သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းချက်


Smoke rises behind an apartment complex that has been leveled by flames as a wildfire ravages Ventura, California.
Smoke rises behind an apartment complex that has been leveled by flames as a wildfire ravages Ventura, California.

ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အစိုးရတာဝန်တွေ လွဲှပြောင်းပေးနိုင်ဖို့ သမ္မတ ဦးသိန်းစိန် အစိုးရက ကြိုးပမ်းနေတယ်လို့ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ် ကပြောပါတယ်။ လက်ရှိ အစိုးရလက်ထက်မှာ ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေကိုလည်း အစိုးရသစ် အနေနဲ့ ချောချောမွေ့မွေ့ လက်လွဲှတာဝန်ယူနိုင်ဖို့ မျှော်လင့်ထားတဲ့ အကြောင်း ပြောဆိုခဲ့တာပါ။ ပြန်ကြားရေးဝန်ကြီးလည်းဖြစ် သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးရဲထွဋ်ကို ဗွီအိုအေ ဝိုင်းတော်သား ကိုသားညွန့်ဦးက နေပြည်တော်မှာ သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ အရင်ဆုံး ကျနော်မေးချင်တာကတော့ ဒီအကူးအပြောင်း ကိစ္စတွေပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က တလောကပဲ သမ္မတအပါအဝင်၊ နောက် တပ်ချုပ်ရော သူတို့တွေ့ဆုံခွင့် တောင်းတာရှိပါတယ်။ အကြောင်းပြန်ချက်မှာတော့ ဒီကော်မရှင်လုပ်ငန်း အဆင့်ဆင့်ပြီးမှလို့ ပြောပါတယ် ခင်ဗျ။ အဲတော့ အချိန်ကာလအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတနဲ့ တွေ့ဆုံဖို့အခြေအနေပေါ့၊ အချိန်ကာလ ဘယ်လောက်လောက် ရှိနိုင်မလဲ ခင်ဗျ။

ဝန်ကြီး ဦးရဲထွဋ် ။ ။ ယေဘုယျ အားဖြင့်တော့ ကော်မရှင်က ၄၅ ရက် အချိန်ပေးထားတာပေါ့နော်။ ဆိုတော့ ကော်မရှင် လုပ်ငန်းတွေက အခု ကျနာ်တို့ ၄၅ ရက်နဲ့ တွက်မယ် ဆိုရင်တော့ အဲဒီ၄၅ ရက် ပြီးမှပဲဖြစ်မယ်လို့ ပြောလို့ရတာပေါ့။ ယေဘုယျ အားဖြင့်။

ကိုသားညွန့်ဦး။ ။ ပြောမယ်ဆိုရင်တော့ ဒီဇင်ဘာ ခန့်မှန်းခြေလောက် ဖြစ်မယ်ထင်တယ်။

ဝန်ကြီး ဦးရဲထွဋ် ။ ဒါကတော့ ကျနော်တို့ရဲ့ အကြောင်းပြန်ချက် အရ တွက်မယ်ဆိုရင်တော့ အဲဒီပတ်ဝန်းကျင်လောက် ဖြစ်မှာပေါ့။

ကိုသားညွန့်ဦး။ ။ နောက်တခုက အကူးအပြောင်းကိစ္စပါ။ အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကအများစု အနိုင်ရထားတယ်။ အခုအနေအထားအရ ဆိုရင် သူတို့ အစိုးရသစ်ဖွဲ့နိုင်မယ့် အနေအထားရှိတယ်။ အဲဒီတော့ ဒီအကူးအပြောင်းနဲ့ ပတ်သက်လို့ တလောကတော့ ကျနော်တို့ သမ္မတဦးသိန်းစိန်က ရန်ကုန်တိုင်း လွှတ်တော်မှာ ပြောသွားတာ တွေ့ပါတယ်။ ဒီ ချောချောမွေ့မွေ့ ဖြစ်အောင်လို့ သူ့အနေနဲ့ ဆောင်ရွက်သွားပါမယ်လို့ ပြောပါတယ်ခင်ဗျ။ ဘယ်လောက်အထိ ဝန်ကြီးဌာနတွေ အနေနဲ့ အစိုးရအဖွဲ့တွေ အနေနဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်နေပါပြီလဲ။

ဝန်ကြီး ဦးရဲထွဋ်။ ။ ဝန်ကြီးဌာနတွေကတော့ ကျနော်တို့ အပိုင်းခွဲ ပြောရမှာပေါ့။ ပထမတပိုင်းကတော့ လာမယ့် ကျနော်တို့ ၂၀၁၆ ကစမယ့် ၅ နှစ်စီမံကိန်းပေါ့။ ၅ နှစ် စီမံကိန်း အတွက်က ကျနော်တို့ ရေးဆွဲထားပြီးပြီ။ လွှတ်တော်ကို တင်ဖို့ လုပ်နေတာပေါ့။ အဲဒီတော့ ကျနော်တို့က အနာဂတ် လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ လွှဲပြောင်းမယ် ဆိုရင်တော့ ၅ နှစ်စီမံကိန်းကို ကျနော်တို့လွှဲခဲ့မှာပေါ့။ အဲတော့ ၅ နှစ်စီမံကိန်းအရ ဘယ်ဟာတွေကို သူတို့ဆက်လုပ်မယ်၊ မလုပ်ဘူး ဆိုတာကတော့ နောင်တက်လာမယ့် အစိုးရရဲ့ အဆုံးအဖြတ်ပဲ။ နောက် လက်ရှိ ဆောင်ရွက်ဆဲ လုပ်ငန်းတွေနဲ့ ကျနော်တို့ ဝန်ကြီးဌာနအလိုက် ပိုင်ဆိုင်မှုတွေ၊ လက်ရှိ ဘတ်ဂျက်အရ သုံးထားတဲ့ ငွေတွေ ဒါတွေ အားလုံးကတော့ ကျတော်တို့ အခု သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် ဌာနတွင်း စာရင်းစစ်တွေနဲ့ပြန်စစ်နေတာရှိတယ်။ ပြီးတော့ အဲဒီအတိုင်း ကျနော်တို့ လွှဲပေးခဲ့မှာပါ။

Minister Ye Htut
Minister Ye Htut

ကိုသားညွန့်ဦး။ ။ ဒီအလွှဲအပြောင်းရော ချောချောမွေ့မွေ့ ဖြစ်မယ်လို့ မျှော်လင့်ရသလား။

ဝန်ကြီး ဦးရဲထွဋ်။ ။ ကျနော်တို့ အနေနဲ့ကတော့ ဒါကဘာမှ မခတ်ပါဘူး။ ဒီအလွှဲအပြောင်း ဆိုတာကတော့ ဘာမှ အခက်အခဲ မရှိပါဘူး။ ဝန်ကြီးဌာန တခုချင်း အနေနဲ့ အလွှဲအပြောင်း ဆိုတာကတော့ ဘာမှ အခက်အခဲဖြစ်စရာ အကြောင်းမရှိပါဘူး။

ကိုသားညွန့်ဦး။ ။ တခုကတော့ ဒီမြန်မာနိုင်ငံမှာ အရင ်စစ်အစိုးရ လက်ထက်ကာလ ကတည်းက ပေါ့နော် အုပ်ချုပ်ရေး အဆင့်ဆင့်မှာ ပိုပြီး အသားကျနေတာ လက်ရှိ အစိုးရနဲ့ပါ။ နောက်ထပ် အစိုးရသစ်တရပ် ပြောင်းမယ်ဆိုရင် အတိုက်အခံပါတီက အစိုးရသစ် ဖွဲ့လာမယ့် အနေအထားမျိုးမှာ တခြား အုပ်ချုပ်ရေးပိုင်း အဆင့်ဆင့်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အနေအထားရော အခက်အခဲတွေ ရှိနိုင်လား။

ဝန်ကြီး ဦးရဲထွဋ်။ ။ အဲဒါကတော့ နောက်တာဝန်ယူမယ့် ဝန်ကြီး အထူးသဖြင့် ဒုတိယ ဝန်ကြီးတွေပေါ်မှာ မူတည်တာပေါ့။ အဲဒီတော့ သူတို့က လက်ရှိဌာနတွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေကို သူတို့ ဘယ်လိုမြင်သလဲဆိုတဲ့ ရှုမြင်သုံးသပ်ချက်က အရေးပါမှာပေါ့။ တကယ်ကတော့ ဒီမိုကရေစီစနစ်မှာ ဝန်ထမ်းဆိုတာက နိုင်ငံ့ဝန်ထမ်းပေါ့နော်။ ဘယ်အစိုးရပဲ ပြောင်းပြောင်း ဝန်ထမ်းအဖွဲ့အစည်းဆိုတာ အမြဲတမ်း ရှိနေမယ်။ ဝန်ထမ်းအဖွဲ့အစည်းဆိုတာ ဘာလဲလို့ အဓိပ္ပါယ် ဖွင့်မယ်ဆိုရင် နိုင်ငံ့ဝန်ထမ်းဆိုတာက တက်လာတဲ့ အစိုးရအဖွဲ့ရဲ့ မူဝါဒတွေကို ဥပဒေနဲ့အညီ ပြည်သူတွေ ခံစားနိုင်အောင် လုပ်ပေးတဲ့ လူတွေပဲလေ။ ဒီလူတွေကို နောက်တက်လာမယ့် ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေက ဘယ်လိုသဘောထားနဲ့ ဆက်ဆံမယ် ဆိုတဲ့အချက်က အဲဒီ အသွင်ကူးပြောင်းရေးမှာ ပိုပြီးတော့ အရေးပါမယ် ထင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ဝင်လာတဲ့လူတွေမှာက လက်ရှိ ရှိနေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေပေါ်မှာ ကြိုတင်ရှုမြင်သုံးသပ်ချက်တွေ အများကြီး ရှိနိုင်တယ်။ ကျနော်တို့ အကြံပြုချင်တာတော့ ကျနော်တို့လည်း ဒီဌာနတွေ ရောက်တဲ့အခါမှာ ဒီလိုပဲ ကျင့်သုံးရတယ်။ ၁- ကတော့မိမိ လုပ်ချင်တဲ့ဟာတွေ ရှိနေမယ်။ အဲဒါတွေကို ခနမေ့ထားပြီးတော့မှ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ သဘောသဘာဝကို သိအောင် လုပ်ရပါမှာပေါ့။ ၂ - ကတော့ ဝန်ထမ်းတွေရဲ့ စိတ်ခံစားချက်ကို နားလည်အောင် လုပ်ရမှာပေါ့။ ပြီးတော့မှ ကိုယ်လုပ်ချင်တဲ့ မူဝါဒကို အကောင်အထည် ဖော်တာက ပိုပြီးတော့ ညင်သာ ချောမွေ့မယ်လို့ထင်တယ်။ ဒါကတော့ ကျနော့်ရဲ့ အတွေ့အကြုံအပေါ် မူတည်ပြီးတော့ ပြောတာပါ။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ခင်ဗျာ။ နောက်တခုက အကူးအပြောင်း အခြေအနေနဲ့ ပက်သက်ပါတယ်။ အကူးအပြောင်း အခြေအနေက သမ္မတ ဦးသိန်းစိန်ကလည်း အာဏာကို ချောချောမွေ့မွေ့ဖြစ်အောင် လုပ်မယ်လို့ပြောပါတယ်။ လွှတ်တော်ပိုင်းမှာလည်း သူရဦးရွှေမန်းက ဟိုတလောက အဖွင့်မိန့်ခွန်းမှာပဲ ပြောသွားပါတယ်ခင်ဗျာ။ အဲဒီတော့ အကူးအပြောင်း အခြေအနေနဲ့ ပတ်သက်ပြီးတော့ တခြားစိုးရိမ်စရာ အကဲစမ်းစရာ စိန်ခေါ်ချက်တွေ တခြားဘာများမြင်ရပါသလဲ။

ဝန်ကြီး ဦးရဲထွဋ်။ ။ကျနော်တို့ လက်ရှိအခြေအနေ ကတော့ ကျနော်တို့ ဘာမှ မမြင်ရဘူးပေါ့နော်။ ကျနော်တို့ စိုးရိမ်စရာတော့ မတွေ့ပါဘူး။ နောက်တခုက သမ္မတကြီးကလည်း အမြဲတမ်းပြောတယ်။ဒီကြားကာလ တည်ငြိမ်မှှု အခြေအနေကို ဝိုင်းဝန်း ထိမ်းသိမ်းသွားမယ်လို့ ကျနော်တို့ကို ပြောထားတာရှိတယ်။ တဖက်ကလည်း ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင်က သူ့ပါတီ ထောက်ခံသူတွေကို တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်း နေကြဖို့ တိုက်တွန်းနေတာရှိတယ်။ ပြည်သူ အများစုကလည်း ဒီအချိန်မှာ တိုင်းပြည် တည်ငြိမ်ဖို့ဆိုတာ အရေးကြီးဆုံးလို့မြင်တဲ့အတွက်ကြောင့် မို့လို့ ကျနော်ထင်တယ် ကြီးကြီးမားမားတော့ ဘာမှ စိုးရိမ်စရာ မရှိဘူးလို့ မြင်ပါတယ်။

U Ye Htut interview with VOA
U Ye Htut interview with VOA

ကိုသားညွန့်ဦး။ ။ နောက်တချက်ကတော့ လက်ရှိအစိုးရ လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ကိစ္စပါ။ ဒီတနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကိုလည်း အဖွဲ့ ၈ ဖွဲ့နဲ့ လက်မှတ် ထိုးနိုင်ခဲ့ပါပြီ။ ဒီလုပ်ငန်းစဉ်ကို ရှေ့ဆက်သွားနိုင်ဖို့ ၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲကလည်း ရက် ၉၀ အတွင်းဆိုတော့ ဇန်နဝါရီထဲမှာ စမယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီတော့ ရှေ့ဆက်သွားနိုင်ဖို့ နောက်ထပ် အစိုးရတရပ်ကို လွှဲနိုင်ဖို့ အဲဒီအနေအထားတွေကိုရော ဘယ်လိုများ ပြင်ဆင်ဆောင်ရွက်နေပါသလဲ။

ဝန်ကြီး ဦးရဲထွဋ်။ ။ အမှန်မှာတော့ ကျနော်တို့ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို သက်မှတ်တဲ့ အချိန်ဇယားအတိုင်း အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက်နေတာပေါ့။ နိုင်ငံရေး ဆွေးနွေးပွဲမှာတော့ နိုင်ငံရေးပါတီတွေ ဘက်က ကိုယ်စားလှယ် ၁၆ ယောက် ပါရမယ်လို့ လောလောဆယ် သက်မှတ်ထားတာပေါ့နော်။ နောက် ပါဝင်သင့် ပါဝင်ထိုက်တဲ့ ၁၆ ယောက်၊ ကျန်တဲ့ ဒီဘက်က ၁၆ ယောက်၊ အားလုံးပေါင်း ၄၈ ယောက် ဆိုတော့ နိုင်ငံရေးပါတီဘက်က ၁၆ ယောက်မှာ ဘယ်လိုရွေးမလဲ ဆိုတာကိုတော့ နိုင်ငံရေးပါတီတွေ ပြန်စဉ်းစားနေတာပေါ့။ အဲဒီ နေရာမှာတော့ နောင် အစိုးရကို ဦးဆောင်ဖွဲ့စည်းမယ့် NLD ပါတီရဲ့သဘောထား အရေးကြီးမယ်လို့ ကျနော် ဘေးကနေပြီးတော့ သုံးသပ်လို့ရတာပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့သဘောထားပါမှပဲ ဟိုဘက်က ၁၆ ယောက်ရွေးတဲ့အခါမှာ အဆင်ပြေမှာပေါ့။ တကယ်လို့ NLDက ဒီကိစ္စမှာ သူမပါချင်ဘူးဆိုရင် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ရတာက နဲနဲပိုပြီးတော့ ခက်သွားမယ် ထင်တယ်။ သို့သော် ကျနော်ထင်တယ် ဒါကတော့ လုပ်ငန်းကော်မတီ ကတော့ ဒါကို ကိုင်ပြီးတော့ ဖြေရှင်းမယ်လို့ မြင်ပါတယ်။

ကိုသားညွန့်ဦး။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပက်သက်ပြီးတော့ NLD ကတော့ လက်ရှိလုပ်နေတဲ့ အစိုးရ လုပ်ငန်းစဉ်တွေပေါ်မှာ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် တချို့နေရာတွေက ပြင်သင့်တဲ့ဟာတွေ ပြင်မယ်လို့ပြောပါတယ်။ အဲဒီတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပေါ်မှာ တစုံတရာ အနှောက်အယှက် အဟန့်အတားသဘောမျိုး ဖြစ်သွားနိုင်ပါသလား။

ဝန်ကြီး ဦးရဲထွဋ်။ ။ ပြင်တယ်ဆိုတ ဲ့နေရာမှာ ဘယ်လိုဟာမျိုး ပြင်တယ်ဆိုတာ ရှိတာပေါ့ဗျာ။ ဥပမာ-NCA စာသားဆိုရင် အားလုံးက လက်ခံထားပြီးသား။ လက်မှတ်မထိုးတဲ့လူရော၊ လက်မှတ်ထိုးပြီးသားလူတွေရော အားလုံးက လက်ခံထားပြီးသားဆိုတော့ ဒီလို NCA စာသားမျိုး ပြင်မယ်ဆိုရင်တော့ အားလုံး တစ် ကနေ ပြန်စရမယ့်သဘော ဖြစ်သွားမှာပေ့ါ။ အဲတော့ ယေဘုယျ အားဖြင့်တော့ ပြောနေပေမယ့် ပြင်သင့်တာ ပြင်မယ်။ မပြင်သင့်တာ မပြင်ဘူးဆိုတာ ယေဘုယျ အားဖြင့် မှန်ပေမယ့် နောင်တက်တဲ့ အစိုးရ အနေနဲ့ကတော့ ဒီဖြစ်စဉ်ကြီး တခုလုံးကို တိတိကျကျ ပြန်လေ့လာပြီးတော့မှ ဘယ်ဟာကိုပြင်မလဲ၊ ဘယ်ဟာကို ဆက်သုံးမလဲ ဆိုတာကို တိတိကျကျ ဆုံးဖြတ်ဖို့ လိုတယ်လို့တော့ ကျနော်မြင်တယ်။ နောက်ယေဘုယျဘဲ ပြောတာများလို့ရှိရင်တော့ ပါဝင်ဆောင်ရွက်နေသူတွေ ကိုယ်တိုင်က သို့လော၊ သို့လော ဖြစ်သွားတဲ့ အတွက်ကြောင့် မို့လို့ ရှုပ်ထွေးသွားနိုင်တယ်လို့ ကျနော် မြင်တယ်။

ကိုသားညွန့်ဦး။ ။ အပစ်အခတ်ရပ်စဲရေးနဲ့ပဲ ဆက်နွှယ် ပြီးတော့ဘဲ ကျနော် တခုမေးချင်ပါတယ်။ အခု ရက်ပိုင်းအတွင်းမှာပဲ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ အနေအထားရှိပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ရော ဦးရဲထွဋ် ဘာများပြောလိုပါသလဲ။

ဝန်ကြီး ဦးရဲထွဋ်။ ။ ခင်ဗျားတို့က တိုက်ပွဲဖြစ်တာကို ပြောလို့ရှိရင် တိုက်ပွဲ မဖြစ်တာကိုလည်း ပြောရမှာပါ။ ဥပမာ ဆိုပါတော့ မွန်ပြည်နယ်မှာ မွန်ပြည်သစ်ပါတီက NCA ကိုလက်မှတ်မထိုးဘူး။ ဒါပေမယ့် အဲဒီမှာ ဘာတိုက်ပွဲမှ မဖြစ်ဘူး။ ကယားပြည်နယ်မှာ KNPP က NCA ကိုလက်မှတ်မထိုးဘူး။ ဒါပေမယ့် အဲဒီမှာ တိုက်ပွဲမဖြစ်ဘူး။ဘာဖြစ်လို့ မဖြစ်သလဲ ဆိုတော့ နဂို ပြည်ထောင်စုအဆင့် နှစ်ဘက် တဦးချင်း လက်မှတ်ထိုးထားတဲ့ ဟာကို အတိအကျ လိုက်နာတဲ့ အတွက်ကြောင့်မဖြစ်ဘူးပေါ့။ အဲတော့ ဘာဖြစ်လို့ SSA မှာဖြစ်သလဲဆိုရင် SSA မှာ ပြည်ထောင်စုအဆင့် လက်မှတ်ထိုးတုန်းက ဝမ်ဟိုင်းနဲ့ နီးတဲ့ ဖခီး လမ်းဆုံ ဆိုတာရှိတယ်။ ဒါကတော့ တပ်တွေ အမြဲတမ်း ဖြတ်သွားဖြတ်လာနေတဲ့ ဖခီးလမ်းဆုံဆိုတဲ့ နေရာကို သူတို့က ဖယ်ပေးဖို့ တောင်းဆိုတယ်။ တပ်ကတော့ ကိုယ့်တသက်လုံး နေခဲ့တဲ့ နေရာကို မဖယ်ပေးချင်ဘူး။ အဲတော့ သမ္မတကြီးက ကြားဝင် ညှိပေးတယ်။ တပ်က ဖယ်ပေးလိုက်ပါ။ ဒါပေမယ့် အဲဒီနေရာကို SSPP ကလည်း ဝင်မယူနဲ့။ ဒါကို No Man Land အနေနဲ့ ထားဖို့ ကျနော်တို့ပြောတယ်။ ဒါပေမယ့် ဒါကို ချိုးဖောက်ပြီးတော့မှ ဒီဘက်ပိုင်းအတွင်းမှာ ၂၀၁၅ အတွင်းမှာ ဝင်နေရာယူတဲ့ အတွက်ကြောင့် မို့လို့ တိုက်ပွဲတွေ စဖြစ်ရတာ။ အဲတော့ မိုးညှင်းမှာ ဖြစ်တဲ့နေရာဆိုရင်လည်း စဉ်းစားကြည့်လေ။ မိုးညှင်းဆိုတာက လမ်းမကြီးမှာရှိတဲ့မြို့ပဲ။ အဲဒီမြို့နားမှာ လာပြီးတော့မှ ကိုက် ၁၀၀၀ - ၂၀၀၀ လောက် ဝေးတဲ့နေရာမှာ စခန်းလာလုပ်တယ် ဆိုရင်တော့ တပ်မတော်အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ပြီးတော့ KIA တပ်မဟာ (၈) ဆိုတာလည်း တသက်လုံး ရှိခဲ့တာ မဟုတ်ဘူး။ ကျနော်တို့လည်း ကချင်ပြည်နယ်မှာ နေခဲ့တာ။ အခုကျတော့မှ တပ်မဟာ(၈) ဆိုပြီးတော့ အသစ်ဖွဲ့ပြီး လာတယ်ဆိုတော့ ဒါတွေက ဘာကိုပြနေသလဲ ဆိုတော့ NCA သဘောတူစာချုပ်ကို ဆက်ပြီးတော့ အကောင်အထည် ဖော်သွားတဲ့အခါမှာ ခင်ဗျားတွေ့ပါလိမ့်မယ်။ တပ်နေရာ ချထားခြင်းဆိုတဲ့ အပိုင်းတပိုင်းပါတယ်။ အဲတော့ ဒီအဖွဲ့တွေက တပ်နေရာချထားခြင်းဆိုတဲ့ အပိုင်း ကို မရောက်ခင်မှာ သူတို့ရဲ့ နယ်မြေတွေကို တတ်နိုင်သမျှ ရှေ့ကိုတိုးပြီးတော့မှ ယူချင်တဲ့ ဟာမျိုးနဲ့ လုပ်ဆောင်တဲ့ အတွက်ကြောင့်မို့လို့ ဒီပြဿနာတွေ ဖြစ်တယ်လို့ မြင်တယ်။ ဥပမာဆိုပါတာ့ မိုးညှင်းရဲ့ အရှေ့ဘက်ထဲမှာ ကျနော်တို့ KIA ရင်း (၅ ) အတွက် ပေးထားခဲ့တဲ့ နေရာရှိတယ်။ အဲဒီနေရာတွေကို တပ်က သွားလည်းမသွားဘူး။ သူတို့ ဒီအတိုင်းပဲ ထားထားတယ်။ ဒါပေမယ့် အဲဒီကနေ ရှေ့တိုးပြီး လာတော့ ဖြစ်မှာပဲ။ ဝမ်ဟိုင်းကနေ ၁၀ မိုင်၊ ၁၅ မိုင်လောက် ထွက်လာပြီးတော့မှ မိုင်းနောင် လိုမျိုးကို လာတိုက်တယ် ဆိုရင်တော့ တိုက်ပွဲတွေဖြစ်မှာပဲ။ ဒါကြောင့်မို့ ဒီကိစ္စကတော့ အဓိက တာဝန်ရှိတာက NCA လက်မှတ်လည်း မထိုးတဲ့အပြင်ကို တပ်နေရာချထားမှုကို ရှေ့ကို တိုးလာတဲ့ SSA နဲ့ KIA မှာပဲ အဓိက တာဝန်ရှိတယ်လို့ ကျနော်မြင်တယ်။

ကိုသားညွန့်ဦး။ ။ အခု ဒီ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရသွားတဲ့ အခြေအနေပေါ်မှာ အပစ်အခတ်ရပ်စဲရေး မယူထားတဲ့ UNFC လိုအဖွဲ့မျိုးက ကြိုဆိုတယ်ဆိုပြီးတော့ စာတွေဘာတွေ ထုတ်တာမျိုးတွေ ရှိပါတယ်။ အဲဒီတော့ အကယ်၍များ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရလုပ်မယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်မယ်ဆိုရင် တိုင်းရင်းသား အချင်းချင်းမှာ အပစ်ရပ်တဲ့ အုပ်စုနဲ့ အပစ်မရပ်တဲ့ အုပ်စု ဒီကြားထဲမှာကော သဘောကွဲလွဲမှုတွေ ရှိလာနိုင်ပါသလား။

ဝန်ကြီး ဦးရဲထွဋ်။ ။ ဒါကတော့ ကျနော်တို့ ဒီအုပ်စု ၂ စုကို ဘယ်လို ချဉ်းကပ်သလဲဆိုတဲ့ NLD ပါတီရဲ့ မူဝါဒပေါ်မှာ မူတည်မယ် ထင်တယ်။ တဖက်ကို မျက်နှာသာပေးပြီး တဖက်ကို ခွဲခြားဆက်ဆံမယ် ဆိုရင်တော့ ခုနက ခင်ဗျားပြောတဲ့ စိုးရိမ်မှုတွေ ဖြစ်လာနိုင်တာပေါ့။ လက်မှတ်ထိုးပြီးတဲ့ အဖွဲ့ကော၊ လက်မှတ်မထိုးသေးတဲ့ အဖွဲ့အားလုံးကို NCA မှာပါလာအောင် စွဲဆောင်မယ်ဆိုတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ ချဉ်းကပ်မယ် ဆိုရင်တော့ ခင်ဗျားစိုးရိမ်တဲ့ ကိစ္စတွေကို ရှောင်လွဲနိုင်မှာပေါ့။

ကိုသားညွန့်ဦး။ ။ ဦးရဲထွဋ်တို့ အစိုးရ သက်တမ်းအတွင်းမှာကော ကျန်နေသေးတဲ့ အပစ်အခတ်မယူဘဲ ကျန်နေသေးတဲ့ အဖွဲ့အစည်း တွေကို ထပ်ပြီးတော့ ဖိတ်ခေါ်ဖို့ အစီအစဉ် ဆွေးနွေးဖို့ကော ရှိပါသလားခင်ဗျ။

ဝန်ကြီး ဦးရဲထွဋ်။ ။ သမ္မတကြီးကတော့ ပြောပြီးပြီလေ။ ဒီ NCA စာချုပ်ဆိုတာ Open Book ပဲ။ ဒါက အမြဲတမ်း ဖွင့်ထားတာ ကြိုက်တဲ့အချိန် လာပြီးတော့မှ လက်မှတ်ထိုးလို့ရတယ်။ ဒါမှမဟုတ်လည်း နိုင်ငံရေး ဆွေးနွေးပွဲတွေကို လာပြီးတော့မှ လေ့လာချင်တယ်ဆိုရင် လေ့လာလို့ရတယ်လို့ ကျနော်တို့ ဖိတ်ခေါ်ပြီးသားပါ။ ကျနော်တို့ရဲ့ အန္တိမ ရည်မှန်းချက်ကတော့ အားလုံးပါတဲ့ NCA တခု အရင်ဆုံး ပြီးမြောက်ဖို့ပါဘဲ။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့။ တပ်မတော်နဲ့ ဆက်ဆံရေးအပိုင်း ကျနော်မေးချင်ပါတယ်။ အခု သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ပြောမယ်ဆိုရင် တပ်မတော်နဲ့ ဆက်ဆံရေး ကောင်းတယ်လို့ ပြောရမှာပါ။ အဲတော့ အကယ်၍ နောက်လာတဲ့ အစိုးရနဲ့ အစိုးရ တက်လာလို့ရှိရင် တပ်မတော်နဲ့ ဆက်ဆံရေး ဘယ်လိုများ ရှိလာနိုင်ပါသလဲ ခင်ဗျ။ တပ်မတော်နဲ့ ဆက်ဆံရေးက ဘာဖြစ်လို့လဲ ဆိုတော့ နောက်လာမယ့် အတိုက်အခံပါတီနဲ့ တပ်မတော်နဲ့ ဆက်ဆံရေး ဆိုတာကလည်း အရင်တုန်းက တော်တော်လေး ခပ်ခွာခွာရှိခဲ့တာကို အနေအထား ဘယ်လိုရှိလာနိုင်ပါသလဲ။

ဝန်ကြီး ဦးရဲထွဋ်။ ။ အဲဒါကတော့ တပ်မတော်ကို အခုလုပ်နေတဲ့ ကျနော်တို့ အသွင်ကူးပြောင်းရေးမှာ လုပ်ဖော်ကိုင်ဖက် အနေနဲ့ မြင်သလား။ လုပ်ဖော်ကိုင်ဖက် အနေနဲ့ မမြင်နိုင်ဘဲနဲ့ အနှောက်အယှက်လို့ မြင်ပြီးတော့ တွန်းထုတ်ဖို့ ကြိုးစားသလား ဆိုတဲ့ အချက်ပေါ်မှာပဲ မူတည်မယ်။ ဒါကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ဆုံးဖြတ်ရမယ့်အချက်ပဲ။ လုပ်ဖော်ကိုင်ဖက် အနေနဲ့ မြင်မယ်ဆိုရင်တော့ လက်တွဲပြီးတော့မှ ယုံကြည်မှု တည်ဆောက်မယ်၊ ပြီးလို့ရှိရင် ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်သွားဖို့ ရနိုင်တာပေါ့။ တယောက်နဲ့ တယောက် အတားအဆီးလို့ မြင်ပြီးတော့မှ တွန်းဖယ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ လက်တွဲလုပ်ဖို့ ခက်မှာပေါ့။

ကိုသားညွန့်ဦး။ ။ ဦးရဲထွဋ်ကလည်း တပ်မတော် အရာရှိဟောင်း တဦးပါ။ အဲဒီတော့ အခုလွှတ်တော်ထဲမှာပဲ ဖြစ်ဖြစ် အစိုးရအဖွဲ့ထဲမှာပဲ ဖြစ်ဖြစ် တပ်မတော်အရာရှိတွေနဲ့ တွဲလုပ်ရမှာပဲ။ ပိုပြီးတော့ NLD နဲ့ နီးနီးစပ်စပ် ဖြစ်လာမလား။ ဒါမဟုတ်ရင် သဘောကွဲလွဲမှုတွေ ပိုကြီးလာမလား။ ဘယ်လိုမျိုး သုံးသပ်မိပါသလဲ။

ဝန်ကြီး ဦးရဲထွဋ်။ ။ ကျနော်ထင်တယ် တပ်မတော် အရာရှိဟောင်းတွေရော၊ လက်ရှိတပ်မတော်မှာ တာဝန်ထမ်းဆောင်တဲ့ သူတွေအားလုံးကတော့ မြန်မာနိုင်ငံကိုဒီမိုကရေစီစနစ်ကို ညင်ညင်သာသာနဲ့ တည်တည် ငြိမ်ငြိမ် အေးအေးချမ်းချမ်း အသွင်ကူးပြောင်း တာကို မြင်ချင်တဲ့ လူတွေချည်းဘဲ။ဒါကြောင့်လည်း တပ်မတော်ကပဲ ဒီ လမ်းပြမြေပုံ ၇ ချက်နဲ့ ခင်ဗျားတို့မြင်ခဲ့ရတဲ့ပြီခဲ့တဲ့ ၅ နှစ်တုန်းက အသွင်ကူးပြောင်းရေးတွေကို လုပ်ခဲ့ပေးတာပဲ။ ဒါကြောင့်မို့လို့ တပ်မတော်ဘက်ကတော့ လက်တွဲလုပ်ဖို့ အသင့်ရှိတာပဲ။ ဒါပေမယ့် အဲဒီ ကမ်းတဲ့လက်ကို လက်တွဲမလား၊ ပုတ်ချမလားဆိုတာတော့ အများစုနိုင်တဲ့ ပါတီနဲ့ပဲ ဆိုင်မယ်ထင်တယ်။

ကိုသားညွန့်ဦး။ ။ အစိုးရသစ်နဲ့ ပတ်သက်လို့ ခန့်မှန်းချက်လေးပေါ့။ အစိုးရသစ်နဲ့ ပတ်သက်လို့ လာမယ့် အစိုးရသစ်မှာ ဘာတွေ စိန်ခေါ်ချက်ရှိမယ်လို့ဦးရဲထွဋ် ခန့်မှန်းပါသလဲ။

ဝန်ကြီး ဦးရဲထွဋ်။ ။ ၂ ခုပေါ့ဗျာ။ တခုကတော့ ကျနော်တို့က ဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိသွားတဲ့ အတွက်ကြောင့်မို့လို့ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပေါ်မှာ ထားတဲ့ ပြည်သူတွေရဲ့မျှော်လင့်ချက်က အရမ်းမြင့်သွားပြီပေါ့နော်။ မြင့်သွားတဲ့အတွက်ကြောင့်မို့လို့အဲဒီ မြင့်မားနေတဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆိုတာက ပထမ စိန်ခေါ်ချက်ပေါ့နော်။ ဒုတိယ စိန်ခေါ်ချက်က ကျနော်ခုနပြောသလိုပဲ။ ကျနော်တို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အမြဲတမ်း အနှောက်အယှက် ဖြစ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့။ ဒီ ၂ ခုကတော့ အကြီးမားဆုံး စိန်ခေါ်မှုလို့မြင်တယ်။ တဖက်ကလည်း မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့ နားလည်ထားဖို့က ဘယ်အစိုးရမဆို ဖွဲ့စည်းပြီးလို့ရှိရင် သင့်တင့်လျောက်ပတ်တဲ့ အချိန်ကာလ တခုကတော့ ပေးရမှာပဲလေ။ ဒီအချိန်ကာလတခု ပေးမှဘဲ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်လို့ ရမှာပေါ့။ အခုချက်ချင်းဖြစ်၊ နောက်တနေ့ ချက်ချင်း အပြောင်းအလဲ ဖြစ်မယ်လို့ ပြည်သူဘက်က မျှော်လင့်ချက်တွေ အရမ်းမစောဖို့ လိုတာပေါ့နော်။ ဒါကိုတော့ ကျနော်ထင်တယ် ခင်ဗျားတို့ မီဒီယာ ရော၊ နိုင်ငံရေး အကဲခတ်သူတွေကရော ဒီကိစ္စကို ပြည်သူတွေ နားလည်အောင် ပြောပြဖို့ လိုမယ်လို့ ထင်တယ်။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့။ ကျနော် နောက်ဆုံးမေးခွန်းတခု မေးချင်ပါတယ်။ ဒါကတော့ ဦးရဲထွဋ်ရဲ့ Personal (ကိုယ်ရေးကိုယ်တာ) ကိစ္စပါ။ ဦးရဲထွဋ်က အုပ်ချုပ်ရေးပိုင်းမှာ အဆင့်ဆင့် တာဝန်ယူခဲ့တယ်။ တပ်မတော် အရာရှိဟောင်းလည်း ဖြစ်ခဲ့တယ်။ အခုဆိုရင်လည်း ပြန်ကြားရေးဝန်ကြီးလည်း ဖြစ်ပါတယ်။ သမ္မတရဲ့ ပြောရေးဆိုခွင့်လည်းရှိပါတယ်။ အခုအနားယူရင် ဘာလုပ်မလဲ။ နိုင်ငံရေး ဆက်လုပ်အုန်းမလား။

ဝန်ကြီး ဦးရဲထွဋ်။ ။လက်ရှိ အခြေအနေကတော့ ကျနော်က သာမန်ပြည်သူဘဝကိုပဲ ကျနော် ပြန်သွားမှာပေါ့။ ပြန်သွားပြီးရင် ကျနော် တခုလုပ်ချင်တာ ကတော့ ဒီလူမှုရေး လုပ်ငန်းတွေပေါ့နော်။ ပရဟိတ လုပ်ငန်းတွေ အထူးသဖြင့်တော့ ပြည်သူတွေရဲ့ နိုင်ငံရေး အသိပညာပေးမှု၊အသိပညာ အဆင့်အတန်းကို မြင့်မားစေတဲ့ အဖွဲ့အစည်းတွေရှိလို့ရှိရင် ကျနော် လက်တွဲလုပ်ဖို့ စဉ်းစားထားတယ်။ ဒါက ပါတီနိုင်ငံရေး အနေနဲ့ မဟုတ်ပါဘူး။၂ - ကတော့ စာပိုရေးဖြစ်မယ် ထင်တယ်။

ကိုသားညွန့်ဦး။ ။ အာဏာနိုင်ငံရေးနဲ့ ပတ်သက်လို့ရော လုပ်ဖို့ စိတ်ဝင်စားပါသလား။

ဝန်ကြီး ဦးရဲထွဋ်။ ။ ကျနော် အခုဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ အရကတော့ အာဏာသက်သက်ပဲ လုပ်တဲ့ နိုင်ငံရေးမျိုးကို ကျနော် မလုပ်ချင်တော့ပါဘူး။ Public Service (ပြည်သူ့ ဝန်ဆောင်မှု) အနေနဲ့ တာဝန်ထမ်းဆောင်တဲ့ ကိစ္စမျိုး ဆိုရင်တော့ လုပ်တာပေါ့။ ပါတီတခု၊ အဖွဲ့အစည်းတခု အတွက် ကိုယ်တိုင် မဲဆွယ်ရမယ့် ဟာမျိုးကတော့ ကျနော် ထင်တယ်လေ ကျနော် လုပ်ဖို့ တော်တော်ခက်ခဲသွားပြီ။

ကိုသားညွန့်ဦး။ ။ ဦးရဲထွဋ် အခုလိုဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။

XS
SM
MD
LG