သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ILO အရေးယူမှု ရပ်ဆိုင်းခြင်း ဒေါ်စု ကြိုဆို


မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှှုတွေ ပိုမို ဖြစ်ထွန်းလာစေဖို့အတွက် နိုင်ငံတကာက ကူညီ ထောက်ပံ့ကြဖို့နဲ့ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ကြဖို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၁၀၁ ကြိမ်မြောက် ILO နိုင်ငံတကာ အလုပ်သမား ညီလာခံမှာ ပြောကြားလိုက်ပါတယ်။

မနေ့က အစည်းအဝေးမှာ မြန်မာနိုင်ငံအပေါ် နည်းပညာပိုင်းနဲ့ တခြားအကူအညီပေးမှု ကန့်သတ် ထားချက် တွေကို ILO က ပြန်လည် ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်တဲ့ အပြင် ဒါဟာ မြန်မာနိုင်ငံအတွက် မကြုံစဖူး အခွင့်အရေး တရပ်ဖြစ်ကြောင်း ဒီကနေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ စီးပွါးရေး ဖွံ့ဖြိုး တိုးတက်မှုတွေ ဖြစ်လာစေဖို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားတဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေနဲ့အတူ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုတွေ အတွက် ဒါဟာမကြုံစဖူး အခွင့်ရေ တရပ်ပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

ဒါ့အပြင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာအစိုးရအနေနဲ့ နှစ်ပေါင်းများစွာ အထီးကျန် ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံထဲက အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို အကာကွယ် ပေးနိုင်တဲ့ ပြောင်းလဲမှုတွေကိုပါ ဆက်လုပ် စေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက် မြန်မာနိုင်ငံမှာ ILO ရုံးဖွင့်ပြီး အလုပ်သမား ရပိုင်ခွင့်တွေအတွက် ကျိုးပမ်းနေတာကို ဝမ်းသာကြောင်းနဲ့ မြန်မာနိုင်ငံမှာ အဓမ္မလုပ်အား ခိုင်းစေမှုတွေနဲ့ ကလေးစစ်သား စုဆောင်းမှုတွေ ဆက်ပြီး ရှိနေသေးတယ်လို့ လည်းပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အရေးနဲ့ ပါတ်သက်ပြီးလည်း သူတို့ဟာ အခွင့်ရေး ချိုးဖေါက်မှု ဆိုးဆိုးဝါးဝါး ခံနေရပြီး ဒါဟာ မြန်မာဘက်ကရော ထိုင်းဘက်ကပါ ဥပဒေကို မလိုက်နာတာကြောင့် ဆိုတာ တွေ့ရတာမို့ ILO အနေနဲ့ ထိုင်းက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အရေးကို အရေးယူ ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့ လိုအပ်နေသလို ပညာရေး၊ လူမှုရေးနဲ့ စီးပွါးရေးကအစ တစစ တိုးတက်လာအောင် ဝိုင်းဝန်း ကူညီကြဖို့လည်း ပန်ကြားခဲ့ပါတယ်။

ILO ညီလာခံမှာ မိန့်ခွန်းလာရောက်ပြောကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပန်းတွေနဲ့ ကြိုဆိုခဲ့ကြသလို အစည်းဝေး ခန်းမထဲမှာလည်း အချိန်အတော်ကြာ မတ်တတ်ရပ် လက်ခုတ်တီး သြဘာပေးပြီး ဂုဏ်ပြုချီးမြှင့် ခဲ့ကြပါတယ်။

XS
SM
MD
LG