သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနေ့ အမေရိကန်သံအမတ်ရဲ့ အမြင်


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell မန္တလေးမြို့မှာ ရွေးကောက်ပွဲမဲပေးမှုအခြေအနေ သွားရောက်ကြည့်ရှုစဉ်။ (နိုဝင်ဘာ ၈၊ ၂၀၁၅၊ ဓာတ်ပုံ - ရန်ကုန်အမေရိကန်သံရုံး)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell မန္တလေးမြို့မှာ ရွေးကောက်ပွဲမဲပေးမှုအခြေအနေ သွားရောက်ကြည့်ရှုစဉ်။ (နိုဝင်ဘာ ၈၊ ၂၀၁၅၊ ဓာတ်ပုံ - ရန်ကုန်အမေရိကန်သံရုံး)

၁၉၉၀ နောက်ပိုင်း အပွင့်လင်းဆုံးနဲ့ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲလို့ဆိုရမယ့် ဒီကနေ့ ကျင်းပတဲ့လွှတ်တော်ရွေးကောက်ပွဲတွေမှာတော့ နိုင်ငံတကာသံတမန်တွေ ရွေးကောက်ပွဲစောင့်ကြည့်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဟာလည်း ဒီကနေ့မှာ တောင်ကြီးနဲ့ မန္တလေးမြို့တို့က မဲရုံတွေကို သွားပြီးတော့ စောင့်ကြည့်ခဲ့ပါတယ်။ မန္တလေးကိုအရောက် အမေရိကန်သံအမတ်ကြီး Derek Mitchell က သတင်းထောက်တွေကို အခု ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အခုလို မှတ်ချက်ပေး ပြောဆိုသွားပါတယ်။

“အခု အချိန်ကတော့ တကယ်ကို ထူးခြားတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ ဒီအခိုက်အတန့်က နိုင်ငံရေးသမားတွေအတွက် မဟုတ်ပါဘူး။ တချို့လူတွေက ရွေးကောက်ပွဲနေ့ဆိုတာ နိုင်ငံရေးသမားတွေအတွက်လို့ ထင်ကြပါတယ်။ အဲဒါ မဟုတ်ပါဘူး။ ဒါက ပြည်သူလူထုအတွက် ဖြစ်ပါတယ်။ ပြည်သူတွေဟာ ငါ့ရဲ့ဆန္ဒကို ထုတ်ဖော်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ သန္နိဌာန်နဲ့ ထွက်လာကြတာပါ။ နှစ်ပေါင်းများစွာ ဆယ်စုနှစ် ပေါင်းများစွာ မဲပေးခွင့်အတွက် ပြည်သူလူထု ရုန်းကန် ကြိုးစားခဲ့ကြသလို တချို့ဆိုရင် အသက်တောင် စွန့်ခဲ့ကြရပါတယ်။ မဲပေးခွင့်အတွက် ဒီမိုကရေစီရေးအတွက် လူပေါင်းများစွာ ထွက်လာ မဲပေးကြတာဟာဆိုရင် တကယ်ကို ထူးခြားလှပါတယ်။ လူထုရဲ့ အသံ၊ မဲပေးပြီးနောက်ပိုင်း မဲတွေ အားလုံးရေတွက်ပြီးနောက်မှာ ဘယ်လို ရလဒ်မျိုးပဲ ထွက်ပေါ်လာပါစေ လေးစားအသိအမှတ်ပြု ကြမှာပါ။”

အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အစီအစဉ်နဲ့ မြန်မာနိုင်ငံထဲက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ တစ်ခုချင်းစီကို စေလွှတ်ထားပါတယ်။ အမေရိကန်သံရုံးက နိုဝင်ဘာ ၈ ဖြစ်စဉ်တွေကို အနီးကပ်စောင့်ကြည့်လေ့လာနေမှာဖြစ်ပြီး လာမယ့် ဧပြီမှာ အစိုးရသစ်တစ်ရပ် နေရာယူတဲ့အထိ ဖြစ်စဉ်တစ်လျှောက် ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်လို့လည်း သံအမတ်ကြီး ဒဲရက်ခ်မစ်ချဲလ်က အခုလို ပြောဆိုသွားပါတယ်။

“အမေရိကန် ပြည်ထောင်စုက မဲရုံတွေကို စောင့်ကြည့်တဲ့အဖွဲ့ပေါင်း ၂၃ ဖွဲ့ ပြည်နယ်တိုင်း၊ ဒေသတိုင်းမှာ ရှိပါတယ်။ ကျနော်တို့ ဒီကနေ့ လေ့လာခဲ့တဲ့ မဲရုံတွေမှာ လူတန်းစားပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံပါဝင်တဲ့ မတူကွဲပြားမှုကို ကိုယ်စားပြုတဲ့ အမျိုးသား၊ အမျိုးသမီးတွေ သူတို့ရဲ့ ဆန္ဒတွေကိုဖော်ထုတ်ခဲ့ကြတာ တွေ့ခဲ့ရပါတယ်။ ဒါက ရွေးကောက်ပွဲနေ့အတွက် သိပ်ကို ထူးခြားတဲ့အဖြစ်အပျက်ပါ။ ဒါဟာ ရွေးကောက်ပွဲရဲ့ထူးခြားတဲ့၊ ကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။ လူတိုင်းဟာ တန်းတူအခွင့်အရေး ရှိတယ်၊ အများပြည်သူ အားလုံးရဲ့ဆန္ဒတွေကို ဖော်ထုတ်ခွင့် ရကြပါတယ်။ ဒီကနေ့မှာ အကြောင်းအမျိုးမျိုးကြောင့် မဲပေးခွင့်မရခဲ့သူတွေ ကိုယ့်ရဲ့ဆန္ဒတွေကို မထုတ်ဖော်နိုင်ခဲ့ကြသူတွေလည်း အနာဂတ်မှာ သူတို့ရဲ့ ဆန္ဒကိုအများနည်းတူ ထုတ်ဖော်နိုင်ကြမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာ့ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအစီအစဉ် တစိတ်တပိုင်းအဖြစ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ဒုတိယအကြီးအကဲဖြစ်သူ ခရစ္စတင်းဘောင်ဝါဟာ ရန်ကုန်တိုင်းဒေသကြီးက မဲရုံအချို့ကို သွားရောက် လေ့လာခဲ့တယ်လို့ အမေရိကန်သံရုံးက ပြောဆိုထားပါတယ်။

XS
SM
MD
LG