သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ္စမတ်ပွဲတော်ဆင်နွှဲမှု နိုင်ငံတချို့ လုံခြုံရေးတိုးမြှင့်


ခရစ်ယာန်အသိုင်းအဝိုင်းကို ဒါမှမဟုတ် ခရစ်ယာန်ဘုရားကျောင်းတွေကို အစွန်းရောက် မူဆလင်အုပ်စုတွေ တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဒီ ခရစ္စမတ် အခါသမယအတွက် နိုင်ငံအတော်များများမှာ လုံခြုံရေးတာဝန်ခံတွေက အဆင့်မြင့် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့မူဆလင်ဦးရေ အများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ ခရစ်ယာန်တွေကို ပစ်မှတ်ထား တိုက်ခိုက်မယ့် အကြမ်းဖက်မှုတွေကို တားဆီးနိုင်ဖို့ နိုင်ငံတဝှမ်းမှာ ရဲတပ်သား ၈ သောင်းနဲ့ စစ်သား ၆ သောင်းခွဲ ချထားတယ်လို့ လုံခြုံရေးဆိုင်ရာ တာဝန်ခံတွေက ပြောပါတယ်။

ခရစ်ယာန် ဘုရားကျောင်းတွေထဲမှာရော၊ ပျော်ပွဲရွှင်ပွဲကျင်းပတဲ့ နေရာတွေနဲ့ ခရီးသွားတွေ ကျက်စားရာ နေရာတွေမှာ လုံခြုံရေးတွေ ချထားတာမို့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်တွေကို အနှောင့်အယှက်မရှိ ဆင်နွှဲခွင့်ရမယ်လို့ မျှော်လင့်ထားကြောင်း အင်ဒိုနီးရှား ရဲချုပ် ဗိုလ်ချုပ်ကြီး Sutarman က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ အရှေ့ပိုင်း Ambon ခရိုင်က ခရစ်ယာန်ဘုရားကျောင်း အပြင်ဘက်မှာ ကားတစီး ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေမဲ့ အခုထိ ဗုံးခွဲသူကိုတော့ မမိသေးပါဘူး။

တချိန်တည်းမှာပဲ ပါကစ္စတန်မှာတော့ ကျောင်းတကျောင်းမှာ လူပေါင်း ရာနဲ့ချီ အသတ်ခံခဲ့ရတာမို့ ခရစ်ယာန်အသိုင်းအဝိုင်းဟာ သေဆုံးသူတွေကို လေးစားတဲ့ အနေနဲ့ ပွဲတော်ကို ရိုးရိုးရှင်းရှင်း ကျင်းပပြီး ဆုတောင်းပွဲတွေလုပ်ဖို့ပဲ စီစဉ်ထားတယ်လို့ ဒေသခံ ခရစ်ယာန်တွေက ပြောပါတယ်။

ကင်ညာနိုင်ငံမှာလည်း al-Shabab ဆိုမာလီယာ စစ်သွေးကြွတွေက ခရီးသည်တင် ဘတ်စ်ကားတွေကို တိုက်ခိုက်မှုတွေ အများအပြား လုပ်ခဲ့တာမို့ လုံခြုံရေးတွေ တိုးမြှင့်ချထားပါတယ်။

နိုင်ဂျီးရီးယား မြောက်ပိုင်းဒေသ Borno ပြည်နယ်ကတော့ အစွန်းရောက် ဘိုကိုဟာရမ်း စစ်သွေးကြွအဖွဲ့တွေ တိုက်ခိုက်မှု မလုပ်နိုင်အောင် ၅ ရက်ကြာ ယာဉ်အသွားအလာ မလုပ်ရလို့ အမိန့်ထုတ်ထားပါတယ်။

XS
SM
MD
LG