သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA စာချုပ် အားလုံးပါဝင်မှ KIO လက်မှတ်ထိုးဖို့ ကချင်လူမှုအဖွဲ့တွေ တိုက်တွန်း


တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင် လက်မှတ်ရေးထိုးမှသာ KIO ကချင်-လွတ်လပ်ရေးအဖွဲ့ အနေနဲ့လဲ လက်မှတ်ထိုးသင့်တယ်လို့ ကချင်လူမှုအဖွဲ့အစည်းတွေက တောင်းဆို လိုက်ကြပါတယ်။ ဒီလိုတောင်းဆိုမှုပေါ်မှာ KIO ဖက်ကလဲ သုံးသပ်စဉ်းစားနေပုံ ရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ စစ်ဖက်ဆိုင်ရာ အရာရှိ တွေက ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

NCA အပစ်ရပ်စာချုပ်ကို လက်မှတ်လာထိုးကြဖို့ သြဂုတ်လ(၁၁)ရက် နေ့စွဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်(၁၅)ဖွဲ့ကို သမ္မတ ဦးသိန်းစိန်က စာပို့ပြီး ဖိတ်ခေါ်ခဲ့တာပါ။ အခုအချိန်ထိတော့ KNU ကရင်အမျိုးသားအစည်းအရုံးအပါအဝင် DKBA ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် KPC ကရင်ငြိမ်းချမ်းရေးကောင်စီ နဲ့ SSA/CRSS သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ စတဲ့တပ်ဖွဲ့တွေက တဖွဲ့ချင်းအလိုက် အစိုးရနဲ့ သဘောတူလက်မှတ် ရေးထိုးသွားမယ်လို့ ကြေညာ လိုက်ပါပြီ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF အနေနဲ့လဲ NCA စာချုပ်ကို လက်မှတ်ရေးထိုးသွားနိုင်ဖို့ ကြိုးစားသွားမယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။

ဒီလိုအခြေနေမျိုးမှာ အင်အားကြီး လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ကရော NCA စာချုပ်ကို အစိုးရနဲ့ သဘောတူ လက်မှတ်ရေးထိုးမှာလားဆိုတာ အများက စောင့်ကြည့်နေပါတယ်။ NCA စာချုပ်ကို လက်မှတ်ထိုးသင့် မထိုးသင့်ဆိုတဲ့ကိစ္စကို ဆုံးဖြတ်နိုင်ဖို့ KIO အဖွဲ့က သူ့ရဲ့လိုင်ဇာမြို့ဌာနချုပ်မှာ သြဂုတ်လ(၁၇ နဲ့ ၁၈) နှစ်ရက်ကြာ လူထုဆွေးနွေးပွဲ လုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ကချင်လူထု ကိုယ်စားပြု အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတာပါ။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံး ပါဝင်လက်မှတ်ရေးထိုးမှသာ KIO ကလည်း NCA စာချုပ်ကို လက်မှတ်ရေးထိုးသင့်တယ်လို့ သူတို့ ကချင်လူထုကိုယ်စားပြု အရပ်ဖက်အဖွဲ့အစည်းတွေက လိုင်ဇာဆွေးနွေးပွဲမှာ တိုက်တွန်းအကြံပြုထားကြောင်း အဲဒီဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ကချင်ငြိမ်းချမ်းရေး ကွန်ယက် တာဝန်ခံ ဒေါ်ခွန်ဂျာက ပြောပါတယ်။

“နံပတ်၁ ကတော့ All Inclusive ပေါ့နော်။ အားလုံးပါဝင်မယ်ဆိုရင် လက်မှတ်ထိုးပါပေါ့။ အားလုံးပါဝင်မယ်လို့ပြောရင် ပလောင်တို့ ၊ ပြီးလို့ရှင်ရင် NNDAA ကိုးကန့်တို့ ရှိသမျှ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ပါဝင်ဖို့ပါ။အကုန်လုံးထိုးမယ်ဆိုရင်တော့ ထိုးပါပေါ့။ ဘာဖြစ်လို့လဲဆိုရင်တော့ လောခီးလာ Statement ရယ်၊ UNFC၊ NCCT Statement တွေရယ် အကုန်လုံးကို ကြည့်မယ်ဆိုရင်လည်း အားလုံးအတူတကွလက်မှတ်ထိုးဖို့ဘဲ။ ဒီလောက်နှစ်ရှည်လများ ကြိုးစားခဲ့ရတာဖြစ်တဲ့အတွက်ကြောင့် မှုလလမ်းကြောင်းအတိုင်းဘဲ လုပ်ပါလို့ ကျမတို့တိုက်တွန်းထားပါတယ်။ ဒုတိယတချက်ကတော့ ပြည်သူလူထု အကြံပြုတာတွေကိုလည်း ထည့်သွင်းစဉ်းစားပေးရပါမယ်လို့ ကျမတို့ တောင်းဆိုထားပါတယ်ရှင့်။”

NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်မှလဲ အဓိပ္ပါယ်ရှိမယ်လို့ ဒေါ်ခွန်ဂျာက ထောက်ပြပါတယ်။

“အားလုံးပါဝင်မှလက်မှတ်ထိုးပါဆိုတာက ကချင်ပြည်သူတွေဘဲတောင်းဆိုထားတာမဟုတ်ဘူးရှင့်။ ဒါကတနိုင်ငံလုံးမှာရှိတဲ့ ဒီလူမှုအဖွဲ့အစည်းများရဲ့ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ အဲဒီကော်မတီကနေလည်း အားလုံးပါဝင်မှထိုးပါဆိုပြီးတော့ ၁၇ ရက် date နဲ့ statement ထုတ်လိုက်တာ တွေ့ပါလိမ့်မယ်။ ဒါ ကချင်ပြည်သူတွေတောင်းဆိုတာမဟုတ်ဘူး။ မြန်မာနိုင်ငံသားများတောင်းဆိုတာဖြစ်တယ်။ အားလုံးမပါရင် မထိုးပါနဲ့။ ဘာဖြစ်လို့လဲဆိုရင်တော့ တအောင်း၊ ပလောင် PNLA ရှိတဲ့နေရာဟာ ၂၀၁၃ ခုနှစ်ကတည်းကနေပြီးတော့မှ တိုက်ခဲ့သမျှ တိုက်ပွဲအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းက အဲဒီနေရာမှာတိုက်တာဖြစ်ပါတယ်။ အဲတော့ PNLA လိုမျိုးအဖွဲ့တွေမပါဝင်ဘဲနဲ့ လက်မှတ်ရေးထိုးမယ်ဆိုရင် ဘယ်သူ့အပစ်အခက်ရပ်စဲရေးမှ အဓိပ္ဗါယ်မရှိပါဘူး။”

ဒီလိုအကြံပြုချက်တွေနဲ့ပတ်သက်လို့ KIO ခေါင်းဆောင်တွေရဲ့သဘောဆန္ဒကိုသိရအောင် မေးမြန်းဖို့ VOA ကဆက်သွယ်ခဲ့ပေမယ့် လောလောဆယ် အဆက်သွယ်မရခဲ့ပါဘူး။ KIO ဗဟိုက သူတို့ကို ပြန်လည်ရှင်းပြခဲ့တာနဲ့ပတ်သက်လို့ ဒေါ်ခွန်ဂျာက ခုလိုရှင်းပြပါတယ်။

“KIO ကတော့ ကျမတို့ ပြည်သူလူထုရဲ့ အကြံပြုချက်များကို ကောက်ယူသွားတာရှိပါတယ်။ ပြီးလို့ရှင်ရင်တော့ ဒီဥစ္စာကို Senior Delegation team နဲ့ ထက်မံတွေ့ဆုံပြီးတော့မှ ထက်မံဆွေးနွေးဖို့အတွက်ရှိပါတယ်။ပြီးလို့ရှင်ရင်တော့ နေပြည်တော်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီရဲ့ကိုယ်စား နိုင်ငံတော်သမ္မတနဲ့တွေ့ဆုံပြီးတော့မှ အားလုံးပါဝင်ပြီး လက်မှတ်ထိုးဖို့အတွက် ထက်မံပြီးတော့မှ ညှိနှိုင်းဆွေးနွေးမယ်လို့ သိရပါတယ်ရှင့်။”

ကချင်လူထုအဖွဲ့အစည်းတွေရဲ့အကြံပြုချက်တွေကို KIO ခေါင်းဆောင်တွေက အလေးနက်ထား စဉ်းစားသွား မယ်လို့ သူယုံကြည်ကြောင်း KIA စစ်ဖက်အရာရှိ ဗိုလ်မှူးကြီး ဇော်ဂေါင်က ပြောပါတယ်။

“KIO အနေနဲ့ ပြည်သူလူထုရဲ့အသံကိုလည်း နားထောင်ပြီးမှပဲ လုပ်မယ်ဆိုရင်လည်း ကျနော်တို့က အဲလိုပဲထင်တယ်။ အခုဒီ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေ အပေါ်မှာ သုံးသပ်ပြီးမှ ထိုးဖြစ်ရင် ထိုးမယ်ထင်တယ်။ မထိုးဖြစ်ရင် မထိုးဘူးထင်တယ်။ အဲသလိုဘဲ ဆုံးဖြတ်ချက်ကြတယ်။”

ကချင် KIO အဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါတဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ SD နဲ့ အခု သီတင်းပတ်ကုန် ထိုင်းနိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးသွားကြဖို့ စီစဉ်ထားပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ရာမှာ 'ဝ' အမျိုးသားအဖွဲ့ချုပ် WNO ၊ ရခိုင်အမျိုးသား ကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ LDU ၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး TNLA ၊ ကိုးကန့်တပ်ဖွဲ့ွ့ MNDAA နဲ့ ရခိုင်တပ်မ တော် AA တို့ကို မြန်မာအစိုးရက ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG