သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA ပြုပြင် ပြောင်းလဲဖို့ ကြော်ငြာ ကုမ္ပဏီတွေ တိုက်တွန်း


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဌာနချုပ်ရုံး (မေ ၂၇၊ ၂၀၁၅)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဌာနချုပ်ရုံး (မေ ၂၇၊ ၂၀၁၅)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA အဆင့်မြင့် အရာရှိတွေအပေါ် အကျင့်ပျက် ခြစားမှုနဲ့ စတင် စုံစမ်း စစ်ဆေးနေပြီ ဖြစ်တဲ့အကြောင်း အမေရိကန်နဲ့ ဆွစ်ဇာလန်နိုင်ငံ တို့က ကြေညာလိုက်ပြီး နောက်မှာပဲ အဖွဲ့ချုပ် အတွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ငွေကြေး ထောက်ပံ့ကူညီနေတဲ့ အဖွဲ့အစည်းတွေက တောင်းဆို လိုက်ကြပါတယ်။ အကျင့်ပျက် ခြစားမှု၊ တရားမဝင် ငွေကြေး လွဲှပြောင်းမှု၊ ငွေမည်း ခဝါချမှုတွေ အပါအဝင် စွဲချက်အမြောက်အများနဲ့ FIFA အဆင့်မြင့်အရာရှိ ၁၄ ယောက်ကို တရားစွဲဆိုလိုက်ကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနက မနေ့တုန်းက ကြေညာခဲ့ပြီး နောက်မှာပဲ ခရစ်ဒစ်အကြွေးကဒ် လုပ်ငန်းဖြစ်တဲ့ Visa ကတော့ အပြင်းထန်ဆုံး ဝေဖန်ခဲ့တာပါ။

Visa ကုမ္ပဏီ အနေနဲ့ အကြီးအကျယ် မကျေမနပ် ဖြစ်ခဲ့ရတဲ့ အကြောင်းနဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် FIFA အဖွဲ့ချုပ်ကို ကမကထလုပ် ကူညီနေတဲ့ အစီအစဉ်တွေကို ပြန်သုံးသပ်မယ် လို့လည်း ကြေညာချက် မှာ ဖော်ပြခဲ့ပါတယ်။ Coca Cola ကုမ္ပဏီကလည်း စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စိုးရိမ်တယ်ဆိုတာကို ထပ်တလဲလဲ ပြောဆိုထားတဲ့ အကြောင်းနဲ့ FIFA အနေနဲ့ ပြဿနာကို ကျကျနန ကိုင်တွယ်ဖြေရှင်းဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့သလို Adidas ကုမ္ပဏီကလည်း ပွင့်လင်းမြင်သာမှုတွေရှိဖို့ တိုက်တွန်းခဲ့တာပါ။

တချိန်တည်းမှာပဲ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ကတော့ မနက်ဖြန်မှာ ပြုလုပ်မယ့် FIFA ဥက္ကဋ္ဌရွေးပွဲကို အစီအစဉ်အတိုင်း လုပ်ဖို့နဲ့ လက်ရှိဥက္ကဋ္ဌ Sepp Blatter ကိုလည်း ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) ကတော့ ဥက္ကဋ္ဌသစ်ရွေးမယ့် အစီအစဉ်ကို ၆ လ ဆိုင်းငံ့ထားဖို့နဲ့ FIFA ခေါင်းဆောင်မှုမှာ အပြောင်းအလဲလုပ်ဖို့ လိုအပ်တဲ့ အကြောင်း ပြောဆိုခဲ့တာပါ။

ရုရှားသမ္မတ Vladimir Putin ကတော့ FIFA အရာရှိတွေအပေါ် အမေရိကန်က တရားစွဲဆိုလိုက်တဲ့ လုပ်ရပ်ဟာ ကမ္ဘာပေါ်က တခြားနိုင်ငံတွေအပေါ် တရားရေးသြဇာ အာဏာ ချဲ့ထွင်ဖို့ ကြိုးပမ်းမှု ဖြစ်တယ်ဆိုပြီး ဒီကနေ့ပဲ ဝေဖန်လိုက်ပါတယ်။

XS
SM
MD
LG