သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fair စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ တရားမျှတတယ်လို့ အဓိပ္ပါယ်ရတဲ့ Fair ကိုအခြေခံတဲ့ အီဒီယံအသုံးအနှုန်းတွေဖြစ်ကြတဲ့ Fair shot, One’s fair share နဲ့ A fair shake တို့ကိုတင်ပြထားပါတယ်။

(၁) Fair shot

Fair (တရားမျှတတာ)၊ shot (ပစ်ခတ်မှု) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မျှတတဲ့ ပစ်ခတ်မှုု ဖြစ်ပါတယ်။ ဒီနေရာမှာ Shot ဆိုတဲ့ ပစ်ခတ်မှုလို့ အဓိပ္ပါယ်ရတဲ့ စကားလုံးဟာ နေ့စဉ်ဘဝမှာတော့ အခွင့်အရေး ဒါမှမဟုတ်လုပ်ပိုင်ခွင့်ကို တင်စားပြောထားတာ ဖြစ်တဲ့အတွက်ကြောင့် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ မျှတတဲ့ အခွင့်အရေး ရရှိဖို့ ဖြစ်ပါတယ်။ လူတဦးအနေနဲ့ သူ့အတိုင်းအတာအရ လုပ်ပိုင်ခွင့်ရှိတဲ့အလျှောက် လုပ်ခွင့်ရရှိတာမျိုးကိုလည်း ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The President said in his State of the Union speech that everyone should be given “a fair shot” to afford college education.
တက္ကသိုလ်ပညာဆည်းပူးနိုင်ရေးအတွက် လူတိုင်းလက်လှမ်းမီနိုင်ဖို့အခွင့်အလမ်း ဖန်တီးပေးသင့်တယ်လို့ သမ္မတက သူ့ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

(၂) One’s fair share

One’s (တဦးတယောက်ရဲ့ )၊ fair (မျှတတာ)၊ share (ဝေပုံကျ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လူတဦးတယောက်အတွက် မျှတတဲ့ ဝေပုံကျ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ လူတဦးအနေနဲ့ ရသင့်ရထိုက်တဲ့ ဝေပုံကျလို့အဓိပ္ပါယ်ရပြီး တာဝန်ယူရာမှာလည်း ယူသင့်ယူထိုက်တဲ့ တာဝန်ကိုဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John should do his “fair share” of work in helping to clean the house.
John အနေနဲ့ အိမ်ကို ရှင်းရာမှာ သူ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ပေးသင့်ပါတယ်။

(၃) Fair shake

Fair (မျှတတာ)၊ shake (လှုပ်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မျှတစွာ လှုပ်တာ ဖြစ်ပါတယ်။ ၁၇၀၀ ခုနှစ်များက အမေရိကန်ပြည်ထောင်စုမှာ ထိုစဉ်က ဝီစီကီအရက်တွေကို အခွန်တိုးကောက်လို့ အရက်အတုတွေ ပေါ်ရာကနေ အရက်စစ်မစစ်ဆိုတာကို စစ်ဆေးရာကနေ ဒီအသုံးဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဝီစီကီအရက် ကောင်းမကောင်း၊ စစ်မစစ်ဆိုတာ သိနိုင်ဖို့ အရက်ပုလင်းထဲက အရက်နည်းနည်းလောက်ကို နောက်တပုလင်းထဲ ထည့်ပြီး၊ နည်းနည်းလှုပ်ကြည့်ရင် အမြှုပ်တွေ ပေါ်လာပြီး၊ အဲဒီအမြှုပ်တွေ ချက်ချင်းပျောက်သွားလို့ရှိရင် အဲဒီအရက်က စစ်တယ်လို့ ယူဆနိုင်တယ်လို့ဆိုပါတယ်။ တကယ်လို့ အမြှုပ်တွေက တော်ရုံနဲ့ မပျောက်ဘူးဆိုရင် အရက်က တခြားတခုခုနှင့်ရောထားတာများတာမို့၊ ယေဘူယျအားဖြင့် အရက်မစစ်ဘူးလို့ ယူဆတဲ့ဓလေ့ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် Fair shake ကတော့ ပုလင်းထဲထည့်ပြီးတော့ လှုပ်သင့်သလောက် လှုပ်ဖို့ကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာအားဖြင့် နည်းနည်းလှုပ်ရင် အမြှုပ်သိပ်မထွက်ဘဲ၊ များများလှုပ်ရင် အမြှုပ်သိပ်ထွက်မှာမို့ အဖြေမှန်ထွက်နိုင်ဖို့ကလှုပ်သင့် လှုပ်ထိုက်သလောက် လှုပ်ရမှာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ လူတဦးအနေနဲ့ သူ့ရဲ့ အရည်အချင်းအစစ်ကို ပြနိုင်ဖို့အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရဖို့လိုတာကိုဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The students were very grateful to their science teacher for giving them a “fair shake” in class activities.
ကျောင်းသားတွေက အတန်းတွင်းခန်းစာတွေ လုပ်ရာမှာ သူတို့ သိပ္ပံဆရာက အမြဲပဲ အားလုံးကို မျှမျှတတ အခွင့်အရေးပေးတဲ့အတွက်သိပ်ကိုကျေးဇူးတင်ကြတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Fair စကားလုံးကို အခြေခံတဲ့ Idiom အသုံးတွေက Fair shot, One’s fair share နဲ့ Fair shake တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG