သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Business စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသီတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ - စီးပွားရေး (business) လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ အီဒီယံအသုံးတွေဖြစ်တဲ့ To Bankroll Someone, More Bang for the Buck, Budget Crunch နဲ့ A Calculated Risk တို့ကို တင်ပြထားပါတယ်။

၁။ To Bankroll Someone

Bankroll (noun) နာမ်အဖြစ် အသုံးပြုမယ်ဆိုရင် (ငွေစက္ကူအလိပ်)။ ဒီနေရာမှာ to bankroll (verb) ကြိယာအနေနဲ့ အသုံးပြုထားတာဖြစ်ပြီး (ငွေအလိပ်ကို ထုတ်ပေးတာ) လို့အဓိပ္ပါယ်ရပါတယ်။ Someone (တဦးတယောက်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်ကို ငွေစက္ကူအလိပ်လိုက် ထုတ်ပေးတာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှဘူးလို့ ဆိုရမှာပါ။ လူတဦး စီးပွားရေးလုပ်ဖို့ လုပ်ငန်းတခုခုလုပ်ဖို့ကို ငွေစိုက်ထုတ်ပေးတာ၊ ငွေအရင်းအနှီးမတည်ပေးတာကိုဆိုလိုပါတယ်။ ဥပမာကိုလေ့လာကြည့်ကြရအောင်ပါ။

ဥပမာ
The millionaire bankrolled his son to produce his first movie.
အဲဒီ သန်းကြွယ်သူဌေးကြီးက သူ့သား ပထမဦးဆုံး ရုပ်ရှင်ရိုက်ဖို့ ငွေစိုက်ထုတ်ပေးတယ်။

၂။ More Bang for the Buck

More (ထပ်ရတာ)၊ Bang (ကျယ်လောင်တဲ့အသံ)၊ For (အတွက်)၊ the Buck က ဒီနေရာမှာ (ငွေပိုက်ဆံ)ကို ဘန်းစကားအရ ရည်ညွှန်းသုံးထားခြင်း ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပေးထားတဲ့ငွေ ဒါမှမဟုတ် ပိုက်ဆံထက် bang ဆိုတဲ့အသံ ပိုကျယ်ကျယ်မြည်ခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ bang ….bang ဆိုပြီး သေနတ်ပစ်သံ၊ ဗျောက်အိုးဖောက်သံတွေကို စာတွေမှာ ရည်ညွှန်းအသုံးပြုတာကိုကြားဖူး။ဖတ်ဖူးကြမှာပါ။ သီတင်းကျွတ်ပွဲတော်တွေမှာဆို လူငယ်တွေ ဗျောက်အိုးဝယ်ဖောက်ကြတာကိုဥပမာပေးပြီးရှင်းပြရရင်တော့ ပိုက်ဆံပေးဝယ်ပြီး ဖောက်တဲ့ဗျောက်အိုးဟာ ပေးတဲ့ငွေထက် ပိုတန်ပြီးတော့ အသံကျယ်ကျယ် ပိုမြည်တာမျိုး ရည်ညွှန်းတာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ပေးတဲ့ငွေနဲ့ တန်ရာတန်ကြေးထက် ပိုရတဲ့သဘော ဖြစ်ပါတယ်။ တိုတိုပြောရမယ်ဆိုရင်တော့ တန်တာပေါ့။ ဥပမာကိုလေ့လာကြည့်ကြရအောင်ပါ။

ဥပမာ
John got more bang for his buck when he bought his car from a friend. The car was in excellent condition and a lot cheaper, too.
John က သူ့မိတ်ဆွေဆီက ကားဝယ်လိုက်တာ အရမ်းကိုတန်တာဘဲ။ ကားအခြေအနေကလည်း သိပ်ကောင်းတဲ့အပြင် ဈေးကလည်း တော်တော်သက်သာတယ်။

၃။ Budget Crunch

Budget (အသုံးစရိတ်)၊ Crunch ကြိယာဖြစ်တယ်ဆိုရင် (ကြိတ်တယ်၊ ဝါးတယ်)လို့ အဓိပ္ပါယ်ရနိုင်သလို ဒီနေရာမှာ (noun) နာမ်အဖြစ် အသုံးပြုထားတာ ဖြစ်တဲ့အတွက်ကြောင့် (အရေးကြီးတဲ့အခြေအနေ) ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အသုံးစရိတ်ရဲ့ အရေးကြီးတဲ့အခြေအနေ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းတယ်လို့ ဆိုရမှာပါ။ ငွေရေးကြေးရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာ တနည်းဆိုရင် ရငွေနဲ့ သုံးငွေမကိုက်တော့ ငွေအကြပ်အတည်းနဲ့ ရင်ဆိုင်ရတာ၊ စီးပွါးရေးအခြေအနေဆိုးလို့အံကြိတ်ခံရမယ့်အနေအထားမျိုးကိုဆိုလိုပါတယ်။ဥပမာကိုလေ့လာကြည့်ကြရအောင်ပါ။

ဥပမာ
Our company is facing a budget crunch. So as the boss , I’ll have to do a lot of cuts.
ကျနော်တို့ ကုမ္ပဏီက ငွေရေးကြေးရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်။ ဒါကြောင့် အလုပ်ရှင်အနေနဲ့ ကျနော် အများကြီး ဖြတ်တောက်စရာတွေလုပ်ရတော့မယ်။

၄။ A Calculated Risk

A (တခု)၊ Calculated (တွက်ချက်တာ)၊ Risk (အန္တရာယ်၊ အရဲစွန့်မှု) လို့ အဓိပ္ပါယ်ရပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တွက်ချက်ပြီးတော့ယူတဲ့ အန္တရာယ် ဒါမှမဟုတ် အရဲစွန့်မှု ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းတယ်လို့ ဆိုရမှာပါ။ စီးပွားရေးလုပ်ကိုင်ရာမှာ၊ ရင်းနှီးမြှုပ်နံှရာမှာ အရှုံးအမြတ်ရှိနိုင်မယ့် အန္တရာယ်ကို သေသေချာချာ စဉ်းစားတွက်ချက်ပြီး အရဲစွန့်လုပ်တာကို ဆိုလိုပါတယ်။ အရှုံးပေါ်တဲ့ အလားအလာကို သေသေချာချာ စဉ်းစားတွက်ချက်ပြီး စွန့်လုပ်ရာမှာ ကံကောင်းလို့ အောင်မြင်နိုင်တဲ့ အလားအလာရှိတဲ့ အရဲစွန့်မှုမျိုးကို ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာ သေမြေကြီး ရှင်ရွှေထီး ဆိုတဲ့ ဆိုရိုးစကားလို ဖြစ်ပါတယ်။ ဥပမာကိုလေ့လာကြည့်ကြရအောင်ပါ။

ဥပမာ
John took a calculated risk when he hired the manager. He is lucky as his company is now very successful.
အဲဒီ မန်နေဂျာကို ငှားတုံးက John က သေသေချာချာ စဉ်းစားတွက်ချက်ပြီး အရဲစွန့်ငှားလိုက်တာ။ သူ ကံကောင်းတယ်လေ။ သူ့ ကုမ္ပဏီက အခု သိပ်အောင်မြင်နေပြီ။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ စီးပွားရေး (business) ကို အခြေခံတဲ့ idiom အသုံးတွေက To Bankroll Someone, More Bang for the Buck, Budget Crunch နဲ့ A Calculated Risk တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG