဆောင်ရွက်ဖို့ ခက်ခဲနိုင်ကြောင်း သုံးသပ်ပါတယ်။

“ဒီတရုတ်ရင်းနှီးမြုပ်နှံ့မှုနဲ့ပတ်သက်ပြီး မြစ်ဆုံစီမံကိန်းကတော့ ပြန်သူလူထုက ဘယ်လိုပဲ ပြန်ပြီးလုပ်မယ်ဖြစ်ဖြစ် ကျနော်ထင်တယ်လက်ခံမှာမဟုတ်ဘူးဗျ အဲဒါကျတော့လေ။ ကျနော်တို့ကိုယ်တိုင်လည်း လက်ခံဖို့ခက်ခဲပါတယ် ဒီကိစ္စကတော့လေ။ အရင်အစိုးရအဟောင်းကလုပ်ခဲ့တဲ့ ကိစ္စတွေ စာချုပ်တွေကို လူထုကို ပြသပြီးတော့မှ ရှင်းပြပြီးတော့မှ ဒီအစိုးရ ဘယ်လိုဆက်သွားမလဲဆိုတာကတော့ လူထုနဲ့ တိုင်ပင်ဆွေးနွေးသွားရမယ်လို့ထင်တယ်။ မြစ်ဆုံကတော့ ကျနော်ထင်တယ် ဘယ်လိုမှ ဆက်လုပ်လို့ရမှာမဟုတ်ဘူး။”

အင်္ဂါနေ့ကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာတော့ လူထုမလိုလားသလို နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်လာစေနိုင်တဲ့ မြစ်ဆုံစီမံကိန်းကိစ္စကိုတော့ ဒေါ်အောင်ဆန်းစုကြည်က စာချုပ်ကို မဖတ်ရသေး တာကြောင့် လူထုကို ချမပြနိုင်သေးကြောင်း ပြောဆိုပါတယ်။ တရုတ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးရာမှာ ကြုံတွေ့နေတဲ့ကိစ္စကို ဒီချစ်ကြည်ရင်းနှီးတဲ့နည်းလမ်းမှတဆင့် အားလုံးဖြေရှင်းနိုင်ပါတယ်လို့ သဘောတူခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

XS
SM
MD
LG