သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Blue စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်း


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ အပြာရောင် (Blue) ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Feeling blue, Out of the blue နဲ့ Once in a blue moon တို့ကို တင်ပြထားပါတယ်။

(၁) Feeling blue

Feeling (ခံစားနေရတာ)၊ blue (အပြာရောင်) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အပြာရောင်ကို ခံစားနေရတာ ဖြစ်ပါတယ်။ ဒီအသုံးက သင်္ဘောလောက က ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ပင်လယ်ခရီး ထွက်နေတုန်း သင်္ဘောကပ္ပတိန် ဒါမှမဟုတ် အရာရှိတဦး သေဆုံးခဲ့တယ်ဆိုရင် ဌာနေအပြန်ခရီးစဉ်မှာ အလံပြာထူရတဲ့ဓလေ့ ဒါမှမဟုတ် ရွက်တိုင်ကို အပြာရောင်သုတ်ရတဲ့ ရှေးဓလေ့ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီအီဒီယံရဲ့အဓိပ္ပါယ်ကတော့ စိတ်မကောင်းဖြစ်နေတာ၊ စိတ်ဆင်းရဲနေတာ၊ လွမ်းဆွေးနေတာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I am feeling blue because my dog died yesterday.
ကျနော့်ခွေးလေး မနေ့ကသေသွားလို့ ကျနော်စိတ်မကောင်းဘူးဗျာ။

(၂) Out of the blue

Out of (အပြင်ထွက်လာတာ)၊ the blue (အပြာရောင်) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အပြာရောင်ထဲကနေ အပြင်ထွက်လာတာပေါ့။ ဒီနေရာမှာ the blue က sky ဆိုတဲ့ မိုးကောင်ကင်ကို ရည်ညွှန်းတာဖြစ်တဲ့အတွက် ၊ သာမာန်အားဖြင့် အပြာရောင်ရှိတဲ့ မိုးကောင်ကင်ကြီးကနေတခုခု ရုတ်တရက်မမျှော်လင့်ဘဲ ပေါ်လာတာကို ဆိုလိုတာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ရုတ်တရက် မမျှော်လင့်ဘဲ တခုခုဖြစ်လာတာ၊ မြန်မာမှာဆိုရင်တော့ ဆိုင်းမဆင့်ဗုံမပါဖြစ်တာ၊ ဘန်းစကားအရတော့ ဘာမပြောညာမပြောနဲ့ ဖြစ်တာမျိုးကိုဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Out of the blue there’s John at our front door! I haven’t seen him in ages!
John က ဆိုင်းမဆင့် ဗုံမပါ ကျနော်တို့ အိမ်ရှေ့တံခါးဝမှာပေါက်ချလာတယ်။ သူနဲ့ ကျနော် မတွေ့တာ လဲနှစ်အတော်ကြာလှပြီလေ။

(၃) Once in a blue moon

Once (တကြိမ်တခါ)၊ in (အထဲမှာ)၊ a (တခါ၊တကြိမ်)၊ blue (အပြာ)၊ moon (လ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ တကြိမ်တခါ ထွက်တဲ့အပြာရောင်လ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာပြက္ခဒိန်အမျိုးမျိုး ရှိရာမှာ၊ နေပေါ်မှာ အခြေခံတာရှိသလို ၊ မြန်မာအပါအဝင် တရုတ်၊ အိန္ဒိယစသဖြင့် ရိုးရာပြက္ခဒိန်တွေဟာ လပေါ်မှာ အခြေခံကြတာ ဖြစ်ပါတယ်။ တစ်လတစ်ခါ လပြည့်ပေမယ့် တခါတရံ ဖြစ်ခဲလှတဲ့ အခြေအနေမျိုးမှာ တစ်လနှစ်ခါ လပြည့်တာမျိုးလည်း ဖြစ်တတ်တဲ့အတွက် အဲဒီလို ဖြစ်ခဲလှတဲ့ လပြည့်ကို Blue moon ရယ်လို့ တင်စားခေါ်တာ ဖြစ်ပါတယ်။ ဒါကြောင့် Once in a blue moon ဆိုတဲ့ အီဒီယံအဓိပ္ပါယ်က မဖြစ်နိုင်ဘူးလို့တော့ မဟုတ်ဘူး၊ ဖြစ်ခဲလှတာ ၊ တခါတလေမှ ဖြစ်လေ့ရှိတာမျိုးကို တင်စားပြောတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I am trying to save money to buy a house, so I eat out only once in a blue moon.
ကျနော်က အိမ်ဝယ်ဖို့ ပိုက်ဆံစုနေတယ်။ ဒါကြောင့် အပြင်ထွက်ဝယ်စားတာမျိုးကို ကျနော် သိပ်လုပ်ခဲတယ်။

ဒီသတင်းပတ် အပြာရောင် (Blue) ကိုအခြေခံတဲ့အီဒီယံအသုံးတွေဖြစ်တဲ့ Feeling blue, Out of the blue နဲ့ Once in a blue moon တို့ကိုတင်ပြခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG