သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cut စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ဖြတ်တယ်လို့အဓိပ္ပါယ်ရတဲ့ Cut ကိုအခြေခံတဲ့ Idiom အသုံးအနှုန်းတွေဖြစ်ကြတဲ့ Cut down to size, Cut it out နှင့် Cut a fine figure တို့ကိုတင်ပြထားပါတယ်။

(၁) Cut down to size

Cut down (ဖြတ်ချလိုက်တာ)၊ size (အရွယ်အစား) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အရွယ်အစားကို ဖြတ်ချပစ်လိုက်တာ ဖြစ်ပါတယ်။သာမန်အားဖြင့်အရွယ်အစားကိုဖြတ်ချပစ်လိုက်တယ် လို့ဆိုရာမှာ၊ ကြီးတာကို ငယ်အောင်လုပ်တာ၊ ရှည်တာကို တိုအောင်လုပ်လေ့ရှိတာဖြစ်ပါတယ်။ ဒါပေမဲ့ဒီနေရာမှာ လူ့အပြုအမူ၊အပြောအဆိုနှင့်ပတ်သက်နေတာမို့ အရွယ်အစားကို ဖြတ်ချပစ်လိုက်တယ်လို့ဆိုရာမှာ ၊ သိပ်ဘဝင်ဟိုင်းနေတဲ့လူတဦးကိုသူနေရာနဲ့ သူဖြစ်သွားအောင် ပြောပစ်လိုက်တာ၊ နှိမ်ပစ်လိုက်တာမျိုးကို ဆိုလိုပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က မြန်မာဘန်းစကားမှာ လူတဦးကို ဒေါက်ဖြုတ်လိုက်တာနှင့်တူတယ်လို့ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John was talking a lot about politics as if he knows everything! But we soon cut him down to size!
John က နိုင်ငံရေးအကြောင်း အသားကုန် ပြောနေလိုက်တာသူ့ကိုယ်သူ လူတတ်ကြီး လုပ်လို့ပေါ့။ ဒါပေမဲ့ မကြာပါဘူး ကျနော်တို့အားလုံး သူကို ဝိုင်းပြီးဒေါက်ဖြုတ်လိုက်ကြတယ်။

(၂) Cut it out

Cut out (ဖြတ်ထုတ်ပစ်လိုက်တာ)၊ it (တခုခုကို ရည်ညွှန်းတဲ့ နာမ်စား) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ တခုခုကို ဖြတ်ထုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ ရပ်လိုက် ဒါမှမဟုတ် တော်တော့လို့ပြောတာဖြစ်ပါတယ်။ လုပ်နေတာ၊ ပြောနေတာကို ဆက်မလုပ်နဲ့လို့ ပြောတာ ဖြစ်ပါတယ်။ တနည်း Stop it! ဆိုပြီးပြောတာနဲ့ အတူတူဘဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအသုံးဟာ နည်းနည်းရင့်သီးရာ ရောက်တဲ့အတွက်၊ ကိုယ့်အချင်းချင်း၊ ဒါမှမဟုတ် သက်တူရွယ်တူတွေကြားမှာ ဘဲသုံးဖို့သင့်တော်တယ်လို့ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mike, cut it out! Stop teasing the girls!
Mike တော်တော့ကွာ။ ကောင်မလေးတွေကို စတာနောက်တာ ရပ်လိုက်တော့။

(၃) Cut a fine figure

Cut က သာမန်အားဖြင့် ဖြတ်တယ်လို့ အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာ အသွင်ဆောင်တာကို ဆိုလိုပါတယ်။ A (တခု)၊ fine (ကောင်းတာ) ၊ figure (ပုံပန်းသဏ္ဌာန်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပုံပန်းသဏ္ဌာန် အသွင်အပြင်ကောင်းတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ကြည့်လို့ကောင်းတာ၊ မျက်စေ့ပသာဒ ရှိတာကို ဆိုလိုပါတယ်။ အထူးသဖြင့် ဝတ်ကောင်းစားလှတွေ ဝတ်ထားတဲ့အတွက်ကြောင့် ရှိုးကျပြီး ကြည့်လို့ကောင်းတာမျိုးမှာ ဒီ အီဒီယံကို တင်စားသုံးနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

At the wedding, John cut a fine figure in his new tuxedo!
မင်္ဂလာဆောင်မှာ John က tuxedo အနောက်တိုင်းဝတ်စုံ ဝတ်ထားတာ သိပ်ကိုကြည့်ကောင်းတာဘဲ။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Idiom အသုံးတွေက Cut down to size, Cut it out နှင့် Cut a fine figure တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG