သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ဂျာမနီ ပိုမိုကူညီမည်


President Thein Sein in Germany
President Thein Sein in Germany
ဂျာမနီ မြန်မာသံတမန် ဆက်ဆံရေး အနှစ် ၆၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ဂျမနီနိုင်ငံခေါင်းဆောင်တွေရဲ့ ဖိတ်ကြားမှုအရ သမ္မတ ဦးသိန်းစိန်ဟာ ဂျာမနီနိုင်ငံကို သွားရောက်လည်ပါတ်ခဲ့သလို အခြားဥရောပနိုင်ငံတွေဖြစ်တဲ့ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံခရီးစဉ်အတွင်းမှာတော့ မြန်မာနိုင်ငံအပေါ် အကူအညီတွေ ပိုပြီးပေးမယ်ဆိုပြီးတော့ ဂျာမနီခေါင်းဆောင်တွေက ကတိပြုပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် ဘယ်လိုအကူအညီတွေးပေးမှာလည်းဆိုတဲ့အကြောင်း အခုတပါတ် စီးပွါးရေးဂဏ္ဍမှာ ကိုအောင်အောင်က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ကူညီမှုတွေ ဆောင်ရွက်ပေး သွားမှာဖြစ်ပြီး ရင်းနှီးမြှပ်နှံမှုတွေလည်း တိုးလုပ်သွားမယ့်အကြောင်း ဂျာမန်ဝန်ကြီးချုပ် Angela Markel က ပြောဆိုလိုက်ပါတယ်။ ဂျာမနီ နိုင်ငံကို အလည်အပါတ် ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် နဲ့တွေ့ဆုံအပြီး နှစ်နိုင်ငံခေါင်းဆောင်တွေ ပူးတွဲကျင်းပတဲ့ စက်တင်ဘာလ ၃ ရက် သတင်းစာရှင်းလင်းပွဲအတွင်းမှာ ဂျာမန်ဝန်ကြီးချုပ်က အခုလိုပြောဆိုခဲ့တာပါ။
“ကျမတို့ဂျာမနီနိုင်ငံကနေပြီးတော့ မြန်မာနိုင်ငံကို ထောက်ခံအားပေးပါတယ်။ အခုဂျာမန်သမ္မတကနေပြီးတော့ မြန်မာနိုင်ငံကို သွားပြီးတော့လည်း သွားလည်ပတ်ခဲ့ပြီးတော့ Goethe-Intistut ကိုဖွင့်ခဲ့ပါတယ်။ နောက်ပြီးတော့ စီးပွါးရေးဆိုင်ရာမှာလည်း အတူတူစုပေါင်း ပူးပေါင်းပြီးတော့ လုပ်ကိုင်တာတွေလည်းရှိပါတယ်။ နောက်ပြီးတော့ အခုမြန်မာနိုင်ငံရဲ့ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ကျမတို့ဂျာမနီနိုင်ငံ ကနေပြီးတော့ ထောက်ပံ့ပေး ဖို့ရှိပါတယ်။”
ဝန်ကြီးချုပ်မာကဲလ် စကားပြန်ကနေတဆင့် အခုလိုပြောသွားတာပါ။ အရင် စစ်အစိုးရအဆက်ဆက်လက်ထက် စီးပွါးရေးအရ လာရောက်ရင်းနှီးမြှပ်နှံခဲ့သူတွေအပေါ် သူတို့ရဲ့ လုပ်ငန်းရင်းနှီးမှုတွေနဲ့ ပါတ်သတ်ပြီး အာမခံချက် အသေအချာမရှိခဲ့တဲ့အတွက် နိုင်ငံခြားက လာရောက်ရင်းနှီးမြှပ်နှံချင်သူတွေ အခက်ကြုံတွေ့ခဲ့ ရပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ တချို့ ဖြစ်ပေါ်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ စီးပွါးရေးဂဏ္ဍဘက်မှာပါ နိုင်ငံခြားက လာရောက် ရင်းနှီးမြှပ်နှံမှုတွေ ရှိလာပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ ဂျာမန်ဝန်ကြီးချုပ် မာကဲလ်တို့ရဲ့ တွေ့ဆုံပွဲအတွင်း ရင်းနှီးမြှပ်နှံသူတွေရဲ့ စီးပွါးရေးလုပ်ငန်းတွေအပေါ် လုံခြုံစိတ်ချရမယ့် အာမခံချက်မျိုးပေးဖို့ကိုလည်း ဝန်ကြီးချုပ်မာကဲလ်က အလေးပေးပြောဆိုခဲ့ပါတယ်။ တဆက်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပါွးရေးအရ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတဲ့တချိန်တည်းမှာ မြန်မာနိုင်ငံရဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေအနေနဲ့ ဒေသတွင်း နိုင်ငံတွေအပါအဝင် နိုင်ငံတကာနဲ့ ဆက်ဆံမှုတွေ တိုးမြှင့် လုပ်ကိုင်လာကြပါတယ်။ ဒီနေရာမှာ စီးပွါးရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ အသေးစားနဲ့ အလတ်စား စီးပွါးရေးလုပ်ငန်းတွေရဲ့ အခန်းဂဏ္ဍဟာ အဓိကကျတဲ့နေရာမှာရှိနေတာပါ။ အခုအခါမှာ အမေရိကန်အပါအဝင် နိုင်ငံတချို့က ဒီအသေးစားနဲ့ အလတ်စား စီးပွါးရေးလုပ်ငန်းတွေအပေါ် သင်တန်းပေးတာမျိုးအပါအဝင် တခြားကူညီမှုတွေ ပေးနေပါတယ်။ ဂျာမနီမှာ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံချိန်အတွင်းမှာလည်း ဒီအသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအပေါ် ဂျာမနီအနေနဲ့ ကူညီပေးသွားမယ်ဆိုပြီး ဝန်ကြီးချုပ် အန်ဂလာမာကဲက ပြောဆိုခဲ့ပါတယ်။
“အခုဂျာမနီနိုင်ငံကနေပြီးတော့လည်း ဟိုမှာ ကုမ္ဗဏီတွေအများကြီးရှိပါတယ်။ မြန်မာနိုင်ငံမှာသွားပြီးတော့ ရင်းနှီးမြှပ်နှံမှုအတွက်ကို ဥပမာ ဂျာမနီနိုင်ငံကဆိုလို့ရှိလျင် လယ်ကုန် ယာနဲ့ ပါတ်သတ်ပြီးတော့ ထွန်စက်တို့ဘာတို့ ဒါမှမဟုတ်လို့ရှိလျင် အဝတ်လျှော်စက်တို့ စက်မှုလက်မှုနဲ့ ပါတ်သတ်တဲ့ ပစ္စည်းတွေကိုလည်း ဂျာမနီနိုင်ငံအနေနဲ့ဟိုမှာ အကူအညီပေးဖို့။ ကျမတော့ထင်တယ် နှစ်နှစ် အတွင်းမှာ အများကြီး စက်မှုလက်မှုပိုင်းဆိုင်ရာကိုလည်း အများကြီး အကူအညီထောက်ပံ့ပေးနိုင်မယ်။”
သမ္မတ ဦးသိန်းစိန်ဟာ နှစ်ပေါင်း ၃၀ အတွင်း ဂျာမနီနိုင်ငံကို ပထမဆုံးလာရောက်တဲ့သမ္မတလည်းဖြစ်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးအပြင် စီးပွါးရေးဂဏ္ဍမှာလည်း တိုးမြှင့်လုပ်ဆောင်ဖို့ မျှော်လင့်ထားတဲ့အကြောင်း သမ္မတ ဦးသိန်းစိန်က သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် သဘာဝအရင်းအမြစ်တွေကို ထုတ်ယူနိုင်မယ့် ဂဏ္ဍဘက်မှာထက် မြန်မာနိုင်ငံသားတွေအတွက် အကျိုးဖြစ်ထွန်းနိုင်မယ့် နည်းပညာကို အခြေခံတဲ့ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဖို့ကိုလည်း သမ္မတက တိုက်တွန်းခဲ့ပါတယ်။
“အခုအခါမှာ ကျနော်တို့နိုင်ငံမှာ ဒီစက်မှုလုပ်ငန်များအတွက် ပြင်ပကနေ ရင်းနှီးမြှပ်နှံမှုတွေ တော်တော်များများဝင်ရောက်ဖို့အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။ အဲဒီတော့ ခရီးသွားလုပ်ငန်းဟာလည်း များစွာ ဖွံ့ဖြိုးတိုးတက်လာတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျနော်တို့ ဒီဂျာမနီက စီးပွါးရေးလုပ်ငန်းရှင်တွေအနေနဲ့ ပါဝင်ပြီးတော့ လာရောက်ရင်းနှီးဖို့အတွက် ကျနော့အနေနဲ့လည်း ဖိတ်ကြားလိုပါတယ်။ “
နိုင်ငံစီးပွါးရေး ပြန်လည်ထူထောင်မှုတွေလုပ်တဲ့အခါမှာ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေရဲ့ အခန်းဂဏ္ဍဟာ အရေးကြီးတဲ့အတွက် ဒီလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ ၂၀၁၃ ခုနှစ်ကတည်းက ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့တဲ့အကြောင်းကိုတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဌ ဒေါက်တာမျိုးသက်က အခုလိုပြောပါတယ်။
“သမ္မတကြီးက ပြီးခဲ့တဲ့နှစ်ကတည်းက SME development ဆိုပြီးတော့ ဗဟိုကော်မတီ ဖွဲ့တယ် လုပ်ငန်းကော်မတီဖွဲ့တယ်ပေါ့နော်။ အဲဒီတော့ ဗဟိုကောမတီမှာကတော့ သမ္မတကြီးကိုယ်တိုင် ဥက္ကဌ အဖြစ်ပါဝင်ပြီးတော့ အဲဒီကော်မတီမှာ ကျနော်တို့ရဲ့ အသင်းချုပ်ဥက္ကဌ ဦးဝင်းအောင်က အဖွဲ့ဝင်ဖြစ်ပါတယ်။ ဒီမှာ ကျနော်တို့က ဘာတွေလိုနေလည်းဆိုတော့ SME က capital investment လိုတယ်။ နောက် skill labor တွေလိုတယ်ပေါ့နော်။ နောက်တခါ technology လိုတာပေါ့နော်။ ဒီ သုံးချက်ကတော့ အဓိကပေါ့နော်။”
သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်တို့တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံအတွင်း တဖက်မှာ တိုးတက်လာတဲ့အခြေအနေတွေရှိပေမယ့် နောင်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ကိစ္စအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ တိုးတက်မှုနဲ့ ပါတ်သတ်ပြီးတော့လည်း ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြတာပါ။ ဂျာမနီနိုင်ငံအနေနဲ့ အခုလို မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်လာတဲ့တချိန်တည်းမှာပဲ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဆက်ရှိနေဆဲပဲဆိုတာကို သတိပြုဖို့လိုအပ်ကြောင်း ဂျာမနီနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူ ဦးနွယ်အောင်က အခုလိုထောက်ပြပြောဆိုခဲ့ပါတယ်။
“သမ္မတ ဦးသိန်းစိန်တက်လာတဲ့အချိန်တုန်းက သူဟာ နိုင်ငံရေးအကျဉ်းသမားတွေအားလုံးကို လွှတ်ပေးပါ့မယ်ဆိုပြီးတော့ နော် ဒီ ရက်တောင်မှ သတ်မှတ်ထားတယ်။ အဲဒီရက်အတွင်း ဆိုပြီးတော့ သူပြောခဲ့တယ်။ ဒါပေမယ့်လည်းပဲ ထောင်ထဲမှာ အခုထက်ထိ နိုင်ငံရေးအကျဉ်းသမားတွေက ရှိနေတုန်းပဲ။ အဲဒီအပြင် လယ်မြေယာမြေ သိမ်းတာတွေ ပြုတာတွေဆိုလို့ရှိရင်လည်းပဲ နော် ဒီလိုပဲ ပိုပြီးတော့ ကျပ်တည်းအောင် လုပ်လာတယ်။ လယ်သမားတွေ ဆိုရင်တောင်မှ ထမင်းတနပ်ပဲစားပါလို့ အပြောခံရတဲ့ဟာမျိုးတွေတောင် ဖြစ်လာတယ် ဆိုတာတွေကတော့ ။ ဒါတွေဟာ မဖြစ်သင့်တဲ့အရာတွေပဲလေ။”
နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ ပြည်ထောင်စု ဝန်ကြီးတချို့လည်း လိုက်ပါလာခဲ့ကြပါတယ်။ ဂျာမနီမြန်မာဆက်ဆံရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ဂျာမနီ သမ္မတနဲ့ ဝန်ကြီးချုပ် တို့ရဲ့ ဖိတ်ကြားမှုနဲ့ သမ္မတ ဦးသိန်းစိန် ဂျာမနီနိုင်ငံကိုလာရောက်လည်ပါတ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ သမ္မတရဲ့ တတိယအကြိမ်မြောက် ဥရောပခရီးစဉ်လည်းဖြစ်ပါတယ်။ ဂျာမနီခရီးစဉ်အပြီးမှာတော့ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံတွေဆီလည်း သွားရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်တွေအတွင်းမှာလည်း မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပါွးရေးအကူအညီတွေ ရရှိနိုင်လိမ့်မယ်ဆိုပြီးတော့လည်း ခန့်မှန်းသုံးသပ်မှုတွေ ရှိနေပါတယ်ခင်ဗျာ။
XS
SM
MD
LG