သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Deck စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions သင်္ဘောကုန်းပတ် ဒါမှမဟုတ် ဖဲထုပ် လို့ အဓိပ္ပါယ်ရတဲ့ Deck ကိုအခြေခံတဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြထားပါတယ်။

() Stack the deck against someone

Stack (စီထားတာ၊ ထပ်ထားတာ၊ ဆင့်ထားတာ)၊ the deck (ဖဲထုပ်)၊ against (ဆန့်ကျင်ပြီး)၊ someone (လူတဦးတယောက်) လို့ လုံးကောက် အဓိပ္ပါယ်ရပြီး ၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဖဲထုပ်ကိုလူတဦးတယောက်ကိုဆန့်ကျင်ပြီးစီထားတာ ဖြစ်ပါတယ်။ ဖဲဝိုင်းမှာ ဖဲထုပ်ကို ဒိုင်က ကုလားဖန်ထိုးပြီး ဖဲချပ်တွေကို ဆင်ထားတယ်၊ ညစ်ထားတယ်ဆိုရင် တဖက်က ကစားသူတွေအနေနဲ့ နိုင်ဖို့က မလွယ်တာ သေချာပါတယ်။ ဒီနေရာမှာ Stack the deck အစား Stack the cards လို့လည်း အစားထိုးပြီးသုံးနိုင်ပါတယ်။ ဒီအသုံးက ဖဲဝိုင်းမှာတင် မဟုတ်ပါဘူး၊ နေ့စဉ်ဘဝမှာ အခြေအနေတခုခုမှာ၊ တဖက်လူ မနိုင်နိုင်အောင်၊ မကျော်လွန်နိုင်အောင် ၊ ဘာမှမတတ်နိုင်အောင် လုပ်ထားတယ်၊ တမင်အကွက်ကျကျ ဆင်ထားတယ်ဆိုရင် Stack the deck against someone လို့ ရည်ညွှန်းသုံးနိုင်ပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ တဖက်လူ မအောင်မြင်အောင်၊ အခက်အခဲဖြစ်ရအောင်၊ ဉာဏ်ဆင်ထားတာ ၊ အကွက်ဆင်ထားတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John thinks the boss has stacked the deck against him so he won’t get any promotion.

John က သူရာထူး မတိုးနိုင်အောင် သူ့ဆရာသမားကအကွက်ဆင်ထားတယ်လို့ ထင်နေတယ်။

() Hit the deck

Hit (ထိတာ)၊ the deck (သင်္ဘောကုန်းပတ်၊ ကြမ်းပျဉ်) လို့ လုံးကောက် အဓိပ္ပါယ်ရပြီး ၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကုန်းပတ် (ဒါမှမဟုတ်) ကြမ်းပျဉ်နဲ့ သွားထိတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က နှစ်မျိုး ရှိပါတယ်။ Hit the deck ရဲ့ ပထမ Idiom အဓိပ္ပါယ် က ကြမ်းပျဉ် (ဒါမှမဟုတ်) မြေကြီးပေါ်ကို ရုတ်တရက် လဲှချလိုက်တာ၊ ဝပ်ချလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I hit the deck as soon as I heard the gun shots!

သေနတ်သံတွေ ကြားကြားချင်းပဲ ကျနော် မြေကြီးပေါ်ကို ဝပ်ချလိုက်တယ်။

Hit the deck ရဲ့ဒုတိယ Idiom အဓိပ္ပါယ်က အိပ်ရာကနေထဖို့ နှိုးတာ ဖြစ်ပါတယ်။ ဒီအသုံးကတော့ သင်္ဘောသားလောက ၊ ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ သင်္ဘောသားတွေအနေနဲ့ မနက်တိုင်း ကုန်းပတ်ပေါ်မှာ သွားပြီးတန်းစီးရတဲ့အတွက် မနက်စောစော အိပ်ရာကနေ ထကြဖို့ နှိုးရာကနေ ဒီအသုံး ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

We got to start our trip early so hit the deck you guys!

ကျနော်တို့ ခရီး စောစောထွက်ကြရမယ်။ ဒါကြောင့် အိပ်ရာကနေ မောင်ရင်တို့ စောစောထကြဟေ့။

() All hands on deck

All (အားလုံး)၊ hands (လက်တွေ)၊ on (အပေါ်မှာ)၊ deck (သင်္ဘောကုန်းပတ်) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က သင်္ဘောကုန်းပတ်ပေါ်မှာ လက်တွေအားလုံး ရောက်နေတာဖြစ်ပါတယ်။ ဒီအသုံးက Nautical ရေကြောင်းသွားလာတဲ့ သင်္ဘောသားလောက၊ ကဆင်းသက်လာတာပါ။ ဒီနေရမှာ Hands က သင်္ဘောသားတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ သင်္ဘောသားအားလုံး ကုန်းပတ်ပေါ်ကို တက်ရောက်လာကြဖို့ သင်္ဘောမာလိန်မှူး ဒါမှမဟုတ် အထက်အရာရှိက အမိန့်ပေးတာကို ဆိုလိုတာ ဖြစ်ပါတယ်။ အထူးသဖြင့် သင်္ဘောဟာ မုန်တိုင်းမိတယ်၊ ဒါမှမဟုတ် တခုခုနဲ့ တိုက်မိလို့ဖြစ်စေ၊ အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေရပြီဆိုရင် သင်္ဘောအမှုထမ်းအားလုံးဟာ ကုန်းပတ်ပေါ်တက်ပြီး ကိုယ်လုပ်နိုင်သမျှ၊ လုပ်သင့်သမျှကို အားလုံး ဝိုင်းလုပ်ကြဖို့ ဆော်သြတာလည်း ဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ ဒီအီဒီယံအသုံးက တခုခု အရေးပေါ်လာပြီဆိုရင် အားလုံးရဲ့ အကူအညီကို လိုအပ်တယ်၊ တတ်နိုင်တဲ့ဘက်က အားလုံးဝိုင်းကူကြဖို့ တက်ညီလက်ညီ လုပ်ကိုင်ကြဖို့ တိုက်တွန်းတဲ့အသုံး ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It’s all hands on deck for all of us. We have to finish this project because the deadline is this Friday!

ကျနော်တို့အားလုံး ဝိုင်းလုပ်ကြဖို့ လိုနေပြီ။ စီမံကိန်းပြီးဖို့ နောက်ဆုံးကန့်သတ်ရက်က ဒီသောကြာနေ့ ဖြစ်တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Deck ကိုအခြေခံတဲ့အီဒီယံ အသုံးအနှုန်းတွေက Stack the deck against someone, Hit the deck , All hands on deck တို့ဖြစ်ကြပါတယ်။

XS
SM
MD
LG