သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Double စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Double (နှစ်ဆ) စကားလုံးကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Do a double take, Double-edged sword နဲ့ On the double တို့ကို တင်ပြထားပါတယ်။

(၁) Do a double take

Do (ပြုလုပ်တာ)၊ A (တစ်ကြိမ်၊ တစ်ခါ)၊ Double (နှစ်ဆ၊ နှစ်ကျော့ပြန်)၊ Take က သာမန်အားဖြင့် ယူတယ်လို့ အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာ noun (နာမ်) အဖြစ်အသုံးပြုထားပြီး (အပြုအမှ၊ု ဆောင်ရွက်မှု) ဖြစ်ပြီး၊ ဒါကြောင့် ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ တစ်ခုခုကို နှစ်ခါပြန်၊ နှစ်ကျော့ပြန် ပြုလုပ်တာ ဖြစ်ပါတယ်။ အပြုအမှုတမျိုးမျိုးကို နှစ်ခါလုပ်တယ်ဆိုတော့ ဥပမာ နှစ်ခါပြန်ကြည့်ရတယ်ဆိုရင် ကိုယ့်မျက်စိကို ကိုယ်မယုံနိုင်လို့ အံ့အားသင့်လို့ သေချာရဲ့လားလို့ ပြန်ကြည့်ရတာမျိုးဖြစ်တဲ့ အတွက်ကြောင့် Do a double take ရဲ့ သွယ်ဝိုက်တဲ့ အီဒီယံအဓိပ္ပါယ်ကတော့ ရုတ်တရက် အံ့အားသင့်သွားစေတာ၊ မယုံနိုင်လောက်အောင် ဖြစ်စေတာမို့ သေချာရအောင် နောက်ထပ်ပြုလုပ်ရတာမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I did a double take when I saw the old guy with a young woman. His wife just recently died.
အဲဒီအဖိုးကြီး အမျိုးသမီးငယ်လေးနဲ့ တွဲနေတာ တွေ့ရတော့ ကျနော် အံ့အားသင့်လို့ နှစ်ခါပြန်ကြည့်ရတယ်။ သူ့မိန်းမ ဆုံးသွားတာ မကြာသေးဘူးလေ။

(၂) Double-edged sword

Double (နှစ်ဖက်)၊ Edged (အစွန်း၊အသွား) Double-edged ဝေါဟာရနှစ်လုံးပေါင်းစပ်ထားတဲ့ (compound word) က (နှစ်ဖက်အသွား)၊ Sword (ဓါး) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အသွားနှစ်ဖက်စလုံး ရှတဲ့ဓါး ဖြစ်ပါတယ်။ အသွားနှစ်ဖက်ရှတဲ့ ဓါးမျိုးကတော့ သာမန် မီးဖိုချောင်သုံးဓါးလို အသွားတစ်ဖက်ရှတဲ့ ဓါးနဲ့စာရင် ပိုပြီးထက်တယ်လို့ဆိုရမှာပါ။ အဲဒီလို ပိုထက်တဲ့အတွက်လည်း လူတစ်ဦးအနေနဲ့ ဓါးရှတဲ့ အန္တရာယ်နဲ့ ပိုပြီးရင်ဆိုင်နိုင်တာလည်းဖြစ်ပါတယ်။ ထက်တဲ့ဓါးသွားကနှစ်ဘက်ရှိနေတဲ့အတွက် ကောင်းတာတွေလည်း ရှိသလို၊ မကောင်းတာတွေလည်းရှိတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် Double-edged sword ရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ ကောင်းတာနဲ့ မကောင်းတာ ဒွန်တွဲနေတာကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ လူတစ်ဦးက ဉာဏ်သိပ်ကောင်းနေတယ်ဆိုရင် တဖက်မှာ ဒါဟာ ကောင်းပေမဲ့လို့ သူ ဉာဏ်ကောင်းသလောက် သာမန်လူတွေနဲ့ ပေါင်းဖို့မလွယ်ဘူးဆိုရင် သူ့ရဲ့ ဉာဏ်ထက်မြက်မှုဟာ သူ့အတွက် အနှုတ်လက္ခဏာဆောင်တာ ဖြစ်ပါတယ်။ ဒါကြောင့် သူဉာဏ်ထက်မြက်မှုဟာ သူ့အတွက်တော့ double-edged sword ဖြစ်ပါတယ်။ ကောင်းတာရှိသလို၊ မကောင်းတဲ့အပိုင်းလည်း ရှိတာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Freedom of expression is a double-edged sword. It gives the right to speak freely, but also can cause problems.
လွတ်လပ်စွာ ပြောဆိုခွင့်ဟာ အဆိုးအကောင်း ရှိပါတယ်။ အဲဒီအခွင့်အရေးကြောင့်၊ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် ရှိပေမဲ့တဖက်မှာပြဿနာတွေ တက်နိုင်တဲ့ အခြေအနေလည်း ဆိုက်စေနိုင်ပါတယ်။

(၃) On the double

On (အပေါ်မှာ)၊ Double (နှစ်ဆ) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ တစ်ခုခုကို နှစ်ဆပြုလုပ်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ သာမန်ထက် နှစ်ဆပို မြန်မြန်လုပ်ဖို့ ပြောတာဖြစ်ပါတယ်။ ဥပမာ စစ်တပ်မှာ မြန်မြန်ချီတက်ဖို့ စစ်သားတွေကို အမိန့်ပေးသလိုပေါ့။ ကျမတို့မြန်မာဘန်းစကားမှာတော့ သုတ်ခြေတင်ဖို့ ပြောတာမျိုးနှင့်ဆင်တယ်လို့ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The teacher ordered the students who are fighting to go to the headmistress’s office on the double.
ရန်ဖြစ်နေတဲ့ ကျောင်းသားတွေကို ကျောင်းအုပ်ဆရာမကြီး ရုံးခန်းကို အမြန်သွားကြဖို့ ဆရာက အမိန့်ပေးလိုက်တယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ Double ကိုအခြေခံတဲ့ Idiom အသုံးတွေက Do a double take, Double-edged sword နဲ့ On the double တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG