သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခများ ရပ်ဆိုင်းဖို့ EU တိုက်တွန်း


ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်များ
ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်များ

မြန်မာနိုင်ငံ မြောက်ပိုင်းနေရာအချို့မှာဖြစ်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားအထိအခိုက်တွေနဲ့ ဒုက္ခသည်ထောင်ဂဏန်းလောက် ထွက်ပြေးနေကြ ရတဲ့အခြေအနေ အပေါ်မှာ အီးယူ ဥရောပသမဂ္ဂအနေနဲ့ စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်း အီးယူ ဥရောပသမဂ္ဂ ရန်ကုန်ရုံးက ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေကြောင့် လူမှုအသိုက်အဝန်းအတွင်းက အမျိုးသမီးနဲ့ကလေးငယ်တွေလို အကာအကွယ်လိုအပ်သူတွေရဲ့ အသက်အန္တရယ်တွေ စိုးရိမ်စရာရှိပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မဖြစ်မနေလိုအပ်တဲ့ ယုံကြည်မှုတွေကိုလည်း ထိခိုက်စေတယ်လို့ အီးယူ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

အားလုံးပါဝင်ပြီး အရှည်တည်တံမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲတွေအားလုံး ချက်ခြင်းရပ်ဆိုင်းထားနိုင်ဖို့ ပဋိပက္ခမှာပါဝင်တဲ့ ဘက်အားလုံးက အခြေအနေတွေကို ထိမ်းထိမ်း သိမ်းသိမ်း ကိုင်တွယ်ကြဖို့နဲ့၊ တွေ့ဆုံဆွေးနွေး ကြဖို့ အီးယူ ဥရောပသမဂ္ဂအနေနဲ့ တိုက်တွန်းတယ်လို့ အီးယူဥရောပသမဂ္ဂ ရန်ကုန်ရုံး ပြန်ကြားရေးတာဝန်ခံ Valerie ZIRL က ဗွီအိုအေကို ပြောသွားတာပါ။

ဒါ့အပြင် ပဋိပက္ခတွေဖြစ်ရာ နယ်မြေအတွင်းက အရပ်သားတွေရဲ လိုအပ်ချက်တွေကို ဖြည့်ဆည့်းနိုင်ဖို့ လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်ရေး အတွက်လည်း ဝိုင်းဝန်းအဖြေရှာညှိုနှိုင်းဆောင်ရွက်ကြဖို့ အီးယူက တိုက်တွန်းပါတယ်။ အခုနှစ်ဆန်းပိုင်းက စလို့ ရှမ်းပြည်နယ်အတွင်းမှာ TNLA ပလောင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ SSA တောင်ပိုင်း တပ်ဖွဲ့အကြား နယ်မြေအငြင်းပွားပြီး အပြန်အလှန်တိုက်ပွဲတွေဖြစ်တာကြောင့် ဒုက္ခသည် သုံးထောင်ကျော် နေရပ်တိမ်းရှောင်နေကြရသလို၊ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ အခြားရှမ်းပြည် ဒေသအချို့မှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေတာပါ။

TNLA နဲ့ SSA တောင်ပိုင်းအကြား ပဋိပက္ခအပေါ်မှာ အခြားတိုင်းရင်းသား အဖွဲ့အစည်းတွေက ကြားဝင်ညှိုနှိုင်းဖို့ကြိုးစားနေချိန်မှာပဲ၊ TNLA နဲ့ မြန်မာစစ်တပ်တို့ တပ်ပွဲတွေလည်း ဆက်ဖြစ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်အတွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ ရန်ကုန်အမေရိကန်သံရုံးကလည်း ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်တွန်းခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်မှာလည်း ရှမ်းပြည်တိုက်ပွဲအခြေအနေအပေါ် အရေးကြီးအဆို တင်သွင်းခဲ့ပြီး၊ တိုက်ပွဲတွေ ရပ်စဲဖို့ တောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG