သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းမီဒီယာညီလာခံ ဟားခါးမှာကျင်းပ


(ဓာတ်ပုံ - မိုးဇော် ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)
(ဓာတ်ပုံ - မိုးဇော် ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)

မြန်မာပြည်မှာ ထုတ်ဝေနေတဲ့ သတင်းမီဒီယာ အများစုဟာ မြို့ပြလူထုအကြိုက် သတင်းတွေ ဦးစားပေး ဖော်ပြနေပြီး၊ တိုင်းရင်းသားဒေသ သတင်းတွေဖော်ပြမှု အားနည်းနေကြောင်းနဲ့ တတိုင်းပြည်လုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် သတင်းအချက်အလက်မှန်တွေကို ညီညီမျှမျှ ရရှိနိုင်ဖို့ လိုအပ်တဲ့အကြောင်း ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက ချင်းပြည်နယ် ဟားခါးမြို့မှာ ကျင်းပတဲ့ တိုင်းရင်းမီဒီယာညီလာခံမှာ ပြောကြားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က ဟားခါးမြို့ကနေ သတင်းပေးပို့ထားပါတယ်။

ပြည်တွင်း၊ ပြည်ပမှာ အခြေစိုက်တဲ့ တိုင်းရင်းသားသတင်းမီဒီယာ အဖွဲ့အစည်းတွေရဲ့ တတိယအကြိမ်မြောက် တိုင်းရင်းသတင်းမီဒီယာညီလာခံကို ဒီကနေ့ ချင်းပြည်နယ် ဟားခါးမြို့မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး၊ ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက လက်ရှိ သတင်းမီဒီယာတွေရဲ့ အခြေအနေကို ဝေဖန်ထောက်ပြလိုက်တာဖြစ်ပါတယ်။

“အခု ကျနော်တို့အားလုံး သိတဲ့အတိုင်း မီဒီယာတွေ တော်တော်များများမှာ ရေးသားချက်တွေဟာ မြို့ကြီးပြကြီးတွေမှာ နေထိုင်တဲ့ လူတွေစိတ်ဝင်စားတဲ့ သတင်းတွေလောက်ပဲ ရေးပြီးတော့မှ နယ်စပ်ဒေသ ဖွံ့ဖြိုးမှုနည်းပါတဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသက တိုင်းရင်းသား ညီအကို မောင်နှမတွေကို ထိခိုက်တဲ့ အဲ့ဒီဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်တွေကို ရေးသားဖော်ပြခွင့် အားနည်းနေတယ်။”

မြန်မာပြည်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တာကြောင့် တိုင်းရင်းသားတွေအားလုံး အသိပညာ ဖွံ့ဖြိုးတိုးတက်မှုရေချိန် မမြင့်မားဘဲနဲ့ ညီမျှတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မရနိုင်တဲ့အကြောင်း ထောက်ပြပြီး၊ တိုင်းရင်းသားဒေသတွေ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း အရေးကြီးကြောင်း ဦးပိုက်ထွေးက ပြောဆိုပါတယ်။

“မြို့ကြီးပြကြီးများမှာ မီဒီယာတွေ ကျယ်ပြန့်နေပြီးတော့မှ တိုင်းရင်းသားနေထိုင်ရာ ကျနော်တို့ ဝေးလံ ခေါင်ဖျားတဲ့ လမ်းပန်းဆက်သွယ်မှု ခက်ခဲတဲ့ ဒေသတွေမှာ မီဒီယာဖွံ့ဖြိုးမှု အားနည်းမယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ ဒီကနေ့ ဆောင်ရွက်နေတဲ့ ရှေ့မှာညွှန်ပြသွားသလို၊ ပြည်သူလူထုရဲ့ အသိဉာဏ်ပညာ ဖွံ့ဖြိုးမှုတွေ၊ ဒီနေ့ ကျနော်တို့အစိုးရက ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေ၊ နောက်တခါ ပြည်သူလူထုရဲ့ လိုလားချက်တွေ၊ တိုင်းရင်းသားပြည်သူ မောင်နှမတွေရဲ့ ဆန္ဒတွေကို ကျနော်တို့က တတိုင်းပြည်လုံး တပြေးညီ သိရှိနားလည်ဖို့ အခက်အခဲရှိပါတယ်ခင်ဗျ။”

လောလောဆယ် မြန်မာပြည်မှာ ပုဂ္ဂလိကသတင်းစာ ၃၂ စောင် ထုတ်ဝေခွင့်ပြုထားပြီး၊ လက်ရှိအချိန်မှာ ၁၂ စောင် ထုတ်ဝေနေကြောင်း၊ ဂျာနယ်အနေနဲ့ ၄၂၀ ကျော် ထုတ်ဝေခွင့်ပြုထားပြီး ၁၅၀ ကျော် ထုတ်ဝေနေကြောင်းနဲ့ တိုင်းရင်းသားသတင်းစာစောင် ၂၆ စောင်ကို ထုတ်ဝေခွင့် ပြုထားကြောင်း ပြန်ကြားရေး ဒုဝန်ကြီးက ပြောပါတယ်။ တချိန်တည်းမှာပဲ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ၂၀၁၃ ခုနှစ်မှာ တိုင်းရင်းသား ရုပ်သံလိုင်းကို သီးသန့်ထုတ်လွှင့်ခဲ့သလို၊ ရေဒီယို အစီအစဉ်မှာလည်း တိုင်းရင်းသား ဘာသာစကားတွေနဲ့ တနေ့ ၁၈ နာရီ ထုတ်လွှင့်နေကြောင်း ဆက်လက် ပြောဆိုပါတယ်။

ဒီအခမ်းအနားမှာ တက်ရောက် အမှာစကားပြောကြားတဲ့ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ရွှေခါးက -

“အစိုးရဖက်ကနေ State-owned တွေ ရှိသလို၊ လွတ်လပ်ပြီးတော့ ဘက်မလိုက်တဲ့ မီဒီယာတွေ ပေါ်ထွက်ရေးကိုလည်း အစိုးရဘက်က လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသား ဘာသာစကားများဖြင့် ထုတ်ဝေတဲ့ မီဒီယာတွေကိုလည်း ကျနော်တို့ လုပ်ဆောင်ဖို့ လိုအပ်ပါသေးတယ်။”

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရာမှာ ချင်းလူမျိုးနွယ်စုတွေ ဘာသာစကားနဲ့ ထုတ်လွှင့်ရေး၊ ရုပ်သံ၊ ရေဒီယို၊ သတင်းစာဂျာနယ်တွေ လွတ်လပ်စွာ ထုတ်ဝေခွင့်ပြုရေးအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦးတို့ ပူးပေါင်းဆောင်ရွက်ရေးကို သဘောတူထားပါတယ်။

ချင်းပြည်နယ်အခြေစိုက် ချင်းစာပေနဲ့ ထုတ်ဝေတဲ့ Hakha Post သတင်းစာက အယ်ဒီတာ ကိုပါပီး ကတော့ လောလောဆယ် တိုင်းရင်းသား ဘာသာစကားနဲ့ ထုတ်ဝေတဲ့ သတင်းစာစောင်တွေအနေနဲ့ အရင်းအနှီးမတည်မှု၊ ကျွမ်းကျင်ပညာရရှင်၊ နည်းပညာနဲ့ ရုပ်ပိုင်းဆိုင်ရာအင်အားတွေ အားနည်းနေကြောင်းနဲ့ ရှိသမျှနဲ့ ကြိုးစား ဆောင်ရွက်နေရကြောင်း ပြောပါတယ်။

တိုင်းရင်းမီဒီယာတွေ ရေရှည်တည်တံဖို့အတွက်လိုအပ်ချက်တွေကို Hakha Post သတင်းစာက အယ်ဒီတာ ကိုပါပီးက အခုလို ဆက်ပြောပါတယ်။

“အဓိကတော့ အစိုးရက တိုင်းရင်းသားစာပေနဲ့ မီဒီယာကို ဦးစားပေးပြီးတော့ ပြုစုပေးသင့်တယ်လို့ ကျနော် မြင်တယ်။ ပြည်ထောင်စုတရပ်အနေနဲ့ ကျနော်တို့ တိုင်းရင်းသားတွေကလည်း ကျနော်တို့ စာပေနဲ့ မီဒီယာကို ကိုယ့်ဟာကိုယ် တိုးတက်ဖို့ရာအတွက် ကျနော်တို့က ကြိုးစားသင့်တယ်လို့ ကျနော်မြင်တယ်။ ပြီးတော့ တတိယအနေနဲ့ ကျနော်တို့ တိုင်းရင်းသားစာပေတွေ၊ မီဒီယာတွေကို ဦးစားပေးမယ်ဆိုရင် အဓိကအခက်အခဲက ပုံနှိပ်တာမျိုးပေါ့နော် ဒီလိုမျိုး အင်တာနက်လိုင်းတို့၊ ဟို တယ်လီကွန်လိုင်းတို့ အဲ့ဒါမျိုးတွေကို အစိုးရဘက်က ပံ့ပိုးသင့်တယ်လို့ ကျနော်မြင်တယ်။”

ဟားခါးမြို့မှာ ဒီကနေ့ စတင်လိုက်တဲ့ တတိယအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ဒီလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က ပထမအကြိမ်အဖြစ် မွန်ပြည်နယ် မော်လမြိုင်နဲ့ ၂၀၁၄ ခုနှစ် ဒုတိယအကြိမ်ကိုတော့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပပြီး တိုင်းရင်းမီဒီယာကွန်ယက် ဖွဲ့စည်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဆွေးနွေး ဆောင်ရွက်ခဲ့ကြပါတယ်။

XS
SM
MD
LG