သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံလက်ပံတန်း ဆန္ဒပြသူတွေ ကျန်းမာရေးဆိုးရွား


ပင်မကျောင်းသားသပိတ် လက်ပံတန်းမှာ ဖြိုခွဲခံရပြီး ဒဏ်ရာရကျောင်းသားတွေကို အကျဉ်းထောင်ပို့စဉ် မြင်ကွင်း (မတ်လ ၁၁၊ ၂၀၁၅)
ပင်မကျောင်းသားသပိတ် လက်ပံတန်းမှာ ဖြိုခွဲခံရပြီး ဒဏ်ရာရကျောင်းသားတွေကို အကျဉ်းထောင်ပို့စဉ် မြင်ကွင်း (မတ်လ ၁၁၊ ၂၀၁၅)

ပဲခူးတိုင်း၊ လက်ပံတန်းကျောင်းသားသပိတ်ကို အာဏာပိုင်တို့ အကြမ်းဖက်ဖြိုခွဲပြီး သာယာဝတီအကျဉ်းထောင်အတွင်းမှာ ဖမ်းဆီးထားခံရတဲ့ ကျောင်းသား တချို့မှာ ဖြိုခွဲခံရမှုအတွင်း ဦးခေါင်းကို ရိုက်နှက်ခံထားခဲ့ရမှုကြောင့် နာကျင်မူးဝေတာတွေ ခံစားနေကြရဆဲဖြစ်သလို တချို့ဆိုရင် မျက်စေ့မမြင်ရတဲ့ အဖြစ်မျိုးတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဖမ်းဆီးခံကျောင်းသားတွေ လုံလောက်တဲ့ ဆေးဝါးကုသမှု မရဘူးလို့လည်း မိသားစုဝင်တွေက သံသယ ရှိနေကြတာပါ။ ဒီကနေ့မှာလည်း ဖမ်းဆီးခံထားရသူတွေကို ထောင်ဝင်စာတွေ့ခွင့် အာဏာပိုင်တို့က ပိတ်လိုက်ပြန်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လက်ပံတန်းမြို့မှာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားနဲ့အရပ်သားတွေဟာ သာယာဝတီထောင်မှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတဲ့အတွက် ဦးခေါင်းနဲ့မျက်စေ့ ထိခိုက်ဒဏ်ရာရခဲ့ကြသူ ကျောင်းသားတွေဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ ပြည်တက္ကသိုလ် အဝေးသင်ကျောင်းသားတဦးဖြစ်တဲ့ မောင်သန်းဆွေကို စနေနေ့က ထောင်ဝင်စာသွားတွေ့ချိန်မှာ သားဖြစ်သူရဲ့မျက်လုံးတဘက် မမြင်ရတော့တဲ့ အကြောင်း ဖခင်ဖြစ်သူ ဦးခင်မောင်ကြည်က ပြောပြပါတယ်။

“သူက အရင်ရောက်နေနှင့်တာပေါ့။ အထဲလည်း ဝင်လည်းဝင်သွားရော ကျနော်ဝင်သွားမှ သူက မျက်စိကပ်ထားတဲ့ဟာကို ခွာလိုက်တာ။ ခွာလည်းခွာလိုက်ကော မျက်စေ့တခုလုံး ရဲနေတာကို ကျနော် မြင်လိုက်ရတယ်ပေါ့။ ဘယ်ဘက်မျက်လုံးက၊ ရဲနေတာမြင်တော့ ကျနော် လှမ်းမေးတယ်။ သား- မင်းမျက်စေ့က ဘယ်လိုလဲ၊ မသက်သာဘူးလားပေါ့။ ‘အဖေ-တဲ့၊ သူက ဒီအတိုင်းကြည့်ရင်တော့ ကောင်းတယ်လို့ ထင်ရတာပေါ့-တဲ့။ မြင်ရတယ်လို့ပဲ အောက်မေ့ရတယ်-တဲ့။ ဒါပေမယ့် ကောင်းတဲ့မျက်လုံးကို ပိတ်လည်း ကြည့်လည်းကြည့်ရော ဟိုဘက်က မမြင်ရဘူး-တဲ့။’ ကုမပေးဘူးဆိုတဲ့သဘောကို ကျနော် သိသွားတာပေါ့နော်။ ဟုတ်ကဲ့၊ သူတို့အထဲမှာ ကုမပေးဘူးဆိုတော့ ထောင်ထဲမှာကုပေးလည်းပဲ အာကတံ၊ ပါကတံပဲကုပေးမယ်ဆိုတာ ကျနော်တို့က သဘောပေါက်ပါတယ်။ ကျနော်တို့အနေနဲ့တော့ အပြင်မှာ ကုချင်တာပေါ့နော်၊ သူလုပ်ချင်တာကို မျက်စေ့ကောင်းသွားအောင် ကျနော်တို့က ကုပေးချင်တာပေါ့။ ကုချင်ပေမယ့် အခုနကပြောသလို အထဲမှာနေတော့ ကျနော်တို့က ဘာမှ လုပ်ပေးလို့ မရဘူး။ သူတို့မှ မလွှတ်တော့။ သူတို့က လွှတ်ပေးပြီဟေ့ဆိုရင်တော့ ကျနော်တို့က အပြင်မှာ ကုသပေးရမှာပါ။ အဲလိုပဲ လုပ်ရမှာပေါ့။ အဓိကအရေးကြီးတာက မျက်စေ့၊ မျက်စေ့ဖြစ်သွားတယ် ဆိုတော့ ကိုယ်က တော်တော်လေး စိုးတော့ စိုးရိမ်လိုက်တာပေါ့။ စိုးရိမ်တော့လည်း ဖြစ်ပြီးပြီဆိုတော့ သူတို့လက်ထဲရောက်နေတော့ ကျနော်တို့က ဘာမှလုပ်ပေးလို့ မရတော့ဘူးလေ။”

ဆေးကုသခွင့်ရနိုင်ဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ စုံစမ်းနေဆဲဖြစ်ကြောင်း အမြန်ဆုံးပြန်လွှတ်ပေးမှသာ ဆေးကုပေးနိုင်မှာဖြစ်ကြောင်းလည်း ဦးခင်မောင်ကြည်က ပြောပါတယ်။ ရိုက်နှက်ဖမ်းဆီးခံထားရသူကျောင်းသား နောက်တဦးဖြစ်တဲ့ မင်းသူရှိန်ကို ထောင်ဝင်စာတွေ့ခဲ့တဲ့ မိခင်ဖြစ်သူကလည်း အခုလို ပြောပြပါတယ်။

“ပထမရက်တွေတုန်းကတော့ ခေါင်းတွေမူးတယ်-တဲ့။ ခေါင်းကို ရိုက်ထားတဲ့အတွက်ကြောင့်။ သူ့ကိုမေးတော့ အထဲထဲမှာတော့ မရိုက်တော့ဘူး-တဲ့။ အပြင်မှာတုန်းကတော့ ခေါင်းကို နှစ်ချက်ရိုက်တယ်-ပေါ့။ လက်နဲ့ကျောကုန်းကို သုံးချက်ရိုက်တယ်-တဲ့။ အဲလိုပြောပါတယ်။”

ဆယ်တန်းကျောင်းသား မောင်အောင်မင်းခိုင်ကို လက်ပံတန်း ပင်မကျောင်းသားသပိတ် ဖြိုခွဲချိန် ရဲတပ်ဖွဲ့ဝင်တွေ အုပ်စုလိုက်ဝိုင်းဝန်းရိုက်နှက်နေစဉ်။ (မတ်လ ၁၁၊ ၂၀၁၅)
ဆယ်တန်းကျောင်းသား မောင်အောင်မင်းခိုင်ကို လက်ပံတန်း ပင်မကျောင်းသားသပိတ် ဖြိုခွဲချိန် ရဲတပ်ဖွဲ့ဝင်တွေ အုပ်စုလိုက်ဝိုင်းဝန်းရိုက်နှက်နေစဉ်။ (မတ်လ ၁၁၊ ၂၀၁၅)

အလားတူပဲ အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသား မောင်အောင်မင်းခိုင်နဲ့ ကျောင်းသားငါးဦးခန့်ဟာ ဦးခေါင်းမှာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရထားခဲ့တာကြောင့် ခေါင်းမူး၊ ခေါင်းကိုက်တာတွေဖြစ်နေတဲ့အတွက် အပြင်မှာ ဆေးဝါးကုသဖို့လိုအပ်နေတယ်လို့ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က သူ့မိသားစုနဲ့ ထောင်ဝင်စာတွေ့ဆုံချိန်မှာ ပြောဆိုထားတာပါ။ ခေါင်းနဲ့မျက်စေ့နေရာမျိုးတွေကို အရိုက်ခံထားရတာဟာ စိုးရိမ်စရာ ကောင်းတဲ့အကြောင်း သာယာဝတီအကျဉ်းထောင်ကို ထောင်ဝင်စာသွားပို့ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်းက ပြောပါတယ်။

“မျက်လုံးဆိုတာ လူတယောက်ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းဗျာ။ အထဲမှာ အတွင်းကြေနေတာ ဘယ်သူမှ မသိနိုင်ဘူး။ မျက်စေ့ဟာ ဘယ်လို ဖြစ်သွားလဲဆိုတာကို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်သင့်တယ်လို့ ကျနော်မြင်တယ်ဗျာ။ အခုဟာက တကယ်အရေးပေါ်ကြောင့် ကုသရမယ့်လူနာကို အပြင်ထုတ်ပြီး ကုသပေးလို့ရတာပဲ။”

ဒီနေ့မှာတော့ သာယာဝတီထောင်က ကျောင်းသားတွေအတွက် အပြင်လူတွေ ထောင်ဝင်စာပေးခွင့် ပိတ်ပင်လိုက်ကြောင်း ကိုဒီငြိမ်းလင်းက ဆက်ပြောပြပါတယ်။

“ဘာမှကို မရဘူးဗျာ။ အရင်တုန်းကဆို ထောင်ဝင်စာပစ္စည်းတွေကို ထောင်ဝင်စာဧည့်တွေ့တာမဟုတ်ဘဲနဲ့ ထောင်ဝင်စာပစ္စည်းဆိုပြီး လွတ်လွတ်လပ်လပ် တင်ပို့ခွင့်ရှိတယ်ဗျာ။ အခုဟာက ကျနော်တို့က ဒီမတိုင်ခင်မှာလည်း ၁၃ ရက်နေ့ကလည်း တခေါက်တင်ပေးခဲ့သေးတယ်။ အဲဒီတုန်းကကျ အေးအေးဆေးဆေးပဲ ပစ္စည်းတင်ပို့ခွင့်ရခဲ့တယ်။ ဒီတခေါက်က ဒုတိယအကြိမ်ပါ။ ဒုတိယအကြိမ်မှာကျတော့ မရတော့ဘူး၊ ခွင့်ပြုချက်တွေ တောင်းခံရမယ်ဆိုပြီး ကျနော်တို့ကို အကြောင်းပြတယ်။ အကြောင်းပြပြီး ကျနော်တ့ို ပစ္စည်းတင်ခွင့် မရခဲ့ဘူးပေါ့။ ထောင်ဝင်စာလာပို့တဲ့မိသားစုတွေ စိတ်ပင်ပန်း ဒုက္ခရောက်အောင်လုပ်မယ်၊ သူငယ်ချင်းမိတ်ဆွေတွေ စိတ်ပင်ပန်း ဒုက္ခရောက်အောင် လုပ်မယ်။ ထောင်ထဲမှာရှိတဲ့လူတွေကို စိတ်ပင်ပန်း ဆင်းရဲကြီးအောင်လုပ်မယ်ပေါ့။ ဒါ သူတို့သုံးခဲ့တဲ့ဟာတွေပဲ။”

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ မိသားစုတွေရဲ့ ထောင်ဝင်စာတွေ့ဆုံခွင့်ကို အင်္ဂါနဲ့ ကြာသပတေး နှစ်ရက်သာ တွေ့ခွင့်ပေးခဲ့ပြီး သူတို့ကိုတော့ လာမယ့် ၂၅ ရက်နေ့ကျရင် လက်ပံတန်းတရားရုံးမှာ ပုဒ်မ ၅ ခုနဲ့ ရုံးထုတ်စစ်ဆေးမယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်ရှင်။

XS
SM
MD
LG