သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားဖွယ် ဆရာဆရာမများ ယူနီယံ


ရန်ကုန်တက္ကသိုလ်
ရန်ကုန်တက္ကသိုလ်

ပညာရေးဝန်ကြီးရဲ့ အမိန့်အရ ဆိုပြီး တက္ကသိုလ်၊ ကောလိပ်တွေမှာ ဆရာ၊ ဆရာများ ယူနီယံ ကို အာဏာပိုင်တို့က ဖွဲ့စည်းလိုက်တဲ့အပေါ် လက်ရှိ အလုပ်သမား ဥပဒေနဲ့ အညီ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ကန့်ကွက်လိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ ရှိနေပြီးသား မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာများ အဖွဲ့ချုပ်ကို တန်ပြန်မှုလည်း ဖြစ်ပြီး ဆရာ၊ ဆရာမတွေကြား သွေးကွဲစေအောင် အာဏာပိုင်တို့ရဲ့ လုပ်ဆောင်ချက်လို့လည်း စွပ်စွဲလိုက်ပါတယ်။ အပြည့်အစုံကိုတော့ မသိင်္ဂ ီထိုက်က စုစည်းတင်ပြပေးထားပါတယ်။

တနိုင်ငံလုံးက ဆရာ၊ ဆရာမတွေ ပါဝင်တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကို လက်ရှိ အလုပ်သမား ဥပဒေနဲ့ အညီဖွဲ့စည်းထားပြီးသားပါ။ ဒီဆရာ ဆရာမများ အဖွဲ့ချုပ်က ဗဟိုချုပ်ကိုင်တဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ အပါအဝင် အခု လက်ရှိ အစိုးရက ပြဌာန်းထားတဲ့ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ အဆုံး တောင်းဆိုမှုတွေကိုလည်း ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အစိုးရရဲ့ ပညာရေး ဥပဒေကို ရက်ပေါင်း ၆၀ အတွင်း ပြင်ဆင်ပေး ဖို့ ကျောင်းသားတွေ ရဲ့ ဆန္ဒပြ တောင်းဆိုမှုတွေ နိုင်ငံတဝန်းမှာ ဖြစ်ခဲ့ပြီးနောက် မှာတော့ အခုအခါမှာ တက္ကသိုလ်နဲ့ ကျောင်းတွေမှာ ဆရာ၊ ဆရာမများ ယူနီယံ၊ နဲ့ ကျောင်းသား ယူနီယံတွေ ဖွဲ့စည်းဖို့ အာဏာပိုင်တို့ စင်ပြိုင် လုပ်ဆောင်လာ တယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာများ အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာ အာကာမိုးသူက ပြောပါတယ်။

"ရန်ကုန်တက္ကသိုလ် UFM မှာတော့ ဆရာများ ယူနီယံကို သူတို့ဖွဲ့လိုက်တယ်။ ဒဂုံတက္ကသိုလ်မှာတော့ ကျောင်းသားယူနီယံကို သင်္ချာဌာနက ဆရာကြီး တစ်ယောက်ကနေ ဒေါက်တာသိန်းအောင် ဦးစီးပြီးတော့မှ ယူနီယံဖွဲ့ဖို့ဆိုပြီးတော့ Student Union ကို မဲပေးတဲ့ စနစ်နဲ့ ဖွဲ့ရမယ်ဆိုပြီး စာကပ်တယ်လို့ ပြောတယ်။ ကန့်ကွက်တာကို ပြောရမယ်ဆိုရင် ဆရာများသမဂ္ဂ ကျောင်းသားသမဂ္ဂ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ ဆရာ ဆရာမတွေရဲ့ တကယ်တမ်း လွတ်လွတ်လပ်လပ် ဖွဲ့စည်းနေတဲ့ဆရာ ဆရာမတွေရဲ့ သင်းပင်း လွတ်လပ်ခွင့်ကို ထင်ယောင်ထင်မှားဖြစ်စေအောင် လုပ်တယ်။ နောက်ပြီးတော့ တဖက်လှည့်နဲ့ ပြောမယ်ဆိုရင် အားနည်းအောင် လုပ်တယ်။"

လက်ရှိ အတည်ပြုထားပြီး ဖြစ်တဲ့ အမျိုးသား ပညာရေး ဥပဒေမှာ နည်းဥပဒေတွေကို ထုတ်ပြန် အတည်မပြုရသေးခင်မှာ အခုလို အသင်းအဖွဲ့တွေကို အမိန့်အာဏာနဲ့ ဖွဲ့စည်းတာက ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်လို့လည်း ဒေါက်တာ အာကာမိုးသူက ပြောပါတယ်။

" နည်းဥပဒေ မထွက်ခင် သင်းပင်းကို ဖွဲ့စည်းလို့ မရဘူးဆိုတဲ့ဟာ အမြဲတမ်း ပြောတယ်လေ။ နောက်ပြီးတော့မှ ဥပဒေတခုရဲ့ အောက်မှာ ရှိရမယ်လေ။ ကျနော်တို့က မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် က အသင်းမှတ်ပုံတင်ထားတယ်။ အလုပ်သမားမှတ်ပုံတင်နဲ့ သွားနေတယ်။ ကျနော်တို့က တရားဝင် အဖွဲ့အစည်းနဲ့ သွားကြတာ။ အကုန်လုံး။ ဆရာများ အသင်းကို ဖွဲ့ခိုင်းတဲ့အခါမှာ သူတို့က နည်းဥပဒေလဲ မထွက်သေးဘဲနဲ့ နည်းဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်တဲ့ တရားဥပဒေမဲ့ လုပ်ဆောင်ခြင်းလို့ ကျနော်တို့က သုံးသပ်တယ်။"

ဒါ့အပြင် ပညာရေး ဥပဒေ ပြင်ဆင်ရေး တောင်းဆိုနေကြတဲ့ လက်ရှိ ကျောင်းသားများ သမဂ္ဂ နဲ့ ဆရာ ဆရာမများ အဖွဲ့တွေနဲ့ အပြိုင် ဖွဲ့စည်းလာတဲ့ ကိစ္စကလည်း အာဏာပိုင်တို့ရဲ့ ရိုးသားမှု မရှိတဲ့ လုပ်ရပ် ဆိုပြီးတော့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကပြောဆိုပါတယ်။

XS
SM
MD
LG