သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Run စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Run စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
Run စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Runs in the blood, Run amok နဲ့ Run for the money အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

(၁) Runs in the blood

Runs က အဓိပ္ပါယ်အမျိုးမျိုးရှိပေမယ့် ဒီနေရာမှာ (စီးဆင်းတယ်)၊ In (အထဲမှာ)၊ Blood (သွေး) တို့ ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သွေးထဲမှာ စီးဆင်းနေတယ် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ကျမတို့ မြန်မာမှာလည်း ရှိတဲ့အတိုင်း မျိုးရိုးလိုက်ဖြစ်တာ၊ သွေးထဲပါနေတာ၊ ဗီဇပါနေတယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ တူတယ်လို့ ဆိုရမှာပါ။ ဒီနေရာမှာ Blood အစား မိသားစုလို့ အဓိပ္ပါယ်ရတဲ့ Family ကို အစားထိုးပြီးတော့ Runs in the family လို့လည်း ရည်ညွှန်းပြောဆိုနိုင်ပါတယ်။ ဒီ အသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

High blood pressure runs in our family. So we have to be careful and eat less salty food and exercise regularly.
ကျနော်တို့ မျိုးရိုးထဲမှာ သွေးတိုးရှိကြတယ်။ ဒါကြောင့် ကျနော်တို့ အစားအသောက်ကို သတိထားရမယ်၊ အငန်လျှော့စားရမယ်၊ လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ရမယ်။

(၂) Run amok

Run (ပြေးတာ)၊ Amok က ဒီ ဝေါဟာရက မလေးရှား စကားက ဆင်းသက်လာတာဖြစ်ပြီး ဒေါသကြီးလွန်းလို့ စိတ်မထိန်းနိုင်ဘဲ ထင်ရာစိုင်း သောင်ကျန်းတာမျိုး ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားမှာ နိုင်ငံခြား ဘာသာစကားတွေကနေ Loan words အငှားပြုထားတဲ့ ဝေါဟာရတွေ ရှိပါတယ်။ ဒီအသုံးက အဲဒီလို စကားလုံးတလုံး ဖြစ်ပါတယ်။နောက်ပိုင်း ဗြိတိသျှ ကိုလိုနီဖြစ်တဲ့ အိန္ဒိယမှာ ဒီအသုံးကို ဆက်သုံးလာပြီး ဆင်တွေမုန်ယိုပြီး မြင်မြင်သမျှကိုလိုက်ပြီး ဖျက်ဆီးတာကိုလည်း The elephant has run amok လို့ ပြောလို့ရပါတယ်။ အထူးသဖြင့် အာရှဝေါဟာရကို အခြေခံတဲ့ ဒီအသုံးကို ကိုလိုနီခေတ်က ဝထ္တုဆောင်းပါးတွေ၊ ကဗျာတွေမှာ ရေးသားကြတာကို တွေ့ရပါတယ်။ နောက်ပိုင်း နေ့စဉ်ဘဝတွေမှာတော့ လူတွေ ဗရမ်းဗတာ လျှောက်ရမ်းနေတာကို ရည်ညွှန်းသုံးသလို၊ စနစ်တခု ဖြစ်ချင်ရာဖြစ်နေရင်လည်း Run amok လို့ တင်စားသုံးပါတယ်။ ဒီ အသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

When his client was refused bail by the court, the lawyer said the justice system has run amok.
သူ့ အမှုသည်ကို တရားရုံးက အာမခံပေးဖို့ ငြင်းဆိုလိုက်တော့ ရှေ့နေဖြစ်သူက တရားရေးစံနစ်ဟာ ဖြစ်ချင်ရာဖြစ်နေတယ်လို့ ပြောဆိုလိုက်တယ်။

(၃) Run for the money

Run (ပြေးသည်)၊ For (အတွက်)၊ Money (ငွေ) တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ငွေအတွက် ပြေးခိုင်းသည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အသုံးအနှုန်းမှာတော့ အဓိပ္ပါယ် နှစ်မျိုး ရှိပါတယ်။ ပထမအဓိပ္ပါယ်က ကိုယ်ပေးတာထက် ပြန်ရတာ တန်တဲ့သဘော ဖြစ်ပါတယ်။ ဒီ အသုံးအနှုန်းအတွက် ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I am lucky this week. The stock market was strong. So, I ran for my money in the stock.
ဒီသတင်းပတ် ကျနော် ကံကောင်းတယ်။ Stock ဈေးကွက်က အားကောင်းတယ်။ ကျနော့် Stock ထဲ ရင်းနှီးမြုပ်နှံထားတာ အမြတ်ရလိုက်တယ်။

ဒုတိယ အဓိပ္ပါယ်ဖြစ်တဲ့ ပြိုင်တဲ့နေရာမှာ ကိုယ့်ပြိုင်ဘက်နဲ့ အကြိတ်အနယ် ဖြစ်ရတဲ့ လိုက်မီအောင် မနည်းကြိုးစားရတဲ့ အခြေအနေမျိုးဆိုရင်လည်း Run for the money ကို သုံးနိုင်ပါတယ်။ ဒီ အသုံးအနှုန်းအတွက် ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John got a run for his money playing cards with Tom. He’s lucky he got back the money he was losing at first.
John က Tom နဲ့ ဖဲကစားတာ မနည်းနိုင်အောင် ကစားလိုက်ရတယ်။ သူ ကံကောင်းလို့ အစောပိုင်းမှာ ရှုံးထားတဲ့ ငွေတွေကို ပြန်အနိုင်ယူ ကစားနိုင်ခဲ့တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Run စကားလုံးကို အခြေခံတဲ့ Idiom အသုံးအနှုန်းတွေက Runs in the blood, Run amok နဲ့ Run for the money တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG