သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Leg စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသီတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ - ခြေထောက် လို့ အဓိပ္ပါယ်ရတဲ့ (Leg) ကိုအခြေခံတဲ့အသုံးတွေဖြစ်တဲ့ Pull someone’s leg, Give a leg up နဲ့ Break a leg တို့ကို တင်ပြထားပါတယ်။

၁။ Pull someone’s leg

Pull (ဆွဲသည်)၊ Someone’s (တဦးတယောက်ရဲ့)၊ Leg (ခြေထောက်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လူတဦးတယောက်ရဲ့ ခြေထောက်ကိုဆွဲတာ ဖြစ်ပါတယ်။ လူတဦးတယောက်ရဲ့ ခြေထောက်ကို သွားဆွဲတယ်ဆိုရင် စတ့၊ဲနောက်တဲ့၊ ပြောင်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ လူတဦးကို နောက်ပြောင်ကျီစယ်တာမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John was pulling my leg when he said he was getting married. He didn’t even have a girlfriend.
John က သူ မိန်းမယူတော့မယ်ဆိုပြီး ကျနော့်ကို အလကားလာနောက်တယ်။ သူမှာ ရည်းစားတောင်မရှိပါဘူး။

၂။ Give a leg up

Give (ပေးသည်)၊ A (တခု)၊ Leg (ခြေထောက်)၊ Up (အပေါ်ကို တင်ပေးသည်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခြေထောက်တဖက်ကို အပေါ်တင်ပေးတာ ဖြစ်ပါတယ်။ သစ်ပင်တပင်ပေါ်တက်မယ်ဆိုရင် အမြင့်ကအကိုင်းကို မှီနိုင်အောင် လူတဦးကို နောက်တဦးက သူ့လက်နှစ်ဖက်ကိုယှက်ပြီး အဲဒီ နှစ်ဖက်ယှက်ထားတဲ့လက်ပေါ် ကိုအားယူပြီးတက်ပြီးအပေါ်ရောက်အောင် ခြေထောက်တဖက်ကိုပင့်တင်တာမျိုး၊တွန်းတင်ပေးတာမျိုးကို ကြုံဖူးကြမှာပါ။ အီဒီယံအဓိပ္ပါယ်ကလည်း အလားတူပါပဲ။ လူတဦးတယောက်ရဲ့ ဘဝမှာ တက်လမ်းအစကို ရောက်စေဖို့ အထောက်အကူ ဖြစ်ရလေအောင်၊ကြားကတဆင့် အဲဒီလူအတွက်လိုက်ပြီးတော့ ကူညီတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းတော့ အပေါ်ရောက်အောင်၊လူတဦးလုပ်ချင်တာ အောင်မြင်အောင်၊ ကိုယ်တတ်နိုင်တဲ့ဖက်က စောင်မလိုက်တာ၊ အကူအညီပေးလိုက်တာမျိုး ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

If you have a leg up when starting your own business, you are more likely to succeed.
ကိုယ့်စီးပွားရေးလုပ်ငန်း စတော့မယ်ဆိုရင် လိုအပ်တဲ့ အကူအညီပေးဖို့ ကြားကဝင်ကူတာမျိုး ရခဲ့ရင် ကိုယ့်စီးပွားရေး အောင်မြင်တဲ့ အလားအလာ ပိုရှှိတာဖြစ်ပါတယ်။

၃။ Break a leg

Break (ကျိုးသည်၊ ချိုးသည်)၊ A (တခု)၊ Leg (ခြေထောက်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခြေထောက်တဖက်ဒါမှမဟုတ်ခြေထောက်တချောင်း ကျိုးသွားတာပေါ့။ ဒီအသုံး ဆင်းသက်လာတာကတော့ ရှေးတုန်းက ပြဇာတ်တွေ၊ ဖျော်ဖြေပွဲတွေ မစ မှီမှာ ပါဝင်သရုပ်ဆောင်ကြမယ့် လူတွေအနေနဲ့ ပွဲကြည့်ပရိသတ်အားပေးရလေအောင်၊ ကြိုက်ရလေအောင် တနည်း ပွဲကတာအောင်မြင်ရလေအောင် ပွဲမစမီမှာ တဦးကိုတဦး ကံကောင်းပါစေလို့ ဆုတောင်းပေးလိုရင် Break a leg လို့ ပြောကြပါတယ်။ ဒီနေရာမှာ၊ ခြေထောက်ကျိုးပါစေလို့ ဘာကြောင့် ဆုတောင်းပေးရလဲလို့ မေးစရာရှိပါတယ်။ အယူအဆတခုကတော့ ကံဆိုးတာတခုခုဖြစ်ပါစေလို့နုှုတ်က ကြိုပြီးနမိတ်ဖတ်ပြောခြင်းအားဖြင့်၊ အဲဒီ့ အဆိုးအပြောခံရတာနှင့် ကျိန်းကျေသွားမယ့် သဘောဖြစ်ပါတယ်။ ဒါ့ကြောင့်၊ ပြောင်းပြန်အယူအဆ ဖြစ်ရလေအောင် Break a leg လို့ပြောတာလို့ ဆိုပါတယ်။ တနည်းအားဖြင့်တော့ မကောင်းတာကျိန်းကျေပြီးတော့ ကံကောင်းစေမယ့်သဘောမျိုး ဖြစ်ပါတယ်။ မြန်မာမှာလည်း တခုခု အဆိုးမဖြစ်ရလေအောင် ကြိုတင်ပြီး ယတြာချေတဲ့ အယူအဆမျိုးနှင့်ဆင်တူ ဖြစ်ပါတယ်။ ဒါကြောင့် လူတဦး နေ့စဉ်ဘဝမှာ တခုခု လုပ်ခါနီး Break a leg လို့ ပြောလာရင် အဲဒီလူက အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်အရ Good Luck ! ကံကောင်းပါစေ လို့ ပြောတဲ့သဘော ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

You’re going for your job interview today. Break a leg!
ခင်များ အလုပ်အတွက်လူတွေ့မေးမြန်းခန်း ဒီနေ့ သွားမှာဆိုတော့ ကံကောင်းပါစေဗျာ။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ ခြေထောက် (leg) ကို အခြေခံတဲ့ idiom အသုံးတွေက Pull someone’s leg, Give a leg up နဲ့ Break a leg တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG