သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hit စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ထိတယ်လို့အဓိပ္ပါယ်ရတဲ့ Hit ဝေါဟာရကို အခြေခံတဲ့ Hit the nail on the head, Hit the sack နဲ့ Hit it off တို့ကိုတင်ပြထားပါတယ်။

() Hit the nail on the head

Hit (ထိတာ၊ ထုတာ) the nail (သံမှို)၊ on (အပေါ်မှာ)၊ the head (ခေါင်း ဒါမှမဟုတ် ထိပ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သံမှိုထိပ်ပေါ်ကို တည့်တည့်ထိတာ ၊ ထုတာ ဖြစ်ပါတယ်။ တူသုံးပြီးသံရိုက်ရာမှာ သံမှိုထိပ်ကို တည့်တည့် ရိုက်နိုင်ဖို့က အရေးကြီးပါတယ်။ တည့်တည့်ထုနိုင်မှလည်း သံကသစ်သားထဲဝင်မှာဖြစ်ပါတယ်။ ဒီအသုံးရဲ့ သွယ်ဝိုက်အီဒီယံအဓိပ္ပါယ်ကလဲသိပ်ကွာလှပါဘူး။ ကိစ္စတခုခုနဲ့ ပတ်သက်လို့ ဂျက်ကျကျ၊ ထိထိမိမိ ပြောနိုင်ဆိုနိုင်တာမျိုးကိုဆိုလိုတာ ဖြစ်ပါတယ်။ မြန်မာမှာတော့ စကားပြောရင်လိုရင်းတိုရှင်း ပြောနိုင်တာ၊ အံ့ဝင်ခွင်ကျ ပြောနိုင်တာ ၊ ထိထိမိမိ ဂျက်ကျကျ ပြောနိုင်တာ ၊ ဂျက်ကောင်းမိတယ်ဆိုတာနှင့် ဆင်တူတယ်လို့ ဆိုရမှာပါ။ မြန်မာဘန်းစကားအရတော့ ဒက်ထိပဲဟေ့ ပြောတာနဲ့ တူပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

He hit the nail on the head when he said action must be taken against corruption.
အဂတိလိုက်စားမှုအပေါ် အရေးယူရမယ်ဆိုတဲ့ သူ့ရဲ့ပြောဆိုချက်ဟာ သိပ်ထိမိပြီး၊ ဂျက်ကျလှတယ် ။

() Hit the sack

Hit (ထိတာ၊ ရိုက်တာ) ၊ the sack (ဂုံနီအိတ်လိုအိတ်ကြီးမျိုး) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အိတ်ကြီး နှင့်ထိမိ၊ ရိုက်မိတဲ့သဘော ဖြစ်ပါတယ်။ ဒီအသုံးက ရှေးတုန်းက ဂျုံအိတ်တွေ၊ ဆန်အိတ်တွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တွေ၊ စပါးကျီတွေမှာ လယ်သမားတွေ၊ အလုပ်သမားတွေ မောလို့ လှဲအိပ်ကြတဲ့ ဓလေ့ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ အခုခေတ်မှာတော့ အိပ်ယာကို ဘန်းစကားအရ Sack လို့ရည်ညွှန်း သုံးလာပြီး Hit the sack ရဲ့ သွယ်ဝိုက်အီဒီယံအဓိပ္ပါယ်က အိပ်ယာထဲတန်းဝင်တော့မှာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးဟာ ဘန်းစကားဆန်တဲ့အတွက်ကြောင့် ရွယ်တူချင်း၊ ခင်မင်ရင်းနှီးသူတွေကြား ဘဲသုံးဖို့ သင့်တော်တယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I’m really tired after working twelve hours straight. I’m going to hit the sack.
(၁၂) နာရီ တောက်လျှောက်အလုပ်လုပ်ခဲ့တဲ့အတွက်၊ ကျနော်တကယ့်ကိုပင်ပန်းနေပြီ။ အိပ်ယာထဲ တန်းဝင်တော့မယ်။

() Hit it off

Hit ကို off ဝိဘတ်နဲ့ပေါင်းပြီး Hit off က ထိတာ၊ ရိုက်တာ ဖြစ်ပြီး၊ it က တခုခုကို ရည်ညွှန်းတဲ့ နာမ်စားဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ တခုခုနဲ့ သွားပြီးထိတာဖြစ်ပါတယ်။ အဲဒီ Hit it off အီဒီယံနောက်မှာ လူတဦးတယောက်လို့ အဓိပ္ပါယ်ရတဲ့ Someone နဲ့ တွဲပြီး Hit it off with someone လို့ ပြောလို့ရပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ တစိမ်းနှစ်ဦး ကြား ၊ မြင်မြင်ချင်း သိသိချင်း ခင်မင်သွားကြတာ၊ သင့်မြတ်ကြတာ တည့်ကြတာကိုဆိုလိုပါတယ်။ မြန်မာဘန်းစကား မှာလူငယ်တွေကြား ပြောလေ့ရှိတဲ့ အချင်းချင်း ကြည်သွားကြတာ နှင့်အဓိပ္ပါယ်တူပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John was so glad that his parents and his girlfriend hit it off.
John က သူ့မိဘတွေနဲ့ သူ့ကောင်မလေး တည့်နေသင့်မြတ်နေတာတွေ့ရတော့ သိပ်ကိုပျော်နေတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Hit စကားလုံးကို အခြေခံတဲ့ Idiom အသုံးအနှုန်းတွေက Hit the nail on the head, Hit the sack နဲ့ Hit it off တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG