သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုအသွင်ဆောင်တဲ့ လွှတ်တော်ဖြစ်ဖို့ ဒေါ်စုမျှော်လင့်


ဒေါ်စု သတင်းမီဒီယာများနှင့် ဒီကနေ့ တွေ့ဆုံစဉ်
ဒေါ်စု သတင်းမီဒီယာများနှင့် ဒီကနေ့ တွေ့ဆုံစဉ်

လွှတ်တော်အကြီးအကဲတွေကို အဆိုပြု ရွေးချယ်ရာမှာ အမျိုးသားရင်ကြားစေ့ရေး အသွင်ဆောင်စေဖို့ စဉ်းစား ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီလို အဆိုပြုချက်တွေအပေါ်မှာ လွှတ်တော်တွင်းက အခြားပါတီ အစုအဖွဲ့တွေဘက်က ပူးပေါင်းဆောင်ရွက်တဲ့အပေါ်မှာ ဝမ်းမြောက် ကျေးဇူးတင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ ကိုသားညွန့်ဦး ဆက်ပြီး တင်ဆက်ပေးမှာပါ။

လွှတ်တော်နှစ်ရပ်ရဲ့ အကြီးအကဲနေရာတွေအတွက် ရွေးချယ်တဲ့နေရာမှာ NLD အနေနဲ့ ဘယ်လို စဉ်းစား ဆုံးဖြတ်ခဲ့သလဲဆိုတာကို အမျိုးသား လွှတ်တော် အစည်းအဝေးတွေအပြီး နေပြည်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားတာပါ။ အခု လွှတ်တော်ကို အမျိုးသားရင်ကြားစေ့ရေး အသွင်ဆောင်တဲ့ လွှတ်တော်ဖြစ်လာဖို့ မျှော်လင့် ထားတဲ့အတွက် လူနည်းစု တိုင်းရင်းသားတွေကို ဦးစားပေး ရွေးချယ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ဒီ လွှတ်တော် ဥက္ကဋ္ဌတို့ ၊ ဒု-ဥက္ကဋ္ဌ တို့ကို ရွေးတဲ့နေရာမှာ ပြည်ထောင်စုအသွင်၊ အမျိုးသားရင်ကြားစေ့ရေး အသွင်ကို ဆောင်စေချင်တယ်။ အဲဒါ အန်တီတို့ ဒီလွှတ်တော်ကရွေးလိုက်တဲ့ ပုဂ္ဂိုလ်တွေက ဒီအသွင်ဆောင်တယ်လို့ အန်တီမြင်တယ်။”

ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌ အဖြစ် NLD ရဲ့ ဝါ့ရင့်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဝင်းမြင့်ကို ရွေးချယ်ခဲ့သလို၊ ဒု ဥက္ကဋ္ဌ အဖြစ် ကြံ့ခိုင်ရေးပါတီက ဦးတီခွန်မြတ်ကို ရွေးချယ်ခဲ့ရာမှာ ပြည်သူ့လွှတ်တော်တွင်း ဒုတိယ အင်အားအကြီးဆုံး ပါတီကဖြစ်သလို၊ တိုင်းရင်းသား တဦးလည်းဖြစ် ဥပဒေ ပညာရှင်တဦးလည်း ဖြစ်တာကြောင့် ရွေးချယ်ခဲ့ရတာလို့ ပြောပါတယ်။ အမျိုးသားလွှတ်တော်မှာတော့ ဥက္ကဋ္ဌ အဖြစ် NLD ပါတီတွင်းက တိုင်းရင်းသားဖြစ်သူ မန်းဝင်းခိုင်းသန်း ကိုရွေးခဲ့သလို၊ ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင်ကို ဒုဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခဲ့တဲ့ စဉ်းစားချက်ကိုလည်း ရှင်းပြသွားပါတယ်။

“ဦးအေးသာအောင်က ရခိုင်ပါတီက ခေါင်းဆောင်တဦးတင်မက အန်တီတို့နဲ့ နှစ်ပေါင်းများစွာတွဲခဲ့တဲ့ မဟာမိတ် တယောက်ဖြစ်တယ်။ အန်တီ ခဏခဏ ပြောတယ် အန်တီတို့ပါတီ အကျပ်အတည်းရောက်နေတဲ့အချိန်မှာ သိပ်ရုန်းကန်နေရတဲ့အချိန်မှာ အန်တီတို့ကို ဝန်းရံထားတာက တိုင်းရင်းသား ပါတီတွေပဲ။ အဲဒီအထဲမှာ ဦးအေးသာအောင်တို့ ALD ပါတယ်၊ ဇိုမီး အဖွဲ့ပါတယ်။ ဦးခွန်ထွန်းဦးတို့ရဲ့ SNLD ပါတယ်။ အဲတော့ အန်တီတို့ ဒီမဟာမိတ်တွေရဲ့ကျေးဇူးကို မမေ့ဘူး။ နောက်ပြီးတော့ အန်တီတို့ အချင်းချင်းကြားမှာလည်း နားလည်မှုက အပြည့်အဝရှိတယ်။ ဒါကြောင့်မို့လို့ ဦးအေးသာအောင်က သင့်တော်မယ်ဆိုပြီးတော့ အန်တီတို့ ဒီလို အဆိုပြုတာ။”

NLD ပါတီရဲ့ လွှတ်တော်အကြီးအကဲတွေကို အဆိုပြုခဲ့ရာမှာ အတိုက်အခံလုပ်တာမရှိပဲ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ လွှတ်တော်အတွင်း အခြားနိုင်ငံရေးပါတီတွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေအတွက် ဝမ်းမြောက်ကျေးဇူးတင်စကားကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ ဒါဟာ အခု လွှတ်တော်သစ်အခင်းအကျင်းအတွက် ကောင်းသော နိမိတ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သုံးနှုန်းပြောပါတယ်။ လွှတ်တော်အကြီးအကဲ တာဝန်တွေကို ရွေးခြယ်ရာမှာ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဖြစ်သူ ကြံခိုင်ရေးပါတီက ဦးတီခွန်မြတ်ကို ရွေးချယ်တဲ့အပေါ် ဝေဖန်မှုအချို့ပေါ်ထွက်ခဲ့သလို၊ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်ကို ရွေးချယ်မှုပိုင်းမှာလည်း ရခိုင်အမျိုးသားပါတီတွင်းက ဝေဖန်မှုအချို့ထွက်ပေါ်ခဲ့ပါတယ်။ ဒါတွေအပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဖက်က တစုံတရာ တုန့်ပြန်ဖြေရှင်းတာမတွေ့ရပါဘူး။

XS
SM
MD
LG