သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Buck စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Buck စကားလုံးကို အခြေခံတဲ့ The Buck stops here, Pass the buck နဲ့ Make a fast buck တို့ကိုတင်ပြထားပါတယ်။

(၁) The Buck stops here

The buck (သမင်ပျို)၊ stops (ရပ်တာ)၊ here (ဒီနေရာမှာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ် သမင်ပျို ဒီနေရာမှာ ရပ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ နည်းနည်းရှင်းပြလိုတာကတော့ The buck က Buckhorn knife ဆိုတဲ့ သမင်ပျိုရဲ့ ဦးချို၊ ဓါးနှောင့်နဲ့ လုပ်ထားတဲ့ ဓါးမြှောင်ကို ရည်ညွှန်းတာဖြစ်တာမို့ The buck stops here စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ သမင်ပျိုဦးချို ဓါးနှောင့်နဲ့ လုပ်ထားတဲ့ ဓါးမြှောင်ဟာ ဒီနေရာမှာပဲ ရပ်တာဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ အမေရိကန်ကောင်းဘွိုင် (Cowboy) ခေတ်က ဖဲဝိုင်းတွေက ဖြစ်ပါတယ်။ အဲဒီခေတ်က ဖဲဝိုင်းတွေမှာ ဒိုင်လူကြီးလုပ်တဲ့လူဟာ ဘယ်သူဖြစ်တယ်ဆိုတာကို အတိအကျ သိကြစေဖို့ ဒိုင်လူကြီး လုပ်တဲ့လူရှေ့မှာ အဲဒီ Buck လို့ အတိုကောက်ရည်ညွှန်းပြောထားတဲ့ Buckhorn knife သမင်ချိုဓါးနှောင့်နဲ့ လုပ်ထားတဲ့ ဓါးမြှောင်ကို ချထားတာ ဖြစ်ပါတယ်။ ဖဲဝိုင်းမှာ အဆုံးအဖြတ်ပေးရာမှာ တာဝန်အရှိဆုံးက ဒိုင်လူကြီး ဖြစ်တာမို့ နောက်ဆုံး တာဝန်ခံမယ့်လူဟာ အဲဒီ ဒိုင်လူကြီး ဖြစ်တယ်ဆိုတာကို ဆိုလိုတာဖြစ်ပါတယ်။ အီဒီယံ သွယ်ဝိုက်အဓိပ္ပါယ်က တာဝန်အားလုံးဟာ ငါ့မှာရှိတယ်၊ ငါ့တာဝန်တွေ ဖြစ်တယ်ဆိုတာကို လက်ကိုင်ထားပြီး၊ ရဲရဲဝံ့ဝံ့ တာဝန်ယူတတ်တဲ့ ခေါင်းဆောင်ကောင်း ပီသတဲ့လက္ခဏာရပ်ကိုဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို အမေရိကန်ပြည်ထောင်စုရဲ့ (၃၃) ဦးမြောက် သမ္မတဖြစ်ခဲ့တဲ့ Harry Truman က သူ့ရဲ့ အိမ်ဖြူတော်ရှိ စားပွဲပေါ်မှာ “The buck stops here” ဆိုတဲ့စာတန်းကဗ္ပည်းထိုးထားတဲ့ သစ်သားဆိုင်းဘုတ်ကို ထောင်ထားတာ ဖြစ်ပါတယ်။ နိုင်ငံမှာ ဖြစ်ပျက်သမျှအားလုံးဟာ အဆုံးမှာ သူ့မှာ တာဝန်ရှိတယ်ဆိုတာကို သူအလေးအနက် ခံယူတဲ့ သဘောဖြစ်ပါတယ်။ သမ္မတ Harry Truman (၁၉၅၂) ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့က အမျိုးသား စစ်တက္ကသိုလ်တခုမှာ ပြောကြားသွားတဲ့ မိန့်ခွန်းကနေ ကောက်နုတ်ပြီး တင်ပြထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

When the decision is up before you and on my desk, I have a motto that says the buck stops here. The decision has to be made.
ဆုံးဖြတ်ချက်ချရမယ့်ကိစ္စ ကျနော့်ရှေ့ စားပွဲပေါ်ရောက်ပြီဆိုရင် ကျနော့်မှာ ခံယူချက်တခု ရှိပါတယ်။ အဲဒါကတော့ ကျနော့်မှာ တာဝန်အရှိဆုံးဖြစ်တယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ကို မဖြစ်မနေ ချရမှာ ဖြစ်တယ်ဆိုတာပါ။

(၂) Pass the buck

Pass (နောက်တယောက်ကို ကမ်းပေးလိုက်တာ)၊ the buck က စောစောက ရှင်းပြခဲ့တဲ့ Buckhorn knife သမင်ပျို ဦးချိုဓားနှောင့်ရှိတဲ့ ဓားမြှောင်ကို ဆိုလိုတာဖြစ်တော့၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အဲဒီ Buckhorn knife ဓားမြှောင်ကို နောက်တယောက်ကို ကမ်းပေးလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးဟာ စောစောက The buck stops here ဆိုတဲ့ အီဒီယံအသုံးနဲ့ ဆက်စပ်နေတယ်လို့ ဆိုရမှာပါ။ ကောင်းဘွိုင်တွေခေတ်က ဖဲဝိုင်းတွေမှာ ဒိုင်လုပ်ရမဲ့လူရှေ့ Buckhorn knife သမင်းပျိုဦးချို ဓားနှောင့်နဲ့ လုပ်ထားတဲ့ ဓားမြှောင်ကို ချထားတဲ့ ဓလေ့ရှိခဲ့တဲ့အတိုင်း ၊ အလှည့်ကျ ဒိုင်လုပ်ရမယ့်နေရာမှာ ဒိုင်လုပ်လိုစိတ် မရှိသူက၊ သူ့ရှေ့မှာ လာချထားတဲ့ ဓားမြှောင်ကို နောက်တဦးရှေ့ကို ရွှေ့ပြီး ကမ်းပေးလိုက်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ဒီဒိုင်တာဝန်ကို သူ မလုပ်လိုဘူးလို့ အသိပေးလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ တာဝန်မခံဘဲ နောက်တယောက်ကို တာဝန်လွှဲပေးလိုက်တာ၊ နောက်တဦးကို တာဝန်ယူစေတာ၊ တာဝန်ယူခိုင်းလိုက်တာ ဖြစ်ပါတယ်။ ဒီအီဒီယံအသုံးကိုလည်း သမ္မတ Harry Truman က ၁၉၅၃ ခုနှစ် ဇန်နဝါရီလက အမေရိကန် နိုင်ငံသားတွေကို သူ့ရဲ့ ရာထူးသက်တမ်း တာဝန်ကုန်လို့ နှုတ်ဆက်စကား ပြောကြားရာမှာ ဘယ်လို ထည့်သွင်းပြောကြားခဲ့သလဲ ဆိုတာကို လေ့လာကြည့်ရအောင်ပါ။

The President whoever he is has to decide. He can’t pass the buck to anybody.
သမ္မတအဖြစ် ထမ်းဆောင်သူဟာ ဘယ်သူပဲဖြစ်ဖြစ် အဆုံးအဖြတ် ပေးရမှာ ဖြစ်ပါတယ်။ ဘယ်သူကိုမှ ဒီတာဝန်ကို သူ့အနေနဲ့ လွှဲပေးလို့မရဘူး။

(၃) Make a fast buck

Make (လုပ်တာ၊ ရှာတာ)၊ a (တခု)၊ fast (မြန်မြန်)၊ buck က ဒီနေရာမှာ စောစောက ရှင်းပြခဲ့တဲ့ အီဒီယံအသုံးနှစ်ခုဖြစ်တဲ့ Buckhorn knife နဲ့ မတူဘဲ ဒီနေရာမှာ Buck က ငွေသားကို ဆိုလိုတာ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ငွေသားမြန်မြန်ရအောင် ရှာတာဖြစ်ပါတယ်။ ဒီနေရာမှာ Fast အစား အဓိပ္ပါယ်တူတဲ့ Quick ကို အစားထိုးပြီး Make a quick buck လို့လည်း ပြောလို့ရပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က မြန်မာမှာ အနီးကပ်ဆုံး ပြောရရင်တော့ ငွေကို လွယ်လွယ်နဲ့ ရှာတာဖြစ်ပါတယ်။ တနည်းတော့ မပင်ပန်းဘဲ အချိန်တိုတိုအတွင်းမှာ အမြတ်မြက်မြက်လေး ရလိုက်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သမာအာဇီဝနည်းနှင့် ငွေရှာတာ ဖြစ်ချင်မှဖြစ်မှာပါ။ နဖူးကချွေး၊ ခြေမကျအောင် ရှာရတာနှင့် ဆန့်ကျင်ဘက်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်ပါ။

The car salesman made a fast buck by selling the used car to that old guy.
ကားပွဲစားက ကားဟောင်းကို အဲဒီအဖိုးကြီးကို ရောင်းလိုက်တာ ခဏလေးနဲ့ ငွေမြက်မြက်လေး ရသွားတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Buck စကားလုံးကို အခြေခံတဲ့ Idiom အသုံးအနှုန်းတွေက The Buck stops here, Pass the buck နဲ့ Make a fast buck တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG