သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Dirt စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ဖုံ၊အမှိုက် လို့အဓိပ္ပါယ်ရတဲ့ Dirt ဝေါဟာရကို အခြေခံတဲ့ Dig up dirt, Dirt cheap နဲ့ Dish the dirt တို့ကိုတင်ပြထားပါတယ်။

() Dig up dirt

Dig အမှိုက်သရိုက်၊ ဖုံ၊ အညစ်အကြေး ကို တူးဖော်တာ ဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ လူတဦးတယောက်နဲ့ ပတ်သက်လို့ အမှိုက်လို့တင်စားပြောနိုင်တဲ့ မကောင်းကြောင်းကို လိုက်စုံစမ်းဖော်ထုတ်တာ ဖြစ်ပါတယ်။ အထူးသဖြင့်ရွေးကောက်ပွဲတွေ နီးလာတဲ့အချိန်မှာ ဝင်ရွေးချယ်ခံမဲ့ကိုယ်စားလှယ်တွေအနေနဲ့ ယှဉ်ပြိုင်ဘက်တွေအကြောင်း သိက္ခာကျရလေအောင်၊ နံမည်ပျက်ရလေအောင် အကျင့်စာရိတ္တမကောင်းတာ၊ အပြစ်ရှိတာတွေကို လိုက်စုံစမ်းပြီး အများသိအောင် သတင်းဖြန့်ဖော်ထုတ်တတ်လေ့ရှိရာမှာ ဒီ Dig up dirt ကို ရည်ညွှန်းသုံးလေ့ရှိပါတယ်။ တနည်းတော့ အရှုပ်တော်ပုံကိုဖော်ထုတ်တာဒါမှမဟုတ်တယောက်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်စေမဲ့၊ နစ်နာနိုင်စေမဲ့ကိစ္စမျိုးကိုလူသိရှင်ကြားဖြစ်အောင်ပြု လုပ်တာမျိုးလို့လည်းဆိုနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Politicians try to dig up dirt about their opponents, especially when the elections are near.
နိုင်ငံရေးသမားတွေအနေနဲ့အထူးသဖြင့် ရွေးကောက်ပွဲတွေ နီးလာပြီဆိုရင် သူတို့ယှဉ်ပြိုင်ဘက်တွေအကြောင်း မကောင်းတာတွေကို လိုက်လံစုံစမ်းဖော်ထုတ်ဖို့ ကြိုးစားကြတယ်။

() Dirt cheap

Dirt (ဖုံ၊ အမှိုက်)၊ Cheap (ဈေးပေါတာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အမှိုက်လိုဘဲ ဈေးပေါတာ ဖြစ်ပါတယ်။ အမှိုက်ဆိုတာ တန်းဖိုးမရှိတဲ့အတိုင်း ဈေးပေါတဲ့နေရာမှာ အမှိုက်လောက်ပဲ တန်းဖိုးရှိတယ်လို့ တင်စားပြောဆိုတဲ့အတွက် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကရှင်းပါတယ်။ မတန်တဆ ဈေးပေါတာ၊ သိပ်ကိုဈေးပေါနေတာ ဖြစ်ပါတယ်။ မြန်မာအသုံးမှာတော့ ဈေးကလွှင့်ပစ်သလောက်ပဲ ရှိတယ်လို့ပြောတာနှင့်တူတယ်လို့ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Vegetables are dirt cheap at the farm. So Mary bought a lot !
အဲဒီစိုက်ပျိုးခြံမှာ၊ ဟင်းသီးဟင်းရွက်တွေက လွှင့်ပစ်သလောက် သိပ်ကိုဈေးပေါလှတဲ့အတွက်ကြောင့် Mary က အများကြီး ဝယ်ခဲ့တယ်။

() Dish the dirt

Dish က ဒီနေရာမှာ ကြိယာအဖြစ် အသုံးပြုထားပြီး ဖော်ထုတ်တာ၊ ကော်ထုတ်တာလို့ အဓိပ္ပါယ်ရပါတယ်။ The dirt (ဖုံ၊ အညစ်အကြေး) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဖုံ ၊ အညစ်အကြေးတွေကို ဖော်ထုတ်တာ၊ ကော်ထုတ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိပ္ပါယ်မဲ့တဲ့ စကားတွေဖြစ်တဲ့ အတင်းအဖျင်းကို အမှိုက်သရိုက်နဲ့ တင်စားပြောထားတာလို့ ဆိုရမှာပါ။ ဒါ့ကြောင့်အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အတင်းအဖျင်းပြောတာဆိုလိုတာ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားနဲ့ တလုံးတည်းပြောရင်တော့ Gossip လုပ်တာလို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The college girls got together at the restaurant and dished the dirt about the boys.
ကောလိပ်ကျောင်းသူတွေဟာ စားသောက်ဆိုင်မှာ စုကြပြီးတော့ ယောကျာ်းလေးတွေအကြောင်း အတင်းပြောကြတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Dirt စကားလုံးကို အခြေခံတဲ့ Idiom အသုံးအနှုန်းတွေက Dig up dirt, Dirt cheap နဲ့ Dish the dirt တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG