သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Controversial situation စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English American Style Idioms ကဏ္ဍမှာ အငြင်းပွားမှု အခြေအနေတွေမှာ အသုံးပြုလေ့ရှိတဲ့ အီဒီယံအသုံးအနှုန်းတချို့ဖြစ်တဲ့ Send someone packing, Skating on thin ice နဲ့ Out of question တို့ကို တင်ပြထားပါတယ်။

(၁) Send someone packing

Send (ပို့လိုက်တာ)၊ someone (တဦးတယောက်)၊ packing (အထုပ်ထုပ်ခိုင်းတာ၊ပစ္စည်းသိမ်းခိုင်းတာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်ကို အထုပ်ထုပ်ခိုင်းပြီး နှင်ထုတ်လိုက်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ကျမတို့မြန်မာမှာ အထုပ်သိမ်းခိုင်းပြီး အလုပ်ဖြုတ်ပစ်လိုက်တယ်၊ ပြန်ပို့လိုက်တယ်၊ နှင်ထုတ်လိုက်တယ်ဆိုတဲံ အသုံးနဲ့တူတယ်လို့ ဆိုရမှာပါ။ လက်တွေ့မှာ ကိုယ့်ပစ္စည်းကိုယ်သိမ်းပြီး နှင်ထုတ်လိုက်တာမျိုး ဖြစ်နိုင်သလို၊ Get out ! ဆိုတဲ့အသုံးလို ဒီနေရာကနေ အခုထွက်သွားဆိုပြီး ဒေါသနဲ့ နှင်ထုတ်လိုက်တာမျိုးကိုလည်း ရည်ညွှန်းနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

When the boss saw two employees arguing loudly in the office, he sent them packing!

ရုံးခန်းထဲမှာ အလုပ်သမားနှစ်ဦး ကျယ်ကျယ်လောင်လောင် စကားများနေတာကို တွေ့ရတော့ ဆရာသမားက နှစ်ဦးစလုံးကို နေရာကနေနှင်ထုတ်ပစ်လိုက်တယ်။


(၂) Skating on thin ice

Skating (စကိတ် စီးတာ)၊ on (အပေါ်မှာ)၊ thin (ပါးလွှာတာ)၊ ice (ရေခဲ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပါးလွှာတဲ့ ရေခဲပြင်ပေါ်မှာ စကိတ် စီးတာ ဖြစ်ပါတယ်။ ပါးလွှာတဲ့ရေခဲပြင်ပေါ်မှာ စကိတ်စီးမယ်ဆိုရင်တဲ့ ခန္ဓာကိုယ်အလေးချိန်ကြောင့် ရေခဲပြင်ဟာ အက်ကွဲကျပြီး အသက်အန္တရာယ်ရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ အီဒီယံရဲ့ အဓိပ္ပါယ်ကတော့ အန္တရာယ်ရှိတဲ့၊ ပြဿနာရှိတဲ့ အခြေအနေကိုရောက်နေတာ၊ ဖန်တီးနေတာ၊ ရင်ဆိုင်နေရတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

If you talk about religious issues at the meeting, you’ll be skating on thin ice! ဘာသာရေးကိစ္စရပ်တွေအကြောင်းကို ဒီအစည်းအဝေးမှာ မင်းသွားပြောရင်တော့ မင်းအတွက် ပြဿနာတက်လိမ့်မယ်။


(၃) Out of the question

Out of (ပြင်ပရောက်နေတာ၊ မဖြစ်နိုင်တာ)၊ the question (မေးခွန်း) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မေးခွန်းဟာ မဖြစ်နိုင်တာ။ မေးခွန်းဟာ ပြင်ပရောက်နေတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ ကျမတို့မြန်မာမှာ အနီးစပ်ဆုံး ပြောရမယ်ဆိုရင်တော့ စဉ်းစားဖို့ မဖြစ်နိုင်တာ၊ထည့်စဉ်းမပေးနိုင်တာ၊ လုံးဝမဖြစ်နိုင်တာ၊ ခွင့်မပြုနိုင်တာကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It will be out of question to discuss budgetary issues during the staff meeting today.

ဘတ်ဂျက်အသုံးစရိတ် ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဒီနေ့ဌာန အစည်းအဝေးမှာ ဆွေးနွေးဖို့ကတော့ လုံးဝမဖြစ်နိုင်ဘူး။


ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ idiom အသုံးအနှုန်းတွေက Send someone packing, Skating on thin ice နဲ့ Out of question တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG