သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ကာကွယ်ရေးဆိုင်ရာ ကွန်ပြူတာထိုးဖောက်မှု တရုတ်နိုင်ငံသားဝန်ခံ


Hacking
Hacking

အမေရိကန်နိုင်ငံက ကာကွယ်ရေးဌာနအတွက် အဓိက ကန်ထရိုက်လုပ်ငန်းတွေ လုပ်ကိုင်ပေးနေတဲ့ ကုမ္ပဏီရဲ့ ကွန်ပြူတာအတွင်း ဖောက်ထွင်းနိုင်ရေးအတွက် Hacker တွေကို ကူညီပေးခဲ့တယ်လို့ တရုတ်နိုင်ငံသားတဦးက ဝန်ခံ လိုက်ပါတယ်။

အသက် ၅၀ အရွယ် Su Bin ဆိုသူဟာ တခြား Hacker ၂ ဦးနဲ့အတူ ပူးပေါင်းပြီး F – 22 ၊ F – 34 စတဲ့ တိုက်လေယာဉ် ၂ စင်းနဲ့ C – 17 သယ်ယူပို့ဆောင်ရေး လေယာဉ်ရဲ့ ပုံစံတွေကို ခိုးယူခဲ့မှုနဲ့ စွဲချက်တင်ခံထားရတဲ့အတွက် သူ့အနေနဲ့ အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ ကျခံနိုင်ရတယ်လို့ အမေရိကန် တရားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

Su Bin အနေနဲ့ အဲဒီ လေယာဉ် ပုံစံတွေကို ဘယ်ကို ပို့တယ်ဆိုတာကိုတော့ ကာလီဖိုးနီးယားပြည်နယ်အတွင်းက ဗဟိုအစိုးရ တရားရုံးမှာ တင်သွင်းခဲ့တဲ့ အထောက်အထားတွေမှာ ဖော်ပြထားခြင်း မရှိပါဘူး။

Su Bin အနေနဲ့ အမေရိကန်ကုမ္ပဏီတွေကို ၂၀၀၈ ခုနှစ်ကစလို့ ပစ်မှတ်ထား လုပ်ဆောင်နေခဲ့တာလို့ အမေရိကန် အစိုးရက ပြောပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ တရုတ်နိုင်ငံအတွင်းက အမည်မသိ လူပုဂ္ဂိုလ်တဦးထံက Boeing ကုမ္ပဏီရဲ့ C – 17 စစ်ဖက် သယ်ယူပို့ဆောင်ရေး လေယာဉ်ပုံစံကို အီးမေးလ်နဲ့ ပို့လိုက်တယ်လို့ ဆိုပါတယ်။

သူဟာ ဘယ်ကုမ္ပဏီတွေကို ပစ်မှတ်ထား သင့်တယ်ဆိုတာကိုလည်း သူရဲ့ ကြံရာပါတွေ ဆုံးဖြတ်နိုင်အောင် ကူညီခဲ့ပြီး အင်္ဂလိပ်လို ရေးထားတဲ့ အထောက်အထားတွေကို တရုတ်ဘာသာနဲ့လည်း ပြန်ဆိုပေးခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံက ထုတ်ထားတဲ့ ဖမ်းဝရမ်းကြောင့် Su Bin ကို ကနေဒါနိုင်ငံမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လတုန်းက ဖမ်းဆီးမိခဲ့တာပါ။ သူ့ကို အမေရိကန်နိုင်ငံကို ပို့မယ့်အစီအစဉ်ကို ကန့်ကွက်ခြင်း မရှိခဲ့တဲ့အတွက် အမေရိကန်ကို ပြီးခဲ့တဲ့လအတွင်း ပို့လိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG