သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Call စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ခေါ်တယ်လို့ အဓိပ္ပါယ်တဲ့ (Call) ကိုအခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Call a Spade a Spade, Wake-up Call နဲ့ At Someone’s Beck and Call တို့ကို တင်ပြထားပါတယ်။

(၁) Call a Spade a Spade

Call (ခေါ်တာ)၊ A (တစ်ခု)၊ Spade က အဓိပ္ပါယ်အမျိုးမျိုးရှိပေမယ့် ဒီနေရာမှာ ဂေါ်ပြားလို့ အဓိပ္ပယ်ရပါတယ်။ A spade ကတော့ ဂေါ်ပြားတစ်ခုပေါ့။ ဒါကြောင့် ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဂေါ်ပြားကို ဂေါ်ပြားလို့ခေါ်ဖို့ ဖြစ်ပါတယ်။ ဒီအသုံးကရှေးဂရိပုံပြင်ကနေဆင်းသက်လာပြီး နောက်ပိုင်းမှာ အင်္ဂလိပ်စာရေးဆရာတွေ အသုံးပြုလာကြတာ ဖြစ်ပါတယ်။ ဂေါ်ပြားကို ဂေါ်ပြားရယ်လို့ ရှင်းရှင်းလင်းလင်းခေါ်ဖို့ ပြောထားတာမို့ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်းရှင်းပါတယ်။ အရှိကိုအရှိအတိုင်းပြောဖို့၊ ခေါ်ဖို့ ဖြစ်ပါတယ်။ တခါတရံ လူ့အဖွဲ့အစည်းအကြား အရှိကိုအရှိအတိုင်း ဘွင်းဘွင်းပြောမိရင် ရိုင်းရာကျမှာစိုးလို့၊ အားနာလို့၊ သူများမကြိုက်မှာစိုးလို့၊ စိတ်ဆိုးမှာစိုးလို့ နားကြားကောင်းအောင် ကြည့်ပြောရတဲ့အခါတွေလည်း ရှိပါတယ်။ တချို့အသုံးအနှုန်းကျတော့ တည့်တည့်ပြောရင် ရင့်သီးရာရောက်တော့ စကားလှလှသုံးပြီး ပြောရတဲ့အခါတွေလည်း ရှိပါတယ်။ အသုံးမကျတဲ့ လူတစ်ဦးကို အသုံးမကျဘူးရယ်လို့ တည့်တည့်ပြောရင် အပြောခံရတဲ့လူက၊ အတော်လေးအောင့်သက်သက်ဖြစ်မှာမလွဲပါဘူး။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Let me call a spade a spade. You are hopeless in everything you do!
ပွင့်ပွင့်လင်းလင်းပဲ အရှိကိုအရှိအတိုင်း ပြောပါရစေ။ ခင်ဗျားကဘယ်နေရာမှာမှ သုံးမရတဲ့လူဖြစ်တယ်။

(၂) Wake-up Call

Wake-up (အိပ်ယာကနုှိးတာ)၊ Call ကဒီနေရာမှာ(တယ်လီဖုံးခေါ်တာ) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အိပ်ယာကနုှိးဘို့တယ်လီဖုံးခေါ်တာပေါ့။ ဒီအသုံးကတော့ ဟိုတယ်တွေမှာ သွားတည်းတဲ့အခါ မနက်စောစော ကိုယ့်ကိုနှိုးဘို့လိုတယ်ဆိုရင် ဟိုတယ်ကောင်တာမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းကို ဘယ်အချိန်မှာကိုယ့်အခန်းကိုတယ်လီဖုန်းဆက်ပြီး နှိုးဖို့ မေတ္တာရပ်ခံတဲ့ဓလေ့ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ အခြေအနေတစ်ခုခုနှင့်ပတ်သက်လို့ ဒီအတိုင်းကြည့်နေလို့တော့မဖြစ်ချေဘူး၊ တစ်ခုခုလုပ်မှ ဖြစ်တော့မယ်ဆိုတဲ့ အသိတရားဝင်စေတဲ့ ဖြစ်ရပ်ကိုဆိုလိုတာ ဖြစ်ပါတယ်။ တနည်းတော့အခြေအနေဟာမဟန်တော့ဘူးဆိုတာကိုမျက်စိပွင့်၊ နားပွင့်ဖြစ်လာတာ၊ ဥပက္ခာပြုထားလို့မရတော့ဘူး ဆိုတာကိုသတိပေးရာရောက်စေတဲ့ ဖြစ်ရပ်ကို ဆိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It was a wake-up call for Tom to stop smoking when his brother died of lung cancer.
သူ့ညီအဆုတ်ကင်ဆာနဲ့ ဆုံးသွားတော့ Tom အနေနဲ့ သူဆေးလိပ်မဖြတ်ရင် မဖြစ်တော့ဘူးဆိုတဲ့ အသိတရား ဝင်လာတယ်။

(၃) At Someone’s Beck and Call

At (နေရာကို ရည်ညွှန်းတဲ့ ဝိဘတ် - preposition)၊ Someone’s (လူတဦးတယောက်ရဲ့)၊ Beck (ခေါင်းညိတ်ခေါ်တာ၊ လက်ရပ်ခေါ်တာ)၊ And (နှင့်)၊ Call (ခေါ်တာ) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လူတစ်ဦးတစ်ယောက်ရဲ့လက်ရပ်ခေါ်တာ၊ ခေါင်းညိတ်ခေါ်တာ ကိုခံနေရတာဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ အခေါ်ခံရဖို့၊ အခိုင်းခံရဖို့ အမြဲအဆင်သင့် စောင့်နေတာကို ဆိုလိုပါတယ်။ မြန်မာဘန်းစကားမှာဆိုရင်တော့ လူတစ်ဦးအနေနှင့် ထိုင်ဆိုထိုင်၊ ထဆိုထ အခိုင်းခံနေရတဲ့ အနေအထားမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် လူတစ်ဦးရဲ့ ခိုင်းဖတ်ဖြစ်တာမျိုး၊ ခိုင်းလို့ကောင်းတဲ့လူမျိုး၊ ခိုင်းလိုက်ရင် အမြဲအဆင်သင့်ဖြစ်နေတာမျိုး၊ စေလိုရာစေဆိုတဲ့လူမျိုးလိုပေါ့။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The poor guy is at the beck and call of that pretty girl!
သနားစရာကောင်းတဲ့ လူပါပဲ။ ဟိုမိန်းမချောလေးရဲ့ ခိုင်းဖတ်ဖြစ်နေတယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ Call ကိုအခြေခံတဲ့ Idiom အသုံးတွေက Call a Spade a Spade, Wake-up Call နဲ့ At Someone’s Beck and Call တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG