သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘိန်းစိုက်ဧက ကျဆင်းကြောင်း မြန်မာကိုယ်စားလှယ် တင်ပြ


ရှမ်းပြည်နယ်တွင်းက ဘိန်းခင်းများ ဖျက်စီးနေစဉ်။ (ဇန်နဝါရီ ၃၀၊ ၂၀၁၄)
ရှမ်းပြည်နယ်တွင်းက ဘိန်းခင်းများ ဖျက်စီးနေစဉ်။ (ဇန်နဝါရီ ၃၀၊ ၂၀၁၄)

မြန်မာနိုင်ငံမှာ ဘိန်း စိုက်ပျိုးမှုဧက လျော့ကျ သွားတယ်လို့ မြန်မာ ကိုယ်စားလှယ် အဖွဲ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကြာသပတေးနေ့ က ပြောကြား လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးရေးနဲ့ စိတ်ကြွဆေး ထုတ်လုပ်မှုတွေ ကို နှိမ်နင်း ရာမှာ အောင်မြင်မှုတွေ ရလာနေတဲ့ တချိန်တည်းမှာပဲ စိန်ခေါ် မှုတွေလည်း ရှိနေတဲ့ အကြောင်းကို မြန်မာကိုယ်စားလှယ် ဦးရဲမင်းသိန်း က ပြောဆိုခဲ့တာပါ။

ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး အစီအစဉ်တွေမှာ ဒေသခံ ဘိန်းစိုက် တောင်သူတွေကို ပညာပေးမှုတွေ လုပ်ဆောင်ခဲ့သလို၊ အစားထိုးသီးနှံ စိုက်ပျိုးရေး စီမံကိန်းတွေနဲ့ အကူအညီပေးခဲ့တဲ့အကြောင်းပြောဆိုခဲ့တာပါ။

ဘိန်းစိုက်တောင်သူတွေ အနေနဲ့လည်း မကြာခဏဆိုသလို ဘိန်းအစားထိုး သီးနှံတွေကို တင်ပို့ရောင်းချရာမှာ အခက်အခဲတွေ ကြုံရတာဟာလည်း ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးမှာ အဟန့်အတား ဖြစ်နေရတယ်လို့ ဆိုပါတယ်။ ဘိန်းစိုက်တောင်သူတွေ အနေနဲ့ အကျိုးမမြတ်များတဲ့ ဘိန်းစိုက်ပျိုးရေးကို စွန့်လွှတ်ပြီး အစားထိုးသီးနှံ စိုက်ပျိုးဖို့ကလည်း စီးပွားရေးအရ တွက်ချေမကိုက်တဲ့ အခြေအနေမျိုး ကြုံနေရတယ်လို့လည်း ပြောပါတယ်။

ဒီအခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့ ရေတို၊ ရေလတ်၊ ရေရှည်စီမံကိန်းတွေ လိုအပ်တယ်လို့လည်း မြန်မာကိုယ်စားလှယ်က ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး (UNODC) နဲ့ လက်တွဲ လုပ်ဆောင်နေပြီး မူးယစ်ဆေးဝါး မှောင်ခိုမှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ကျုးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ပူးပေါင်း နှိမ်နင်းနေတယ်လို့လည်း ပြောကြားခဲ့တာပါ။

မူးယစ်ဆေးဝါး ပြဿနာကြုံနေရတဲ့ တိုင်းပြည်တွေကြား ပူးပေါင်းဆောင်ရွက်မှုတွေ ဟာလည်း ထိရောက်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဒေသတွင်း နိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်တာတွေလည်း ရှိတယ်လို့ ပြောဆိုခဲ့တာပါ။ ဒေသတွင်းနဲ့ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက် မှုတွေနဲ့အတူ နည်းပညာအကူအညီတွေ တိုးမြှင့်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကို အောင်အောင်မြင်မြင် ဆောင်ရွက် သွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း လည်း ပြောဆိုသွားခဲ့ပါတယ်။

ဒါပေမဲ့လို့လည်း ဒီနှစ်ဆန်းပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ညီလာခံအတွင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ UNODC က - ဒေသတွင်းက မူးယစ်ဆေးဝါး အခြေအနေဟာ ပိုမို ဆိုးရွားလာနေတယ်လို့ ပြောဆိုထားတာပါ။ ဒါ့အပြင် ဘိန်းစိုက်ပျိုးမှု လျော့ကျသွားပေမဲ့ - အရှေ့တောင်အာရှဒေသမှာ စိတ်ကြွဆေးဝါးတွေ အများဆုံး ထုတ်လုပ်တဲ့နိုင်ငံဟာ မြန်မာနိုင်ငံဖြစ်တယ်လို့လည်း UNODC က ထောက်ပြခဲ့ဖူးပါတယ်။

တခါ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာ ၂၀၁၃ ခုနှစ်ကစပြီး ဘိန်းစိုက်ဧက ပိုတိုးလာတယ်လို့ ထောက်ပြထားပါတယ်။

XS
SM
MD
LG