သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းငြိမ်းချမ်းအောင် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့လို


သမ္မတဦးသိန်းစိန်ရှေ့မှောက်မှာ ၃၁ ရက် မတ်လ ၂၀၁၅ ခုနှစ်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို နှစ်ဘက်ကိုယ်စားလှယ်ခေါင်းဆောင်တွေ အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြစဉ် (ဓာတ်ပုံ - မြန်မာငြိမ်းချမ်းရေးစင်တာ)
သမ္မတဦးသိန်းစိန်ရှေ့မှောက်မှာ ၃၁ ရက် မတ်လ ၂၀၁၅ ခုနှစ်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို နှစ်ဘက်ကိုယ်စားလှယ်ခေါင်းဆောင်တွေ အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြစဉ် (ဓာတ်ပုံ - မြန်မာငြိမ်းချမ်းရေးစင်တာ)

အမှန်တကယ် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လိုလားတယ်ဆိုရင် အစိုးရအနေနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာဖို့လိုတယ်လို့ တိုင်းရင်းသားခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ တနိုင်ငံလုံးအပစ်ရပ် စာချုပ်ချုပ်ဆိုနိုင်ရေး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့အစိုးရ ကြိုးပမ်းနေချိန်မှာ ဒီသီတင်းပတ်ထဲ တိုင်းရင်းဒေသအချို့မှာ တိုက်ပွဲပြင်းထန်ခဲ့သလို မြန်မာစစ်တပ်ဘက်က စစ်အင်အား အလုံးအရင်း ထပ်မံတိုးချဲ့ချနေလို့ စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့နဲ့ ရေရှည်ငြိမ်းချမ်းရေး တည်တံ့နိုင်ဖို့အရေး တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့ ကြိုးပမ်းခဲ့ကြတာ အခု ဆိုရင်တော့ မူကြမ်းချုပ်ဆိုနိုင်ခဲ့တဲ့ အနေအထားဖြစ်ပါတယ်။ ဒီလိုအချိန်မှာ တိုင်းရင်းဒေသအချို့မှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကြား ရင်ဆိုင်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့အပေါ် တင်းမာမှုတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာကြဖို့ တိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

“ပြောချင်တာက ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်လိုလားတယ်ဆိုရင်တော့ နည်းလမ်းရှာဖို့ လိုတယ်။ ဆွေးနွေးတဲ့နည်းလမ်း၊ သို့တည်းမဟုတ် ငြိမ်းချမ်းတဲ့နည်းလမ်းလိုတယ်။ ပါးစပ်ကတော့ ငြိမ်းချမ်းရေးပြောတယ်၊ ဒါပေမယ့် စစ်အင်အားတွေ လိုတာထက်ပိုပြီးတော့ အဆမတန်သုံးနေရင်တော့ ဒါက လက်တွေ့မှာကျတော့ စစ်ရေးနဲ့ဖြေရှင်းတဲ့နည်းကို ဦးစားပေးသလိုဖြစ်နေတယ်။ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုတဲ့ခေါင်းစဉ်နဲ့ကိုက်အောင် အဲဒီတိုက်ပွဲတွေကို လျှော့ချမယ်၊ ရပ်ဆိုင်းမယ်ဆိုမှ ဒီစာချုပ်က လှလှပပဖြစ်လာနိုင်မယ့်အခြေအနေ ရှိတာပေါ့။ ဒါကြောင့် အဲဒီအပြောနဲ့အလုပ် ညီဖို့တော့လိုတယ်လို့ ကျနော် အဲဒီလိုတော့ တင်ပြချင်တယ်။”

ဒီသီတင်းပတ်ထဲမှာပဲ တအောင်းပလောင်လွတ်မြောက်ရေးတပ်ဖွဲ့ TNLA နဲ့အစိုးရတပ်တို့ကြား ရှမ်းပြည်နယ်နဲ့ ကိုးကန့်ဒေသထဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါ တယ်။ တအောင်းတပ်ဘက်က မြန်မာ့တပ်မတော် ဗျူဟာအခြေစိုက် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့က ခလရ (၂၄၁) မြန်မာတပ်ရင်းဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် တအောင်းတပ်နဲ့ မြန်မာတပ်ကြား စစ်ရေးက အတော်လေးတင်းမာနေတဲ့ အခြေအနေဖြစ်တယ် လို့လည်း တအောင်းတပ်ပြောခွင့်ရ တာပန်လှက ပြောပါတယ်။

“ဒီနေ့အထိပေါ့နော်၊ အနည်းဆုံးစုစုပေါင်း တိုက်ပွဲ ၇ နေရာလောက်ဖြစ်တယ်ခင်ဗျ။ ဒီနေ့ကတော့ နောင်ချိုမှာပေါ့နော်၊ နောင်ချိုကနေ ကျောက်မဲဘက်ကို လက်နက်တင်ဆောင်ပြီးတော့ စစ်ကားအစီး ၃၀ လောက် ကျောက်မဲဘက်ကို သွားနေတယ်လို့ နေ့လည် ၁၁ နာရီလောက်က ကျနော် သတင်းရရှိထားပါတယ်။ ပြီးတော့ကာ ကျနော်တို့ဒေသထဲမှာလည်း ထိုးထားတဲ့ တပ်ရင်းတွေ၊ တပ်ဖွဲ့တွေက များပဲများလာတယ်။ ပြန်လည်ပြီးတော့ခွာတာမျိုး၊ နောက်ဆုတ်တာမျိုး မရှိသေးတဲ့အတွက် တိုက်ပွဲ…ကတော့ များအုံးမယ်ဗျ။”

တချိန်တည်းမှာပဲ တအောင်းတပ်၊ ရခိုင်တပ်တို့နဲ့ စစ်မဟာမိတ်ဖြစ်တဲ့ ကိုးကန့် MNDAA တပ်ဘက်ကို မြန်မာစစ်တပ် ဘက်က စစ်သုံးရဟတ်ယာဉ်တွေ၊ တင့်ကားတွေ၊ အမြောက် လက်နက်ကြီးတွေနဲ့ပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့တဲ့အတွက် တရုတ်နယ်စပ်ဘက်အထိ လက်နက်ကြီးကျည် ကျခဲ့တာကြောင့် နယ်စပ်ဒေသလုံခြုံရေး စိုးရိမ်စရာအနေအထားဖြစ်နေတာပါ။ မြန်မာတပ်ဘက်က စစ်အင်အားအလုံးအရင်းချထားပြီး နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ကိုးကန့်တပ်စခန်းချရာ ပွိုင့် ၂၂၀၂ တောင်ကုန်းကနေ စစ်ဗျူဟာအရ ဆုတ်ခွာခဲ့ကြတယ်လို့ ကိုးကန့်တပ်ပြောခွင့်ရ ဦးထွန်းမြတ်လင်းကပြောပါတယ်။

“လွန်ခဲ့တဲ့သုံးပတ်လောက်ကစပြီးတော့ သူတို့က ပွိုင့်ကုန်း ၂၂၀၂ ကိုသိမ်းပိုက်နိုင်ခဲ့ပြီလို့ ခနခနကြေညာပါတယ်။ ဒါပေမယ့် ကျနော်တို့က တိုက်ပွဲဖြစ်တာက မနေ့တုန်းကနေ့လည်ပိုင်းအထိပါ။ အဲဒီပွိုင့်ကုန်းမှာဖြစ်နေပါတယ်။ ဒါပေမယ့် မနေ့ကနေစပြီးတော့ ကျနော်တို့က Strategy အရ ပြောင်းရွှေ့မှုတွေ လုပ်ထားတာရှိပါတယ်။ အဲဒီတော့ ဒီနေ့ အဲဒီကုန်းမှာတော့ ကျနော်တို့လူတွေ မရှိတော့ပါဘူး။ အဲဒီ ၂၂၀၂ မှာ။ ကျနော်တို့ ပြောင်းရွှေ့မှုတွေ လုပ်ထားပါတယ်။ ဟိုက်စ်ကီးပေါ့နော၊ တိုက်လေယာဉ်နဲ့လာပြီးတော့ ဗုံးကြဲတယ်၊ ပြီးတော့ စက်သေနတ်နဲ့ပစ်ပါတယ်။ လက်နက်ကြီးကတော့ နေ့တိုင်းလိုလို ပစ်နေပါတယ်။ အဓိက-က ကိုးကန့်တပ်ကို သူတို့က သည်းကြီးမည်းကြီးဖြစ်နေပါတယ်။ ကျနော်တို့ မဟာမိတ်လည်း ပြောလို့ရတာပေါ့။ ကျန်တဲ့နှစ်ဖွဲ့လည်း အတူတူပါပဲ။”

အခုလိုတိုင်းရင်းဒေသအချို့မှာ ရှေ့လျောက်လည်း စစ်ရေးတင်းမာနိုင်ခြေ အနေအထားရှိတဲ့အတွက် တနိုင်လုံးအတိုင်းအတာနဲ့အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်နိုင်ဖို့အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တိုင်းရင်းသားခေါင်းဆောင်တွေ ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးကြဖို့ရှိသလို ထိပ်သီး ခေါင်းဆောင်တွေပါတဲ့ မျက်နှာစုံညီညီလာခံကို ကရင်ပြည်နယ် လော်ခီးလာမှာကျင်းပဖို့ရှိကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောပါတယ်။

“NCCT ကတော့ ချင်းမိုင်မှာပဲ ၂၆- ၂၇ လောက် တွေ့ဖြစ်မယ်ထင်တယ်။ ကျနော်မှန်းတာပေါ့။ NCCT သပ်သပ်လေးတွေ့ပြီးတော့မှ ကျနော်တို့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေ တွေ့ဖို့ ကရင်ပြည်နယ် လောခီးလာမှာ ဖြစ်မယ်ထင်တယ်။ အဲဒါက လကုန်ပေါ့။ ၂၉-၃၀ လောက် ဖြစ်သွားနိုင်တာပေါ့။…. အဲဒါပြီးတော့မှ ကျနော်တို့ ဆုံးဖြတ်မယ်လေ။ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်၊ ညွှန်ကြားချက်အတိုင်း ဆက်လုပ်မှာပေါ့။ အဲဒီအထိတော့ စောင့်ဖို့လိုတယ်။”

တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို မတ်လ၃၁ ရက်နေ့က သမ္မတဦးသိန်းစိန်ရှေ့မှာ လက်မှတ် ရေးထိုးခဲ့နိုင်ခဲ့သလို ဝပြည် ပန်ဆန်းဌာနချုပ်မှာ မေလ ၁ရက်နေ့ကနေ မေလ ၆ ရက်နေ့အထိတွေ့ဆုံခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိပ်သီးခါင်းဆောင်တွေ အားလုံးပါဝင်တဲ့ မျက်နှာစုံညီညီလာခံမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အပစ်အခတ်ရပ်စဲရေး စာချုပ်အပြီးသတ် လက်မှတ်ထိုးနိုင်ဖို့အရေး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG