သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ အရပ်သား ဝန်ကြီးသစ်တွေ တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးသစ်တွေ တွေ့ဆုံ။ (သတင်းဓာတ်ပုံ- NLD Chairperson)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးသစ်တွေ တွေ့ဆုံ။ (သတင်းဓာတ်ပုံ- NLD Chairperson)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် အစိုးရသစ် မှာ ဦးဆောင် ပါဝင်မယ့် အရပ်ဖက်ဝန်ကြီးတွေကို ဒီကနေ့ နေပြည်တော် မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးဌာနအလိုက် လာမယ့် သုံးလ၊ ခြောက်လ အတွင်း ဘာတွေ ဘယ်လို အထူးပြုဆောင်ရွက်မလဲဆိုတာကို ပြင်ဆင်ထားကြဖို့ အဓိက မှာကြားတာ လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကတော့ အစိုးရ အဖွဲ့သစ်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်သားဝန်ကြီးတွေ တွေ့ဆုံခဲ့တာ နဲ့ ပတ်သက်လို့ ပါဝင်ခဲ့သူဖြစ်တဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီး လျာထားခံရသူ ဒေါက်တာသန်းမြင့်ကို ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာသန်းမြင့် ။ ။ ကြိုးစားပမ်းစားလုပ်ဖို့ပေါ့ဗျာ။ နောက်တခါ တက်လာတဲ့ အစိုးရကို လူထုက မျှော်လင့်ချက်ကြီးတဲ့အခါကျတော့ လူထုရဲ့လိုအပ်ချက်ကို အထိရောက်ဆုံးနဲ့ ဦးစားပေးလုပ်ဖို့ပေါ့ဗျာ။ မကြာခင်အတွင်း ကျနော်တို့က သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ ဌာနအကြီးအကဲတွေနဲ့ သွားပြီးတော့ တွေ့ပြီးတော့ သူတို့ဆီက ဘာတွေ လုပ်ထားသလဲ။ အဲ့ဒီ့အပေါ်မှာ ကိုယ်က ဘယ်လိုပေါင်းစပ်ပြီးတော့ ပရိုဂရမ် ၃လပတ်၊ ခြောက်လပတ် ၊ တစ်နှစ် စသည်ဖြင့်ပေါ့။ အဲ့တာကို ဆွဲပြီးတော့ လုပ်ကိုင်ကြဖို့ပေါ့။ ဥပမာ ဆိုရင် သဘာဝဘေးရန်ကျလို့ရှိရင် သူတို့ရေးဆွဲထားတယ် ကောင်းအောင် ရေးဆွဲ ထားတယ် ဆိုရင် ဒါတွေကို ကိုယ်က ကောင်းအောင် ဘယ်လိုထပ်ပြီးတော့ လုပ်ဖို့ ယေဘူယျသဘောပဲဗျ။

ဒေါ်စုနဲ့ဝန်ကြီးသစ်တွေ တွေ့
ဒေါ်စုနဲ့ဝန်ကြီးသစ်တွေ တွေ့

ကိုသားညွန့်ဦး ။ ။ သူရဦးအောင်ကိုတို့ ဦးသိန်းဆွေတို့လည်း ပါတယ်လို့ တွေ့ရတယ်။

ဒေါက်တာသန်းမြင့် ။ ။ ပါပါတယ်။ သူတို့လည်း ပါပါတယ်။ Friendly တယောက်နဲ့ တယောက် သိအောင် လုပ်တဲ့သဘောပါပဲ။ ဥက္ကဋ္ဌက သူ လိုအပ်တဲ့ဟာလေးတွေ ပြောဆို ဆွေးနွေးတာပါပဲ။

ကိုသားညွန့်ဦး ။ ။ အခုက ဝန်ကြီးဌာန အလွှဲအပြောင်းတွေ လုပ်တော့မယ်ဆိုတော့ တခြားသူတို့ ဝန်ကြီးဌာန အဟောင်းတွေ နဲ့တွေ့ဆုံဖို့ လေ့လာဖို့ အဲ့ဒီ့အစီအစဉ်တွေရော ရှိလား။

ဒေါက်တာသန်းမြင့်။ ။ သက်ဆိုင်ရာဝန်ကြီးဌာနကို သွားမယ်ဗျာ။ ဒါပေမဲ့ ဘယ်နေ့ သတ်မှတ်ထားလဲတော့ မသိသေးဘူး။ အပြောင်းအလဲကိစ္စမှာ သူတို့ အပြောင်းအလဲ လုပ်မယ့် လုပ်ငန်းစဉ်လေးကို ပြောပြတာပေါ့။ ဝန်ကြီးက မတွေ့လည်း သက်ဆိုင်ရာ Senior Officers တွေ သို့မဟုတ် သူတို့ လောလောဆည် ဘာတွေ လုပ်ကိုင်ထားလဲ စကိုင်တော့မယ့် Plans အစီအစဉ်တွေကတော့ ရှိတော့ရှိတာပေါ့နော်။ စီမံချက်တွေတော့ရှိတာပေါ့။ သူတို့ရဲ့ အရေးပေါ် သုံးလ၊ ခြောက်လ တစ်နှစ်စသည့်ဖြင့် ဘယ်လိုဟာ ကျနော်တို့က Crisis ရေကြီးမိုးခေါင် ဘယ်လိုလုပ်ကြမလဲ စသည်ဖြင့် ဒါတွေကိုလည်း ဌာနဆိုင်ရာတွေမှာ လုပ်ထားတာတွေရှိပါတယ်။

ကိုသားညွန့်ဦး။ ။ စီးပွားကူးသန်းနဲ့ပတ်သက်လို့ ဒေါက်တာသန်းမြင့်အနေနဲ့ တခြားကိုယ့်ရည်မှန်းထားတာ ဘာတွေများ ထူးထူးခြားခြား ပြုပြင်ပြောင်းလဲမှုတွေ ဘာတွေ ဆောင်ရွက်ဖို့ ရည်မှန်းချက်ရော ရှိပါလားခင်ဗျ။ ဘယ်လိုစဉ်းစားထားလဲခင်ဗျ။

ဒေါက်တာသန်းမြင့်။ ။ ကိုယ်ကိုတိုင် အတွေ့အကြုံအရ လက်ရှိလုပ်တာတွေရယ် အိုင်ဒီယာတွေတော့ရှိတာပေါ့ဗျာ။ ဒါပေမဲ့ အခုတော့ ကျနော်တို့ မဆွေးနွေးချင်သေးဘူး။ ကျနော် လျှို့ဝှက်တာတော့ မဟုတ်ပါဘူး။ ဒါ ယေဘူယျသဘောအားဖြင့်တော့ ဒါ ကောင်းအောင်လုပ်ကြမယ့်သဘောပါပဲ ဒီနေ့ကိစ္စကတော့ ကျနော်တို့က ပေါ့ပေါ့ပါးပါးနဲ့ စပြီးတော့ ဒီလို တခါမှ မဆုံတွေ့ကြရသေးဘူးလေ ဒီသဘောတရားပါပဲ။

ကိုသားညွန့်ဦး။ ။ သမ္မတအဖြစ် လျာထားခံရတဲ့ဦးထင်ကျော်တို့ရော တက်ပါလားခင်ဗျ။

ဒေါက်တာသန်းမြင့်။ ။ မတက်ပါဘူး။ ဥက္ကဋ္ဌ (ဒေါ်အောင်ဆန်းစုကြည်) က တွေ့တာပါ။ ကျနော်တို့က အဆိုပြုတဲ့သူတွေက တယောက်ကိုတယောက် မတွေ့ကြရသေးဘူးလေ။ မြို့တော်က သူ သုံးလေးငါးယောက်လောက်တော့ တွေ့တာပေါ့။ ကျန်တဲ့သူတွေက မတွေ့ရသေးတော့ စုပြီးတော့ တွေ့တဲ့သဘောပါ။

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီး လျာထားခံရသူ ဒေါက်တာသန်းမြင့်ကို ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်း ထားတာဖြစ်ပါတယ်။

XS
SM
MD
LG