သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ကုန်သွယ်ရေးကော်မရှင်နာ မြန်မာနိုင်ငံ ပထမဆုံးခရီး


EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး Karel De Gucht
EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး Karel De Gucht
EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး Karel De Gucht ဟာ မြန်မာနိုင်ငံကို ရှေ့သီတင်းပါတ်ထဲမှာ လာရောက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးအကြိမ်အဖြစ် တရားဝင်လာရောက်တဲ့ ခရီးစဉ်အတွင်း EUနဲ့ မြန်မာကြား ရင်းနှီးမြှပ်နှံရေး ကာကွယ်မှုဆိုင်ရာ သဘောတူညီချက်တွေကို နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးဖို့ ရှိပါတယ်။

မစ္စတာ ဂေါ့ချ်ဟာ မြန်မာနိုင်ငံမှာ ရောက်နေစဉ်အတွင်း အမျိုးသား စီမံကိန်းနဲ့ စီးပွါးဖွံ့ဖြိုးရေးဝန်ကြီးဌာနဝန်ကြီး ဦးကံဇော်နဲ့ ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို တွေ့ဆုံမှာဖြစ်သလို အတိုက်အခံခေါင်းဆောင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

ဝန်ကြီး ဦးကံဇော်နဲ့ တွေ့ဆုံတဲ့အခါ အီးယူနဲ့ မြန်မာကြား ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ အကာကွယ်ပေးနိုင်ရေး သဘောတူညီချက်တွေကို ညှိနှိုင်းဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါဟာ အီးယူက မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး မကြာသေးခင်ကမှ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒ ပြုပြင်ပြောင်းလဲလိုက်တဲ့နောက်ဆက်တွဲအဖြစ် မနှစ်က ဇူလိုင်လမှာ ပြဌာန်းခဲ့တဲ့ လက်နက်ကလွဲလို့ ကျန်ကုန်ပစ္စည်း ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုနောက်အကျဆုံး နိုင်ငံတွေထဲမှာ ပါဝင်တာမို့ EBA ခေါ် ဥရောပ ဘဏ်အဖွဲ့ဆီက အခွန်အတုပ်ဆိုင်ရာ အထူးခံစားခွင့်တွေ ရမှာဖြစ်ကြောင်း အီးယူက ထုတ်ပြန်တဲ့ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ လုပ်အားအဓမ္မခိုင်းစေမှုတွေနဲ့ ILO အလုပ်သမား အဖွဲ့ကြီးက ပြဌာန်းထားချက်တွေကို ချိုးဖေါက်ခဲ့တာကြောင့် ၁၉၉၇ ခုနှစ်ကစပြီး ဒီခံစားခွင့်ကို ရပ်ဆိုင်းပစ်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာတဲ့ နောက်ပိုင်း အိုင်အယ်လ်အိုရဲ့ ထောက်ခံမှုနဲ့ မနှစ်က ဇူလိုင်လမှာ ကန့်သတ်မှုတွေ ပြန်လည်ပြင်ဆင်ခဲ့တယ်လို့ဆိုပါတယ်။

အီးယူနဲ့ မြန်မာကုန်သွယ်ရေးဟာ ၂၀၁၂ ခုနှစ်မှာ ယူရို သန်းလေးရာကျော်ရှိနေရာကနေ ၂၀၁၃ မှာတော့ သန်းပေါင်း ၅၇၀ လောက်ဖြစ်လာ ပြီး ၄၁ ရာနှုံးတိုးခဲ့ပါတယ်။ မြန်မာက အီးယူကို ကုန်ပစ္စည်းတင်ပို့မှုဟာလည်း ၃၅ ရာနှုံး တိုးလာခဲ့တာပါ။ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး ဂေါ့ချ်ဟာ မတ်လ ၁၇ ရက်မှာ သူ့ရဲ့ အာရှ ၄ ရက်ကြာခရီးစဉ်ကို စတင်မှာဖြစ်ပြီး မြန်မာနိုင်ငံအပြင် ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ကို သွားရောက်မှာဖြစ်ပါတယ်။
XS
SM
MD
LG