သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနာဂတ်အတွက် အတိတ်ကို အာဃာတ မထားဖို့ ဒေါ်စု တိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည် အထက်မြန်မာပြည် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ။ သတင်းဓာတ်ပုံ- NLD Chairperson။
ဒေါ်အောင်ဆန်းစုကြည် အထက်မြန်မာပြည် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ။ သတင်းဓာတ်ပုံ- NLD Chairperson။

အဖွဲ့ချုပ်အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို အောင်မြင်အောင် လုပ်ဆောင် မှာဖြစ် သလို၊ အနာဂတ်ကို တည်ဆောက်တဲ့အခါ အာဃာတ ထားဖို့မဟုတ်ပဲ အတိတ် ကို သင်ခန်းစာယူပြီး အများပြည်သူအတွက် ဆောင်ရွက်ကြဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရ NLD အမတ်တွေ ကို ပြောဆိုလိုက်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အထက်မြန်မာပြည်က လွှတ်တော်အမတ်တွေနဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ၊ နာယက ဦးဆောင်တဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ ပျဉ်းမနားမြို့မှာ တွေ့ဆုံချိန် ပြောဆိုလိုက်တာပါ။ အသေးစိတ် မဆုမွန် တင်ပြပေးထားပါတယ်။

ဒီကနေ့ စနေနေ့ ဒီဇင်ဘာလ ၅ရက်နေ့မှာ နေပြည်တော် ပျဉ်းမနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အဖွဲ့ချုပ် နာယက ဦးတင်ဦး တို့ဟာ အထက်မြန်မာပြည်တဝှမ်းက ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး ကို အောင်မြင်အောင် လုပ်ဆောင်မှာဖြစ်ကြောင်း ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေကို အဓိက တိုက်တွန်းပြောဆိုခဲ့ တယ်လို့ တွေ့ဆုံပွဲမှာ ကိုယ်တိုင် ဦးဆောင် ပါဝင်ခဲ့သူ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်ဦးဝင်းမြင့်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

" အမျိုးသားရင်ကြားစေ့ရေးကို အောင်မြင်အောင် လုပ်မယ်တဲ့။ အတိတ်ဆိုတာ သင်္ခန်းစာယူဖို့တဲ့။ အနာဂတ်ကို တည်ဆောက်တဲ့အခါမှာ သင်္ခန်းစာယူဖို့။ အာဃာတ ထားဖို့ နောက်ကြာင်းပြန်ပြီး အပြစ်ယူဖို့လည်း မဟုတ်ဘူးတဲ့။ အများပြည်သူ ကို စေတနာ၊ မေတ္တာ၊ ဂရုဏာ ထားရမယ်တဲ့။ ကိုယ်စားလှယ်တွေကို မဲဆန္ဒရှင်တွေ မိဘပြည်သူတွေက မဲပေးထားတာက နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတွေ အကျိုးစီးပွားအတွက် မဲပေးထားတာတဲ့။ အဲ့တာကြောင့် နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတွေအပေါ်မှာ သစ္စာထားရမယ်တဲ့။ နိုင်ငံရဲ့အကျိုးအတွက် လုပ်ဖို့က အဓိက ဖြစ်တယ်တဲ့။ အဲ့တာကိုလည်း ပြောပါတယ်။ အဓိက အချက်လေးတွေပေါ့နော်။

နောက်တခုကတော့ ဘာလဲဆိုတော့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် စစ်မှန်တဲ့ ပင်လုံစိတ်ဓာတ်တွေ ထားကြရမယ်တဲ့။ ဒီနေ့ပြောတဲ့ ဟာပေါ့နော်။ ပြည်နယ် တိုင်းတွေက အထက်မြန်မာပြည်က လာတဲ့ ပြည်နယ်၊ တိုင်း ကိုယ်စားလှယ်တွေ ပြောတဲ့ဟာပေါ့။ နောက်တခါ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု ခိုင်ခိုင်မြဲမြဲ အုတ်မြစ်ချခဲ့ဖို့ တာဝန်ရှိတယ်တဲ့။ နောက်တခါ ငြိမ်းချမ်းရေးရဖို့ အပြန်အလှန် နားလည်မှုတွေ ရှိရမယ်။ အပြန်အလှန် လေးစားမှုတွေရှိရမယ်။ အပြန်အလှန် ယုံကြည်မှုတွေလည်း ရှိရမယ်တဲ့။ ပြည်တွင်း ငြိမ်းချမ်းရေး ရမှလည်း စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံကို အပြည့်အဝရမှာတဲ့ အဲ့တာပြောပါတယ်။

ဒီနေ့က မနက်ပိုင်းက မန္တလေးနဲ့ စစ်ကိုင်းတိုင်း တွေ့တယ်။ ညနေကျတော့ မကွေးရယ်။ ကချင်ရယ် ကယားရယ် ချင်းရယ် ရှမ်းရယ် အဲ့ဒီ့က ကိုယ်စားလှယ်တွေတွေ့တယ်။ ပြည်သူတွေက မဲပေးရွေးချယ်တင်မြောက်တဲ့ ကိုယ်စားလှယ်တွေနဲ့ပတ်သက်လို့ ဒါ အားလုံး ပြည်နယ် တိုင်း စုံသွားပြီလေ။ နောက်အစီအစဉ်ကတော့ လောလောဆယ် ကျနော် ဘာမှ မသိသေးဘူး။"

အဖွဲ့ချုပ် နာယကဦးတင်ဦးကလည်း အခုလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ မှာ အပြတ်အသတ် အနိုင်ရခဲ့တာဟာ အဖွဲ့ချုပ် စတင် တည်ထောင်ချိန်ကစလို့ မြန်မာနိုင်ငံတွင်း စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားအောင် ခိုင်မာတဲ့မူဘောင်တွေ ချမှတ်ခဲ့ကြတဲ့ ပါတီ ခေါင်းဆောင်တွေရဲ့ စွမ်းဆောင်မှု ကို ပြည်သူ က အသိအမှတ်ပြုတာဖြစ်လို့ မြန်မာပြည်သူတွေရဲ့ မွေးရာပါ ဒီမိုကရေစီကို ပြည်သူ လက်ဝယ်ပြန်ရောက်အောင် စွမ်းဆောင်ပေးကြဖို့ကိုလည်း အနိုင်ရပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းပြောဆိုပါတယ်။

" ပြည်သူလူထုတရပ်လုံးကို အလုပ်အကျွေးပြုဖို့အတွက် တာဝန်ပေးတဲ့ သဘောတရားကို အလေးအနက် ပြောကြားပြီးဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ဆက် လုပ်ရမယ့် လုပ်ငန်းတွေမှာ အဆင့်ဆင့် အဆင့်ဆင့်။ ၁၉၉၀၊ ကြားဖြတ်ရွေးကောက်ပွဲ၊ ဒီနေ့ ၂၀၁၅ခု ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ရက်နေ့ အောင်ပွဲ ရခဲ့ပြီး ဖြစ်ပါတယ်။ သို့သော် ဒီအောင်ပွဲသည် အောင်ပွဲ ရနေပြီလို့တော့ မဆိုနိုင်သေးဘူး။ တတိုင်းတပြည်လုံးမှာ ရှိတဲ့ တိုင်းရင်းသားပြည်သူလူထု အားလုံး ခံစား စံစားနိုင်အောင် လုပ်နိုင်မှ လုပ်ပေးနိုင်မှသာလျင် တကယ် အောင်မြင်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

လွတ်လပ်ရေးရတယ်။ ဒါပေမဲ့ လူတွေမှာ လွတ်လပ်ရေးနဲ့ထိုက်တန်အောင် မခံစားရသေးဘူး။ မလုံခြုံဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒုတိယ လွတ်လပ်ရေးလို့တောင် ကင်ပွန်းတပ်ခဲ့တာရှိပါတယ်။ အလားတူပဲ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ရှိရင်လည်း ပြည်သူလူထုရဲ့ မွေးရာပါ ပိုင်ဆိုင်ရမယ့် ဒီမိုကရေစီကို ပြည်သူလူထုရဲ့လက်ဝယ်ပိုင်ဆိုင်နိုင်အောင် လုပ်ဆောင်ပေးဖို့အတွက် ဆန္ဒပြင်းပြခဲ့ပါတယ်။"

ဒါ့အပြင် လွှတ်တော်တွင်းမှာ နိုင်ငံတာဝန် ထမ်းဆောင်ရတော့မယ့် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ အဖွဲ့ချုပ်ရဲ့သမိုင်း၊ စည်းမျဉ်းစည်းကမ်း မူဝါဒတွေ နိုင်ငံက ထုတ်ပြန်တဲ့ ဥပဒေ၊ မူဝါဒတွေ ကို ကျေညက်အောင် လေ့လာ ထားရမယ် ဆိုတာကိုလည်း NLD နာယက ဦးတင်ဦးဘက်က လွှတ်တော် အမတ်တွေကို လေးလေးနက်နက် သတိပေး ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေအပေါ် သူမအနေနဲ့ ပါတီကိုကြည့်ပြီး အလံကိုကြည့်ပြီး မဲပေးပါလို့ ပြည်သူလူထုကို ကတိပေးခဲ့တဲ့ အတွက် လွှတ်တော် ကိုယ်စားလှယ်တွေ လုပ်တာကိုင်တာ အားမရတာ မသင့်တော်တာ ရှိခဲ့ရင် သူမကိုယ်တိုင် အရေးယူမှာဖြစ်တယ်ဆိုတယ်ကိုလည်း လွှတ်တော် ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံချိန် ပြင်းပြင်းထန်ထန် သတိပေးစကားပြောကြားခဲ့ပါတယ်။

ဒီကနေ့ကတော့ ပျဉ်းမနားမြို့ မေခန်းမမှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ် စတဲ့ အထက်မြန်မာပြည်တဝှမ်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်အမတ်တွေနဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်း ကလည်း အောက်မြန်မာပြည် အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ခေါ်ယူတွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။

XS
SM
MD
LG