သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA ဥက္ကဋ္ဌ ကို ရာထူးက ရက် ၉၀ ဆိုင်းငံ့


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဥက္ကဋ္ဌ Sepp Blatter။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဥက္ကဋ္ဌ Sepp Blatter။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဥက္ကဋ္ဌ Sepp Blatter နဲ့ သူ့နေရာမှာ ဆက်ခံဖို့ အလားအလာရှိနေသူတို့ကို FIFA ရဲ့ ကျင့်ဝတ်ဆိုင်ရာ ကော်မတီက တာဝန်ကနေ ရက်ပေါင်း ၉၀ ဆိုင်းငံ့လိုက်ပါတယ်။

ဘလက်တာနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) အကြီးအကဲ Michel Platini တို့ကို ကော်မတီကနေ ကြာသပတေးနေ့က အရေးယူလိုက်တာဖြစ်ပြီး၊ ၂၀၁၁ ခုနှစ်မှာ Platini ကို ဒေါ်လာ ၂ သန်း ပေးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွစ်ဇာလန် အစိုးရ ရှေ့နေတွေက Blatter အပေါ် ရာဇဝတ်ကြောင်းနဲ့ အမှုဖွင့် စစ်ဆေးမှုခဲ့တာ သီတင်းနှစ်ပတ် မပြည့်ခင်မှာပဲ အခုလို လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။

Blatter အနေနဲ့ အခုအချိန်မှာ အဖွဲ့အစည်းကို ကိုယ်စားပြုပြီး ဘာတာဝန်မှ မပေးနိုင်ဘူးလို့လည်း FIFA က ပြောပါတယ်။ Blatter ရဲ့ အကျိုးဆောင် ရှေ့နေတွေ ကတော့ ကော်မတီဟာ Blatter ဘက်က အထောက်အထား တင်ပြခွင့် မပြုတဲ့အတွက် ကိုယ့်စည်းကမ်းကို ကိုယ်တိုင်လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ ဆွစ်ဇာလန်အစိုးရ ရှေ့နေချုပ်က ကိုင်တွယ်နေတဲ့ အမှုနဲ့ပတ်သက်လို့ - နားလည်မှု လွဲမှားပြီး အခုလို ရာထူးကနေ ဆိုင်းငံ့တာ ဖြစ်တယ်လို့လည်း Blatter ရဲ့ ရှေ့နေတွေက ပြောဆိုခဲ့တာပါ။

လောလောဆယ် မစ္စတာ Blatter ရဲ့ နေရာမှာ အာဖရိက ဘောလုံးအဖွဲ့ချုပ်ရဲ့ အကြီးအကဲအဖြစ် ကာလအတော်ကြာ လုပ်ဆောင်လာတဲ့ Issa Hayatou က FIFA ရဲ့ ယာယီဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားမှာပါ။ Hayatou ကိုယ်တိုင်ဟာလည်း မမှန်မကန် ဆောင်ရွက်မှုတွေနဲ့ အရင်က နိုင်ငံတကာ အိုလံပစ်ကော်မတီက အရေးယူတာ ခံခဲ့ရဖူးပါတယ်။

XS
SM
MD
LG