သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တောင်ပိုင်း မြို့နယ်အချို့ မဲဆွယ်စည်းရုံးမှု မလုပ်နိုင်


ရှမ်းပြည်နယ်တွင်း ၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့စဉ်။
ရှမ်းပြည်နယ်တွင်း ၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့စဉ်။

ရှမ်းပြည်နယ် အတွင်းမှာ အစိုးရတပ်နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း တပ်ဖွဲ့ အကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့တာကြောင့် RCSS/SSA တောင်ပိုင်းက သူတို့ ထိန်းချုပ်တဲ့ ဒေသတွေ အတွင်းမှာ ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံး လုပ်ငန်းတွေကို လုံခြုံစိတ်ချရတဲ့ အချိန်ထိ ယာယီ ရပ်ဆိုင်းထားဖို့ ကြေညာချက် ထုတ်ပြန် ထားပါတယ်။ ဒီကနေ့မှာတော့ နိုင်ငံရေးပါတီတွေက စည်းရုံးရေး လုပ်ငန်းတွေကို ရပ်ဆိုင်းထားရပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း က ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရတပ်နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း တပ်ဖွဲ့ အကြားမှာ သြဂုတ်လ ကနေ ဒီလ ၁၆ရက်နေ့ အထိ တိုက်ပွဲပေါင်း ၇ကြိမ်ဖြစ်ပွား ခဲ့ပြီး ၁၆ရက်နေ့က ခိုလမ်မြို့နယ် အတွင်း ဖြစ်ပွားတဲ့ ၃နာရီနီးပါးကြာ တိုက်ပွဲမှာ အစိုးရ တပ်ဖက် တိုက်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ် တွေပါ အသုံးပြု ပြီး တိုက်ခိုက်ခဲ့တယ်လို့ ရှမ်းတပ်ဖွဲ့ဖက်က သတင်းထုတ်ပြန် ထားပါတယ်။

ဒီလိုတိုက်ပွဲတွေ မကြာခနဖြစ်ပွားပြီး လုံခြုံရေး စိတ်မချရတဲ့ အခြေအနေကြောင့် နိုင်ငံရေး ပါတီတွေကို RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ ထိန်းချုပ် နယ်မြေ အတွင်းမှာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းဖို့ ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်း RCSS/SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစိုင်းလှက ပြောပါတယ်။

" အစိုးရဘက်က နယ်မြေစိုးမိုးရေး၊ နယ်မြေစိုးမိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ လိုက်လံ တိုက်ခိုက်နေတော့ တိုက်ပွဲတွေဖြစ်ပွားခဲ့ရပါတယ်။ တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်း မှာလည်း ပြည်သူလူထုတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုပ်နေတာကိုလည်း ကျနော်တို့ တွေ့ရတော့ ပြည်သူလူထု အတွက်ရော ရွေးကောက်ပွဲ အတွက် စည်းရုံးရေး မဲဆွယ်လှုပ်ရှားနေတဲ့ နိုင်ငံရေး ပါတီတွေကိုလည်း ထိခိုက်နိုင်မှာကိုလည်း ကျနော်တို့ စိုးရိမ်တဲ့အတွက်ကြောင့် ဒီစည်းရုံးရေး မဲဆွယ်ကိစ္စတွေ ခေတ္တ ခဏ ရပ်ဆိုင်းပေးပါ။ နယ်မြေ အေးချမ်း လာမှပဲ ပြန်ပြီးတော့ စောင့်ကြည့်ပါဦးဆိုတဲ့ သဘောမျိုးနဲ့ အသိပေးတဲ့ ဒီထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်တာပဲ ဖြစ်ပါတယ်။ "

ဒီလိုထုတ်ပြန်ထားတဲ့ မြို့နယ်တွေကတော့ ကွန်ဟိန်း၊ ခိုလမ်၊ မိုးနဲ၊ မောက်မယ်၊ လွယ်လင်နဲ့ ကျောက်မဲ စတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။ လောလောဆည်မှာတော့ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေတွေကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ကို အကြောင်းကြားထားပြီး တိုက်ပွဲတွေ ဆက်လက် မဖြစ်ပွားအောင်နဲ့ တခြားဒေသတွေဆီကို ပျံနှံ့ မသွားအောင် ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်မှုးကြီး စိုင်းလှက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLDပါတီ တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုး ကတော့ အဲဒီနယ်မြေတွေမှာ စည်းရုံးရေး မဆင်းဖို့ အကြောင်းကြား ထားတယ် လို့ ပြောပါတယ်။

" ကျနော်တို့ ဒီနေ့ကစပြီးတော့ အဲ့ဒီ့အပိုင်းတွေမှာ မဆင်းဖို့လေ ။ အကုန်လုံးကို ဖုန်းနဲ့ လှမ်းညွှန်ကြားထားတယ်။ ကျနော်တို့ ဆင်းမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အသက်အန္တရာယ်ရှိတဲ့အတွက်လေ ကျနော်တို့ကတော့ ရပ်ထားပေးပါမယ်။"

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီက အထွေထွေအတွင်းရေးမှုး ဦးစိုင်းညွှန့်လွင် ကတော့ ဒီလို ရပ်ဆိုင်းထားရမဲ့ မြို့နယ်တွေက အနည်းဆုံး ၁၇မြို့နယ်လောက်ရှိတယ်လို့ ပြောပါတယ်။

" ကျနော်တို့က ဘယ်တတ်နိုင်ပါ့မလဲ။ ရပ်- ဆို ဘယ်ဘက်က ရပ်ခိုင်း ရပ်ခိုင်း ရပ်ရမှာပေါ့။ အခုက ရပ်ထားခိုင်းတယ်။ မြို့ပေါ်မှာပဲ လုပ်ပါတယ် စည်းရုံးရေးက မြို့ပေါ်မှာ ဆင်းရမှာပဲ။"

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းဟာ အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်မှာ လက်မှတ်ရေးထိုး ထားပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် ကိုလည်း လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေတဲ့အဖွဲ့ဖြစ်တာကြောင့် လက်ရှိ တိုက်ပွဲတွေဟာ အဲဒီနယ်မြေတွေမှာ ရွေးကောက်ပွဲမဖြစ်အောင် ဆောင်ရွက်နေတာလားလို့ သံသယရှိစရာ ဖြစ်နေကြောင်း ဦးစိုင်းညွှန့်လွင်က ဆက်ပြောပါတယ်။

" ကျနော်တို့ စိတ်ပူတာက ရွေးကောက်ပွဲကို ပိတ်ပစ်ဖို့ တမင်သပ်သပ်များ လုပ်သလားလို့ အမှန်ကတော့ ဒီလိုဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး။ RCSS ဆို လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန် ဒီလိုဖြစ်နေတယ်ဆိုတော့ ကျနော်တို့အတွက် စဉ်းစားစရာဖြစ်နေတယ်။"

အခြားတဖက်မှာတော့ RCSS/SSA တောင်ပိုင်းက သူတို့ လက်မခံတဲ့ပါတီတွေကို ဒီနယ်အတွင်း မစည်းရုံးနိုင်အောင် ကန့်သတ်ပြီး လက်ခံတဲ့ပါတီကို သီးသန့် ဝင်ရောက်နိုင်အောင် ဆောင်ရွက်နေတာလားဆို ယူဆတာတွေလည်း ရှိနေပါတယ်။

ဒီလို ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာ ဆိုရင် လွတ်လပ်ပြီး တရား မျှတ တဲ့ ရွေးကောက်ပွဲ အဖြစ် သတ်မှတ်နိုင်မှာ မဟုတ်ကြောင်း လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောပါတယ်။

"တကယ်လို့ ပေးဝင်တဲ့ပါတီကို ပေးဝင်မယ်။ ပေးမဝင်တဲ့ပါတီကို ပေးမဝင်ဘူးဆိုရင် ဒါဟာ မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးပေါ့။ "

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုးကတော့ ရှမ်းတပ်ဖွဲ့ အနေနဲ့ ဘက်လိုက်ပြီး ကန့်သတ်တာ မဖြစ်နိုင်ကြောင်း အခုလို ပြော ပါတယ်။

"အဲ့လိုတော့ မထင်ဘူးဗျ။ လောလောဆယ် တိုက်ပွဲတွေကလည်း တကယ်ဖြစ်နေတယ်လေ။ ဟိုနေ့ကလည်း လွိုင်လင်နားလေးကို တိုက်ပွဲဖြစ်တော့ သေတဲ့သူလည်းရှိတယ်။ ဆေးရုံကို ရောက်လာတာတွေလည်းရှိနေတယ်။ ရှိနေတော့ ကိုယ့်ဘက်က ကိုယ်စားလှယ်လောင်းတွေကို အရဲ မစွန့်စေချင်ဘူး။ လတ်တလော တိုက်ပွဲတွေကလည်း တကယ်ဖြစ်နေတာလေ။ စောင့်ကြည့်ရမှာပေါ့။"

လာမယ့်ရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ မဲဆွယ်စည်းရုံးတာကို ဒီလ ၈ရက်နေ့ကစတင်ပြီး ရက်ပေါင်း ၆၀ခွင့်ပြုထားတာဖြစ်ပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ အောက်တိုဘာလ ပထမပတ်မှာ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရက်သတ်မှတ်ထားပေမဲ့ ဘယ်အဖွဲ့တွေ ပါဝင်မယ် ဆိုတာတော့ တိတိကျကျ ထုတ်ပြန်သေးတာ မရှိသေးပါဘူး။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ် နဲ့ ကချင်ပြည်နယ် မန်စီမြို့နယ် တွေမှာ တိုက်ပွဲငယ်တွေဖြစ်ပွားခဲ့ပါတယ်။

XS
SM
MD
LG