သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sweat စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ချွေး လို့အဓိပ္ပါယ်ရတဲ့ (sweat) ကိုအခြေခံတဲ့အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ No sweat, In a cold sweat နဲ့ Don’t sweat the small stuff တို့ကို တင်ပြထားပါတယ်။

(၁) No sweat

No (မဟုတ်သဘောကို ပြတာ)၊ sweat (ချွေး) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ချွေးမထွက်တာ ဖြစ်ပါတယ်။ ချွေးမထွက်တဲ့အလုပ်ဆိုတော့ အပန်းမကြီးတဲ့သဘော ဖြစ်လေတော့ idiom အဓိပ္ပါယ်ကတခုခုလုပ်ခိုင်းလာတာကို တကူးတကမဟုတ်ဘဲ လွယ်လွယ်နဲ့ လုပ်ပေးနိုင်တာ၊ လုပ်ပေးရမှာအပန်းမကြီးတာ၊ အားနာစရာမလိုတာ၊ ပြဿနာမရှိဘဲ လုပ်ပေးနိုင်တာမျိုးကို ဆိုလိုပါတယ်။ မြန်မာမှာတော့ ရပါတယ်။ ကိစ္စမရှိပါဘူးဆိုပြီးပြန်ဖြေတာနှင့်ဆင်တူတယ်လို့ဆိုနိုင်ပါတယ်။ No sweat နဲ့ အဓိပ္ပါယ်တူတဲ့ နေ့စဉ်အသုံးမှာ လူတွေအသုံးများကြတာက No problem ပြဿနာမရှိဘူးဆိုတဲ့ အသုံးဖြစ်ပါတယ်။ No sweat အသုံးအနှုန်း ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I’ll drop you at the hospital today after work. It’s on my way back home, so it’s no sweat.

ဒီနေ့ ကျနော်အလုပ်ကအပြန် ခင်ဗျားကို ဆေးရုံမှာ ချပေးခဲ့ပါမယ်ဗျာ။ ကျနော့် အိမ်အပြန်လမ်းမှာဆိုတော့ ကျနော့်အတွက် အပန်းမကြီးပါဘူး။

(၂) In a cold sweat

In (အထဲမှာ)၊ a (တခု)၊ cold (အေးတာ)၊ sweat (ချွေး) တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ချွေးအေးထဲမှာ ဖြစ်ပါတယ်။ သာမန်အားဖြင့် ပူမှ၊ လှုပ်ရှားမှ

ချွေးထွက်လေ့ရှိတာ ဖြစ်ပေမယ့် အေးပေမယ့်လဲ ချွေးထွက်တယ်ဆိုတာ ဘာကြောင့် ဖြစ်နိုင်လည်းဆိုတာ စဉ်းစာကြည့်ရင် idiom အဓိပ္ပါယ်ကို သဘောပေါက်နိုင်ပါတယ်။ ကြောက်လို့ချွေးစေးထွက်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဇောချွေးပြန်တာလို့လည်း ပြောလို့ရပါတယ်။ In a cold sweat အသုံးအနှုန်း ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Mayor was in a cold sweat while waiting for the votes to be counted. He was afraid of losing because his popularity was low. မြို့တော်ဝန်က မဲတွေရေတွက်ပြီးမယ့်အချိန်ကို စောင့်ကြည့်နေတုန်း ဇောချွေးပြန်နေတယ်။ သူ့အပေါ် လူကြိုက်နည်းလာနေတော့ သူရှုံးမှာကို ကြောက်နေတယ်။

(၃) Don’t sweat the small stuff

Don’t (မဟုတ်သဘောပြတာ)၊ sweat (ချွေး)၊ the small (သေးငယ်တာ)၊ stuff (ကိစ္စအကြောင်းအရာ) တို့ဖြစ်ကြပြီး စကားစုရဲ့တိုက်ရိုက်အဓိပ္ပါယ်က ကိစ္စအသေးအဖွဲအတွက် ချွေးထွက်မခံနဲ့ ဖြစ်ပါတယ်။ Idiom သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ အသေးအဖွဲကိစ္စတွေအတွက် စိတ်ညစ်မခံဖို့၊ စိတ်ဆင်းရဲမခံဖို့ ဖြစ်ပါတယ်။ စိတ်အနှောင့်အယှက်အဖြစ်မခံဖို့ပြောတာဖြစ်ပါတယ်။ ဒီနေရာမှာ Don’t sweat သက်သက်ပဲ သုံးမယ်ဆိုရင်တော့ တခုခုကို သိပ်ဂရုမစိုက်ဖို့ ပြောတာဖြစ်ပါတယ်။ Don’t sweat the small stuff အသုံးအနှုန်း ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Don’t sweat the small stuff, Mary. It’s not worth getting angry at office gossip.

Mary ရေ … ကိစ္စအသေးအဖွဲ့လေးအတွက် သိပ်ပြီးစိတ်ဆင်းရဲ မခံနဲ့လေ။ ရုံးမှာအတင်းအဖျင်း ပြောကြတာကို အရေးလုပ်ပြီး စိတ်မဆိုးပါနဲ့။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Sweat နှင့် ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းတွေက No sweat, In a cold sweat နဲ့ Don’t sweat the small stuff တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG