သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Picture စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English American Style Idioms ကဏ္ဍမှာ ရုပ်ပုံ (Picture) ကို အခြေခံတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Be out of the picture, Get the picture နဲ့ Picture-perfect တို့ကို တင်ပြပေးထားပါတယ်။

(၁) Be out of the picture

Be (ဖြစ်စေတာ)၊ out of (အပြင်ဘက် ရောက်နေတာ၊ မရှိတာ)၊ (အစီအစဉ်၊ အကြံအစည်)၊ the picture (ရုပ်ပုံ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ်က ရုပ်ပုံအပြင်ဘက်ကို ရောက်နေတာ ဖြစ်ပါတယ်။ ရုပ်ပုံထဲမှာ မပါတဲ့သဘော ဖြစ်တဲ့အတွက်ကြောင့် အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ လူတဦးဟာ အခြေအနေတခုခုနဲ့ မပတ်သက်တော့တာ၊ မဆိုင်တော့တာ၊ မသိနားမလည် ဖြစ်နေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary divorced her husband recently. So now that he is out of the picture she can do as she pleases.

Mary က မကြာသေးမီကပဲ သူ့ခင်ပွန်း John နဲ့ ကွာရှင်းလိုက်တယ်။ ဒါကြောင့် John ဟာ သူနဲ့ ဘာမှ မဆိုင်တော့အတွက်ကြောင့် Mary လဲ သူ သဘောကျသလို နေထိုင်နိုင်တော့မယ်။

(၂) Get the picture

Get (ရတာ)၊ the picture (ရုပ်ပုံ)၊ ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရုပ်ပုံကို ရသလားလို့ မေးတာဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ ပုံဆွဲပြရင်၊ ပုံဖော်ပြရင် သဘောပေါက်သလား။ အရိပ်ပြရင် အကောင်ထင်သလား သဘောမျိုးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ပြောတာကို၊ ဆိုလိုတာကို သဘောပေါက်သလား။ ပြောတဲ့အဓိပ္ပါယ်ကို နားလည်သလား၊ အခြေအနေကို သဘောပေါက်၊ အကဲခတ်မိသလားလို့ မေးတာနဲ့ တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Joe, if you get the picture of the situation Susan is in, you won’t be angry with her.

Joe ရေ ၊ Susan ရဲ့ တကယ့်အခြေအနေကို မင်းသဘောပေါက် နားလည်မယ်ဆိုရင် မင်း သူကို စိတ်ဆိုးမှာမဟုတ်ဘူး။

(၃) Picture-perfect

Picture (ရုပ်ပုံ)၊ perfect (အားလုံးပြောစရာမရှိ၊ ခြောက်ပြစ်ကင်း သဲလဲစင်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရုပ်ပုံဟာ ပြောစရာမရှိ အပြစ်ကင်းတာ ဖြစ်ပါတယ်။ ဒီနေရာမှာ Picture နဲ့ Perfect ကြား Hyphen (-) ခံထားရင် Picture-perfect ကို Adjective (နာမဝိသေသန) အဖြစ် အသုံးပြုပြီး၊ Hyphen (-) မခံထားဘဲ Picture နဲ့ Perfect ကို ခွဲထားမယ်ဆိုရင် Adverb (ကြိယာဝိသေသန) အဖြစ် အသုံးပြုတာ ဖြစ်တယ်လို့ ဖြည့်စွက်တင်ပြလိုပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ သိပ်မကွာလှပါဘူး။ အားလုံးဟာ တိတိကျကျ၊ အမှားမရှိ၊ အပြစ်အနာအဆာမရှိ၊ ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It was a picture-perfect sunny day. We all enjoyed our picnic in the field !

သိပ်ကို သာယာလှတဲ့ အပြစ်ပြောစရာမရှိတဲ့ နေသာတဲ့ နေ့တနေ့ပါပဲ။ ကျနော်တို့တတွေ လယ်ကွင်းထဲမှာသွားပြီး ပျော်ပွဲစား ထွက်ကြတာ သိပ်ကိုပျော်ခဲ့တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Picture ကိုအခြေခံတဲ့ idiom အသုံးတွေက Be out of the picture, Get the picture နဲ့ Picture-perfect တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG