သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်ခြားစောင့် DKBA တပ်တွင်း ပစ်ခတ် ဖမ်းဆီးမှုများ ဖြစ်ပွား


နယ်ခြားစောင့် DKBA တပ်တွင်း ပစ်ခတ် ဖမ်းဆီးမှုများ ဖြစ်ပွား
နယ်ခြားစောင့် DKBA တပ်တွင်း ပစ်ခတ် ဖမ်းဆီးမှုများ ဖြစ်ပွား

မြန်မာအစိုးရရဲ့ နယ်ခြားစောင့်တပ် ၁၀၁၂ တပ်ရင်းမှူး ဦးဆောင်တဲ့ တပ်ဖွဲ့တွေဟာ အရင် သူတို့ရဲ့ ခေါင်းဆောင်ပိုင်းတွေကို မြိုင်ကြီးငူ ဌာနချုပ်မှာပဲ အခုရက်ပိုင်းတွေအတွင်း ပစ်ခတ် ဖမ်းဆီးမှုတွေ လုပ်ခဲ့ရာမှာ DKBA ရဲ့ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းဆီးလိုက်ပါတယ်။ နယ်ခြားစောင့်တပ် ၁၀၁၂ ဟာ အရင် DKBA တပ်ဖွဲ့ ဖြစ်ပြီးတော့ နောက်ပိုင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရက DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ကို နယ်ခြားစောင့်တပ် လုပ်ခိုင်းရာကစလို့ DKBA တပ်ဖွဲ့ဝင်တွေ၊ ခေါင်းဆောင်ပိုင်းတွေကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာခဲ့ရတာပါ။ နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့တဲ့ DKBA တပ်မှူးတွေဟာ ပြီးခဲ့တဲ့ ၂ ရက်ကစပြီး သူတို့ရဲ့ ခေါင်းဆောင်တွေကို ပစ်ခတ် ဖမ်းဆီးမှုတွေ လုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။

တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ် ကလိုထူးဘောဗျူဟာ ဌာနချုပ်က ဗိုလ်မှူး ရွှေဝကတော့ နယ်ခြားစောင့်တပ်က တပ်ရင်းမှူး ဗိုလ်ဘိ ဦးဆောင်ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ အခုလို ပြောပြပါတယ်။

“ကလိုထူးဘော တပ်ရင်းက တပ်ရင်းမှူး ဗိုလ်ဘိက ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းလိုက်ပြီ။”

ဗိုလ်ဘိဟာ အရင်က DKBA ၃၃၃ တပ်က တပ်ရင်းမှူးဖြစ်ပြီး အခုအခါမှာလည်း နယ်ခြားစောင့်တပ် ၁၀၁၂ တပ်ရင်းမှူးအဖြစ် တာဝန်ယူနေတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖောဒိုကတော့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းဆီးထားလိုက်ပြီဆိုတဲ့ သတင်းကို DKBA ဘက်ကနေ ရရှိကြောင်း အတည်ပြု ပြောကြားပါတယ်။

“ဗိုလ်ချုပ် ကျော်သန်းတို့ပေါ့၊ ဘယ်သူဖမ်းလဲဆိုတော့ DKBA တပ်ရင်း ၁၀၁၂ တပ်ရင်းမှူး ဗိုလ်ဘိက ဖမ်းထားတာ။ အာဏာသိမ်းတဲ့ သဘောမျိုးပေါ့နော်။ မြိုင်ကြီးငူ ဌာနချုပ်မှာ သူတို့က စုနေကြတာပေါ့၊ ခေါင်းဆောင်ကြီးတွေက။”

ဗိုလ်ချုပ် ကျော်သန်းဟာ နယ်ခြားစောင့်တပ်ကို လုပ်ဖို့အတွက် ဗိုလ်ချုပ် နှုတ်ခမ်းမွေးနဲ့ ဗိုလ်မှူး ရွှေ၀ တို့ကိုလည်း အတင်းအကျပ် လက်မှတ်ထိုးခိုင်းဖို့အတွက် လုပ်ဆောင်ခဲ့သူလို့ ဆိုပါတယ်။

ဒီလို အောက်ခြေထု သဘောထား မပါဘဲ ဆောင်ရွက်နေခဲ့မှုတွေကြောင့် DKBA အောက်ခြေတပ်မှူးတွေနဲ့ အဆင်မပြေ တင်းမာမှုတွေ ဖြစ်ခဲ့ရတာလို့ ပြောသွားပါတယ်။ ဒါပေမဲ့လည်း နယ်ခြားစောင့်တပ် လုပ်ခိုင်းတာကို လက်မခံတဲ့ ကရင်လက်နက်ကိုင် အချင်းချင်းကတော့ အရင်တုန်းက သဘောထား ကွဲလွဲခဲ့မှုတွေ ရှိခဲ့ပေမဲ့ နယ်ခြားစောင့်တပ်ကို အစိုးရက အတင်းအကျပ် လုပ်ခိုင်းရာကစလို့ DKBA နဲ့ KNU ကြားမှာတော့ အချင်းချင်း နားလည်မှု ပိုမိုရရှိလာခဲ့တယ်လို့ ဆိုရမှာပါ။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA တွေဟာ စစ်ရေးအရ ပူပေါင်းဆောင်ရွက်မှုတွေ နောက်ပိုင်းမှာ လုပ်လာသလို သူတို့ရဲ့ နယ်မြေတွေမှာလည်း တဘက်နဲ့တဘက် နားလည်မှုတွေနဲ့ ဝင်ထွက်သွားလာခွင့်တွေ ခွင့်ပြုပေးခဲ့ကြတာလည်း ရှိလာခဲ့ကြပါတယ်။

အခုအခါမှာတော့ နယ်ခြားစောင့်တပ်လုပ်ဖို့ ကျန်ခဲ့ကြတဲ့ DKBA တပ်ဖွဲ့ တချို့ကလည်း ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တပ်တွေဆီကို ကူးပြောင်းလာခဲ့သလို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဆီကိုလည်း တဖြည်းဖြည်း ကူးပြောင်းလာမှုတွေ လုပ်လာခဲ့တာကြောင့် နယ်ခြားစောင့်တပ်ဟာ အင်အားနည်းလာခဲ့ပြီး အတင်းအကျပ် လူသစ်စုဆောင်းမှုတွေ လုပ်လာခဲ့တာတွေလည်း ရှိပါတယ်။

၂၀၁၀ နှစ်ကုန်ပိုင်းကစပြီး ကရင်အမျိုးသား အချင်းချင်း တိုက်တဲ့ တိုက်ပွဲတွေ နည်းပါးလာခဲ့တာပါ။ အခုအခါမှာတော့ နယ်ခြားစောင့် တပ်တွင်းပြဿနာတွေ ဖြစ်နေပြီး မြန်မာစစ်တပ်ဘက်က ဝင်ရောက် စွက်လာတာမျိုးတွေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ ဝင်ရောက်စွက်ဖက်မှုတွေ လုပ်လာမယ်ဆိုရင် ကရင်ဒေသတွင်း ပစ်ခတ်မှုတွေ ထပ်ဖြစ်လာဦးမှာ ဖြစ်တယ်လို့ DKBA တွေကတော့ ပြောဆိုနေပါတယ်။

XS
SM
MD
LG