သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sport စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ အားကစား (Sports) နဲ့ ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Down and out, Come out swinging, Get the ball rolling နဲ့ Hit below the belt တို့ကို တင်ပြထားပါတယ်။

(၁) Down and out

ဒီစကားလုံးက လက်ဝှေ့ (boxing) က ဆင်းသက်လာတာပါ။ Down (အောက်)၊ And (နှင့်)၊ Out (သတိမေ့သွားတယ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အောက်ကိုလည်း လဲကျ၊ သတိလည်းမရ ဖြစ်တာကို ဆိုလိုပါတယ်။ လက်ဝှေ့သမားတဦးအနေနဲ့ လက်ဝှေ့ကြိုးဝိုင်းမှာ ကြမ်းပေါ်ကို အလဲထိုးခံရတယ်။ ပြန်ထလို့လည်း မရနိုင်အောင် သတိမေ့နေမယ်ဆိုရင် ဘယ်လိုနေမလဲဆိုတာကို စဉ်းစားကြည့်ပါ။ ဒီလိုအခြေအနေမျိုး ရှိနေတဲ့ လက်ဝှေ့သမားဟာ လုံးဝလက်မြှောက်အရှုံးပေးရမဲ့ ဘဝမျိုးရောက်နေတာပါ။ အီဒီယဆိုတဲံ့သွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာပါဘူး။ နေ့စဉ်ဘဝမှာ ငွေလည်းမရှိ၊ ဘဝအခြေအနေလည်းမလှ၊ မျှော်လင့်ချက်လည်းကင်း၊ တနည်းတော့ ဘဝမှာ နောက်ကောက်ကျတဲ့ အခြေအနေမျိုးလို့ဆိုရင် Down and out လို့ ပြောရင် မှားမယ်မထင်ပါဘူး။ မြန်မာဘန်းစကားမှာ နလံပြန်မထူနိုင်တော့တာ၊ ဘုန်းဘုန်းလဲတာ၊ စိတ်ဓါတ်သိပ်ပြီးကျတဲ့ အခြေအနေမျိုးလို့ပြောနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

He is feeling so down and out. He lost his job and his wife has also left him!
သူက ဘဝမှာ တကယ့်ကို မျှော်လင့်ချက်ကင်းပြီး အခြေအနေမလှ ဖြစ်နေတယ်။ အလုပ်လည်းပြုတ်၊ သူ့ဇနီးကလည်း သူကို ထားရစ်သွားခဲ့တယ်။

(၂) Come out swinging

နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးက လက်ဝှေ့နဲ့ပဲ ပတ်သက်ပါတယ်။ အသုံးအနှုန်းက Come out swinging ဖြစ်ပါတယ်။ Come (လာတာ) Out (Preposition = ဝိဘတ်) ဖြစ်ပြီး come out က (အပြင်ကိုထွက်လာတာ)၊ swinging က swing စကားလုံးမှ ဆင်းသက်လာပြီး (လွှဲတာ၊ ဝှေ့ယမ်းတာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဝှေ့ရမ်းပြီးထွက်လာသည် ဖြစ်ပါတယ်။ အထူးသဖြင့် လက်ဝှေ့ပွဲတွေမှာ ယှဉ်ပြိုင်မယ့် လက်ဝှေ့သမားနှစ်ဦးဟာပွဲစထိုးဖို့ ထွက်လာကြပြီဆိုရင် ၊ လက်အိတ်စွပ်ထားတဲ့ လက်နှစ်ဘက်ယမ်းပြီး တဖက်လူကိုထိုးဖို့ ဟန်ပြင်ပြီး ထွက်လာတဲ့ပုံကို မြင်ဖူးကြပါလိမ့်မယ်။ ဘယ်လက်သီး၊ ညာလက်သီး ကျွေးဖို့ပြင်ဆင်တာ ဖြစ်ပါတယ်။ တနည်းတော့ လက်သီးတပြင်ပြင်ပေါ့။ ဒီအသုံးရဲ့ အီဒီယံကတော့ စောစောကမြင်ကွင်းအတိုင်း ပြောရမယ်ဆိုရင် လက်ဦးနိုင်ဖို့၊ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ တိုက်စစ်ပြင်ထားတဲ့အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ နေ့စဉ်အသုံးမှာတော့ ကိုယ်ယုံကြည်တာ၊ ဒါမှမဟုတ် ကိုယ့်လုံခြုံရေးကို ကာကွယ်ဖို့ အရင်စပြီး ရန်ချဲမဲ့သဘောမျိုးဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Joe came out swinging at our office today. He is in a bad mood!
Joe တယောက် ဒီနေ့ ကျနော်တို့ရုံးမှာ ရန်တစောင်စောင်နဲ့ ဖြစ်နေတယ်။ သူတခုခုကို စိတ်တိုနေပုံရတယ်။

(၃) Get the ball rolling

Get (စဖြစ်အောင်လုပ်တာ်)၊ the Ball (ဘောလုံး) Rolling က roll က ဆင်းသက်လာပြီး (လှိမ့်တာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဘောလုံးကို စလှိမ့်လိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးက ဘောလုံးပွဲလို အားကစားပွဲတွေကိုစတင်ရာမှာ ဘောလုံးကိုလှိမ့်ကန်ရတဲ့ဓလေ့ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်းသိပ်မကွာလှပါဘူး။ လုပ်ငန်းတခုခုလည်ပတ်နိုင်အောင်အစပျိုးပေးလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

To get the ball rolling on new investments in Burma, we first need to fix the laws and the banking systems.

မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နံှမှုအသစ်တွေ စတင်နိုင်ဖို့ ပထမဦးဆုံး ဥပဒေတွေနဲ့ ဘဏ်စံနစ်တွေကို ပြင်ဆင်ပေးရျျွာဖြစ်ပါတယ်။

(၄) Hit below the belt

Hit (ရိုက်တာ၊ ထိုးတာ)၊ Below (အောက်ဖက်)၊ the Belt (ခါးပတ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ခါးပတ်အောက်ကို ထိုးတာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ လက်ဝှေ့ပွဲတွေက ဖြစ်ပါတယ်၊ လက်ဝှေ့ပွဲတွေမှာ ယှဉ်ပြိုင်သူတွေအနေနဲ့ လိုက်နာရမယ့် စည်းမျဉ်းတွေအနက်တခုကတော့ ခါးပတ်ပတ်တဲ့ ခါးအောက်ဖြစ်တဲ့ ဝမ်းဗိုက်နေရာကို မထိုးရဘူးဆိုတဲ့ တားမြစ်ချက်ပဲ ဖြစ်ပါတယ်။ ဝမ်းဗိုက်ကိုထိုးရင် အထဲမှာ အူတွေဘာတွေရှိတဲ့အတွက်ကြောင့်လည်း အထိုးခံရတဲ့လူအနေနဲ့ အတော်လေး အထိနာပြီး ရေရှည်အတွက် ဒုက္ခရောက်နိုင်ပါတယ်။ ယှဉ်ပြိုင်ခြင်းသည်သာ အဓိကဆိုတဲ့ အားကစားစိတ်ဓါတ်ကင်းပြီး တဖက်လူကို စည်းမစောင့်ဘဲ နာကြဉ်အောင်ပြုလုပ်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း နေ့စဉ်ဘဝမှာ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ သေးသိမ်ရာရောက်တဲ့ စည်းမစောင့်တဲ့ အပြုအမှုမျိုး၊ အောက်တန်းကျစော်ကားရာရောက်တဲ့ အပြုအမှုမျိုးကို ရည်းညွှန်းပြီး ဒီ အီဒီယံကို အသုံးပြုနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Political campaigns make people fed up! The advertisements hit below the belt and say nasty things about the candidates.
နိုင်ငံရေး မဲဆွယ်လှုပ်ရှားမှုတွေက လူတွေကို စိတ်ပျက်စေတယ်။ ကြော်ငြာတွေက ကိုယ်စားလှယ်လောင်း တွေ မကောင်းကြောင်းကိုစော်စော်ကားကား တင်ပြနေကြတာတွေ့ရနေရတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Sport နှင့်ပတ်သက်တဲ့ idioms အသုံးတွေက Down and out, Come out swinging, Get the ball rolling နဲ့ Hit below the belt တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG