သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hat စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Hat (ဦးထုပ်) စကားလုံးကို အခြေခံတဲ့ Pass the hat, Eat one’s hat နဲ့ Wear many hats တို့ကိုတင်ပြထားပါတယ်။

() Pass the hat

Pass (လက်ဆင့်ကမ်းပေးတာ)၊ the hat (ဦးထုပ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဦးထုပ်ကို လက်ဆင့်ကမ်းပေးတာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းက ခရစ်ယာန်ဘုရားကျောင်းတွေမှာ ဝတ်ပြုဆုတောင်းပွဲတွေအပြီး တခုခုအတွက်အလှူခံမယ်ဆိုရင် အလှူှငွေကိုထည့်နိုင်ဖို့ လွယ်လွယ်ကူကူပဲ ဦးထုပ်ကို တဖက်လှန်ပြီး၊ အလှူှငွေကို ဦးထုပ်ထဲကိုထည့်ဖို့ တဦးကနေတဦး လက်ဆင့်ကမ်းပေး တဲ့ဓလေ့ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်က အလှူငွေတတ်နိုင်သလောက် ၊ သဒ္ဒါသလောက် ထည့်ကြဖို့ ကောက်ခံတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The office staffers passed the hat around to give their boss a nice retirement gift.
ရုံးအမှုထမ်းတွေက သူတို့ဆရာသမား ပင်စင်သွားတဲ့အတွက် လက်ဆောင်ကောင်းကောင်းပေးနိုင်ဖို့ အလှူငွေ သဒ္ဒါသလောက် ထည့်ကြဖို့ ကောက်ခံခဲ့ကြတယ်။

() Eat one’s hat

Eat (စားတာ)၊ one’s (တဦးတယောက်ရဲ့)၊ hat (ဦးထုပ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကိုယ့်ဦးထုပ်ကို ကိုယ်ပြန်စားတာ ဖြစ်ပါတယ်။ ဦးထုပ်ဆိုတာ သားရေ၊ သိုးမွေး၊ ချည်ထည်၊ ပလတ်စတစ်သဖြင့်ပြုလုပ်ထားတာမို့ ဘယ်သူကမှ ကိုယ့်ဦးထုပ်ကို ကိုယ်ပြန်စားချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ဦးထုပ်ကို၊ ကိုယ်ပြန်စားပြမယ်လို့ ပြောတဲ့စကားဟာ ကိုယ့်ဘက်ကတခုခုကို သေချာလွန်းလှလို့ လောင်းကြေးစားကြေး ပြောတဲ့စကား ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်က မြန်မာမှာ အနီးစပ်ဆုံး ပြောရရင်ကိုယ့်လည်ပင်း အဖြတ်ခံတယ်ဆိုတဲ့ လောင်းကြေးစားကြေး ပြောတာနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I told the guys the US Women’s team will win the World Cup or I’ll eat my hat!
အမေရိကန်အမျိုးသမီးဘောလုံးအသင်း ကမ္ဘာ့ဖလား ဗိုလ်စွဲမယ်။ မဟုတ်ရင် ကျနော်လည်ဖြတ်ခံမယ်ဗျာလို့ ကျနော့်မိတ်ဆွေတွေကို လောင်းကြေးစားကြေး ပြောခဲ့တယ်။

() Wear many hats

Wear (ဝတ်တာ၊ ဆောင်းတာ)၊ many (အများကြီး)၊ hats (ဦးထုပ်တွေ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဦးထုပ်အများကြီး ဝတ်ထားတာ၊ ဦးထုပ်အများကြီး ဆောင်းထားတာ ဖြစ်ပါတယ်။ သာမန်အားဖြင့်လူတွေအနေနှင့်တကြိမ်မှာဦးထုပ်တလုံးပဲ ဆောင်းလေ့ရှိတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့၊ နေ့စဉ်ဘဝမှာ ရာထူးတာဝန်အမျိုးမျိုးမှာဝတ်စုံနဲ့ လိုက်ဖက်ပြီးဆောင်းရတဲ့ ဦးထုပ်ကိုရည်ညွှန်းတာဖြစ်ပါတယ်။ ဆိုလိုတာက ဦးထုပ်ကို ရာထူးတာဝန်နှင့်တင်စားပြောတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဦးထုပ်များများ ဆောင်းရတယ်ဆိုရင်၊ ရာထူးတာဝန်အမျိုးမျိုးကို ယူထားရတဲ့သဘောမျိုး ဖြစ်ပါတယ်။ တနည်း တာဝန်တွေ၊ အလုပ်တွေ ပိနေတဲ့သဘောမျိုးလည်းဆိုနိုင်ပါတယ်။ အီဒီယံဆိုတဲ့သွယ်ဝိုက်အဓိပ္ပါယ်က လူတဦးဟာ ဟိုမှာလည်းပါ၊ ဒီမှာလည်းပါ၊ ရာထူးအမျိုးမျိုး ၊ တာဝန်အမျိုးမျိုး ကိုယူထားရတာကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဥပမာ အဖွဲ့အစည်းတွေ၊ ကော်မတီတွေ၊ စီးပွါးရေးလုပ်ငန်း တွေမှာ ဥက္ကဋ္ဌလည်းသူ၊ ဘဏ္ဍာထိန်းလည်းသူ၊ CEO လည်းသူပဲ စသည်ဖြင့် တဦးတည်းတာဝန် အမျိုးမျိုးယူထားတာတွေရှိသလို၊ ဟိုကော်မတီမှာလည်းသူမပါရင်မပြီး၊ ဒီကော်မတီမှာလည်း သူမပါရင်အလုပ်မဖြစ် ဆိုတာမျိုးတွေရှိတတ်ပါတယ်။ တခါတရံလည်း အရည်အချင်းရှိလို့၊ အားကိုးရလို့ ကော်မတီအမျိုးမျိုးမှာအကြံပေးအဖြစ် ခန့်အပ်ခံရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်ပါ။

When she served as Secretary of the State , Hillary Clinton had to wear many hats.
Hillary Clinton ဟာ နိုင်ငံခြားရေးဝန်ကြီးဘဝတုန်းက တာဝန်တွေ အမျိုးမျိုးယူခဲ့ရတယ်။

ဒီသတင်းပတ်တင်ပြပေးခဲ့တဲ့ Hat စကားလုံးကိုအခြေခံတဲ့ Idiom အသုံးအနှုန်းတွေက Pass the hat, Eat one’s hat နဲ့ Wear many hats တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG