သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sports စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ အားကစား Sports ကဆင်းသက်လာတဲ့အီဒီယံအသုံးတွေဖြစ်တဲ့ Full court press, No holds barred နဲ့ Saved by the bell တို့ကို တင်ပြထားပါတယ်။

(၁) Full court press

Full (အပြည့်အဝ)၊ court (အားကစားကွင်း)၊ press က အဓိပ္ပါယ်အမျိုးမျိုးရှိပေမယ့် ဒီနေရာမှာ ဖိတာကို ဆိုလိုပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကစားကွင်းတခုလုံးမှာ ဖိပြီးကစားတာ ဖြစ်ပါတယ်။ ဒီအသုံးက ၁၉၀၀ ခုနှစ်များနှောင်းပိုင်းက စတင်ခဲ့ပြီး ဘတ်စကက်ဘော (basketball) ကစားနည်းက ဆင်းသက်လာတာ ဖြစ်ပါတယ်။ အသင်းနှစ်သင်း ယှဉ်ပြိုင်ကစားကြရာမှာ ရှေ့တန်း၊ အလယ်တန်း နဲ့ နောက်တန်းလူတွေက သူတို့ကွင်းဘက်ဘောလုံးရောက်လာပြီဆိုရင် သူ့နေရာနဲ့ သူ ထိန်းကစားကြပေမယ့် ၊ ရှုံးမယ့်အခြေအနေဆိုက်နေတယ်၊ အရေးပေါ်လာလို့ ခံစစ်အတွက် ပြင်ရတော့မယ်ဆိုရင် ကစားကွင်းတခုလုံးဆင်းပြီး ဖိကစားကြရတာကိုဆိုလိုတာ ဖြစ်ပါတယ်။

တနည်းအားဖြင့်တော့ ဘောလုံးရှိတဲ့ဘက်ကိုလိုက်ပြီး တဘက်အသင်းအနေနှင့် ဂိုးမသွင်းနိုင်အောင် လိုက်ဖျက်ရတဲ့နေရာမှာ ကိုယ့်အသင်းက အားကစားသမားအားလုံး ကြိုးစားကြရတဲ့အခြေအနေမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ နေ့စဉ်အသုံးမှာ အထူးသဖြင့် နိုင်ငံရေးလောကမှာ အခြေအနေ သိပ်မလှလို့ဖြစ်စေ၊ ဦးတည်ချက်တခုခု ပေါက်မြောက်အောင်မြင်လိုတဲ့အတွက်ဖြစ်စေ၊ အလုံးအရင်းနဲ့ ဘက်စုံဒေါင့်စုံကနေ ကိုင်တွယ်လုပ်ဆောင်တာမျိုးကို ဆိုလိုပါတယ်။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ကိုယ်လိုချင်တာ မရရအောင် အလုံးအရင်းနှင့် ဖိအားပေး လုပ်ယူတာမျိုး ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Mayor is undertaking a full court press to get funds for the new hospital in his city.

မြို့တော်ဝန်က သူ့မြို့မှာ ဆေးရုံအသစ် ဆောက်နိုင်ဖို့ ရန်ပုံငွေရရှိရေးအတွက် ဘက်စုံကနေ မရရအောင် ဖိအားပေး ကြိုးစားနေတယ်။

(၂) No holds barred

No (မရှိတာ၊ မဟုတ်တာ)၊ holds က hold (ဆုပ်ကိုင်ထားခြင်း) ဆိုတဲ့ အခြေခံဝေါဟာရက ဆင်းသက်လာပြီး နာမ်အဖြစ်သုံးထားတာဖြစ်ပါတယ်။ Barred က bar ဆိုတဲ့ အခြေခံဝေါဟာရက ဆင်းသက်လာပြီး ကြိယာအဖြစ်သုံးထားရာမှာ (ဟန့်တားတာ၊ တားမြစ်တာ) လို့ လုံးကောက်အဓိပ္ပါယ်ရပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဘယ်နေရာမှာဆုတ်ကိုင်ရမယ်ဆိုတာကို တားမြစ်ထားခြင်း မရှိတာ ဖြစ်ပါတယ်။ ဒီအသုံးက Wrestling နပန်းသတ်ပွဲကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ နပန်းသတ်ပွဲမှာ ယှဉ်ပြိုင်တဲ့ နပန်းသမားနှစ်ဦးက တယောက်ကိုတယောက် ကိုင်ပေါက်နိုင်ဖို့ ကြိုးစားကြတော့ ဒီလို လုပ်နိုင်ဖို့ တယောက်ကိုတယောက် လက်နဲ့မြဲမြဲ ဆုတ်ကိုင်မိအောင် ကြိုးစားကြရတာဖြစ်ပါတယ်။ လက်ဝှေ့ပွဲလိုပဲ နပန်းသတ်ပွဲမှာလည်း စည်းမျဉ်းတွေရှိတာမို့ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေကိုဖြင့် မကိုင်ရဘူးဆိုပြီး တားမြစ်ထားတာ ရှိပါတယ်။ ဒါကြောင့်မို့ ပြိုင်ပွဲမှာ ခန္ဓာကိုယ်ဘယ်နေရာမှာ ဆုတ်ကိုင်ရမယ်လို့ ကန့်သတ်ဟန့်တားထားခြင်း မရှိဘူးဆိုရင်တော့ လုပ်ချင်သလို လုပ်လို့ရတဲ့သဘောမျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် အီဒီယံဓိပ္ပါယ်က တဦးနဲ့တဦး၊ တဖက်နဲ့တဖက် ဆက်ဆံရာမှာ အားနာမှု၊စာနာမှု၊ညှာတာမှု၊ ကိုယ်ချင်းစာမှု အစရှိတဲ့ စောင့်ထိန်းရမဲ့ လူ့ကျင့်ဝတ်သိက္ခာတွေ မရှိတော့ဘဲ ၊ အတားအဆီးမရှိ၊ မီးကုန်ယမ်းကုန်၊ စိတ်လွတ်ကိုယ်လွတ် ပြုမူလိုက်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းတော့ ဘာကိုမှ ဂရုစိုက်စရာမလိုဘဲ လုပ်လိုက်တာမျိုးလို့ဆိုနိုင်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

This debate is going to be very exciting! There’s no holds barred.

ဒီစကားရည်လုပွဲတော့သိပ်ကိုကြည့်ကောင်းမယ့်ပွဲဖြစ်မယ်။ လိုက်နာရမယ့် စည်းမျဉ်းကန့်သတ်ချက်တွေ မရှိဘူးလို့ဆိုတယ်။

(၃) Saved by the Bell

Saved (ကယ်တင်တာ)၊ by (နှင့်)၊ the bell (ခေါင်းလောင်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ခေါင်းလောင်းက ကယ်တင်လိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးက လက်ဝှေ့ပွဲက ဆင်းသက်လာတာ ဖြစ်ပါတယ်။ လက်ဝှေ့သမား နှစ်ဦးတို့အနေနဲ့ ထိုးသတ်နေတုန်း ၊ ခေါင်းလောင်းသံကြားရင် ပွဲကိုခေတ္တရပ်နားကြရတာမို့ သိပ်အခြေအနေမလှဘဲ ပွဲရှုံးတော့မယ့် အခြေဆိုက်နေတဲ့ လက်ဝှေ့သမားတဦးအနေနဲ့ ခေါင်းလောင်းသံ ကြားလိုက်ရတော့ ပွဲရပ်ရတော့မှာမို့ သူ့အတွက်ကတော့ အသက်ရှုပေါက် ရသွားတဲ့အနေအထား ဖြစ်ပါတယ်။ အလားတူပဲ နေ့စဉ်ဘဝမှာလည်း ဒီ အီဒီယံအသုံးက လက်မတင်လေးတင် ကိုယ့်အတွက် သက်သာရာရတဲ့ အခြေအနေမျိုးကိုဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John was running late for the meeting and his car ran out of battery ! He was saved by the bell because his neighbor gave him a lift to his office.

John က စည်းဝေးပွဲသွားဖို့နောက်ကျနေတယ်။ သူ့ကား ဘက်ထရီလည်း ဒေါင်းနေတယ်။ အချိန်မီဘဲသူ ကံကောင်းသွားတာက သူ့အိမ်နီးချင်းက ရုံးလိုက်ပို့ပေးခဲ့တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Sport အားကစားဆိုင်ရာ အီဒီယံ အသုံးအနှုန်းများမှာ Full court press, No holds barred နဲ့ Saved by the bell တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG