သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

High စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ မြင့်တယ်လို့်အဓိပ္ပါယ်ရတဲ့ (high) ကို အခြေခံတဲ့ Idiom အသုံးအနှုန်းတွေဖြစ်ကြတဲ့ Leave someone high and dry, Get off your high horse, Get on your high horse နှင့် High time တို့ကိုတင်ပြထားပါတယ်။

(၁) Leave someone high and dry

Leave (ချန်ရစ်ခဲ့တာ)၊ someone (တဦးတယောက်)၊ high (မြင့်တာ)၊ and (နှင့်)၊ dry (ခန်းခြောက်နေတာ) ဆိုတော့ စကားစုတခုလုံးရဲ့တိုက်ရိုက်အဓိပ္ပါယ်ကတော့ လူတဦးကို မြင့်တဲ့ခန်းခြောက်တဲ့ နေရာမှာထားခဲ့တာဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ ကမ်းနားမှာ ရေတက်တုန်း ကပ်ထားတဲ့ လှေသင်္ဘောဟာ ရေကျတဲ့အခါ ခြောက်နေတဲ့ သောင်ပြင်ပေါ်မှာ ကျန်ရစ်ခဲ့တာကို တင်စားပြောထားတာ ဖြစ်ပါတယ်။ သောင်ပြင်ပေါ်မှာတင်နေတဲ့ လှေသင်္ဘောအနေနဲ့ ဘာမှ လုပ်မရနိုင်တော့တဲ့ အခြေအနေဖြစ်နေတာမို့ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က လူတဦးတယောက်ကို ဘာမှ မငဲ့မညှာ၊ ဂရုမစိုက်၊ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထားခဲ့တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

All the factory workers went on strike, leaving the owner high and dry !

စက်ရုံအလုပ်သမားအားလုံးဆန္ဒပြကြလို့ ၊ စက်ရုံပိုင်ရှင်လည်း ဘာမှမတတ်နိုင်တဲ့အခြေအနေဆိုက်တော့တာပေါ့။

(၂) Get off your high horse

Get off (တခုခုပေါ်ကဆင်းတာ)၊ high (အမြင့်)၊ horse (မြင်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မြင့်တဲ့မြင်းပေါ်က ဆင်းပါဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ အလယ်ခေတ်ကလို့ ဆိုပါတယ်။ ထိုစဉ်က အရေးပါတဲ့လူတွေအနေနဲ့ လူထုရှေ့မှောက် ထွက်ကြရတော့မယ်ဆိုရင် ဈေးကြီးပြီး ၊ အမျိုးကောင်းတဲ့ ထွားကျိုင်းတဲ့မြင်းတွေကိုစီးပြီး ထွက်ကြတဲ့ဓလေ့ကနေ ဆင်းသက်လာတာပါ။ ဆိုလိုတာကတော့သာမန်လူတွေကြားမှာ ကြီးကျယ်တာကို ပြတာဖြစ်ပါတယ်။ ဒါကြောင့် Get off your high horse ဆိုတဲ့ အီဒီယံအသုံးကတော့ ကြီးကျယ်မနေနဲ့ ၊ကိုယ့်ကိုယ်ကို သိပ်အထင်မကြီးနေနဲ့၊ မာနကြီးမနေနဲ့ သူများနဲ့ မတူမတန်ဘူးဆိုပြီး လုပ်မနေနဲ့လို့ ပြောတာကို ဆိုလိုတာဖြစ်ပါတယ်။ တနည်းတော့ ကိုယ့်ကိုယ်ကို သိပ်ဟုတ်လှပြီ မထင်နဲ့၊ မာနကြီးပြီး၊ ဘဝင်မြင့်မနေနဲ့လို့ မြန်မာမှာ ပြောတာနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John could not take the insults from Tom anymore ! So he told him to get off his high horse.
John က Tom သူ့ကို စော်စော်ကားကားပြောတာတွေကိုသီးမခံနိုင်တော့လို့ မင်းကိုယ်မင်းသိပ်ဟုတ်လှပြီ လို့ထင်မနေနဲ့လို့ပြန်ပြောလိုက်တယ်။

ကိုယ့်ကိုယ်ကို အထင်မကြီးနဲ့လို့ ပြောရင် Get off your high horse လို့ ပြောနိုင်ပြီး၊ ကိုယ့်ကိုယ်ကို အထင်ကြီးနေတယ်ဆိုရင် Get on your high horse လို့ရပါတယ်။ Get on အပေါ်ကို တက်တာဆိုတော့ Get on your high horse စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မြင့်တဲ့မြင်းပေါ်မှာ တက်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က ကြီးကျယ်တာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Don’t try to get on your high horse with me !
ငါ့အပေါ်လာပြီး မာနထောင်ဖို့ မကြံလေနဲ့။

(၃) High time

High (မြင့်တာ)၊ time (အချိန်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မြင့်တဲ့အချိန်ပေါ့။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ မြန်မာမှာ တခုခုဖြစ်ဖို့ အချိန်တန်ပြီ၊ ဖြစ်သင့်တာ၊ လုပ်သင့်တာကြာပြီ ဆိုတဲ့သဘောဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It’s high time teachers in our country are given better pay and benefits.
ကျနော်တို့ နိုင်ငံမှာ ဆရာ၊ ဆရာမတွေကို ပိုကောင်းတဲ့ လစာနဲ့ ခံစားခွင့်တွေပေးသင့်နေတာ ကြာလှပါပြီ။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ High စကားလုံးဆိုင်ရာ Idiom အသုံးတွေက Leave someone high and dry, Get off your high horse, Get on your high horse နှင့် High time တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG