သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ ရှေ့နှစ်ဆန်းကျင်းပနိုင်ဖွယ်ရှိ


မြန်မာ အစိုးရနဲ့ အပစ်ရပ်ထားတဲ့ အဖွဲ့ ၈ ဖွဲ့တို့ကြား နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ UPDJC က ဒီကနေ့ ဆွေးနွေးနေ။ (Photo- Myanmar Peace Center)
မြန်မာ အစိုးရနဲ့ အပစ်ရပ်ထားတဲ့ အဖွဲ့ ၈ ဖွဲ့တို့ကြား နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ UPDJC က ဒီကနေ့ ဆွေးနွေးနေ။ (Photo- Myanmar Peace Center)

နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါဝင်မယ့်သူ အရေအတွက်ကို သဘောတူညီချက်ရပြီးရင် အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာ အစိုးရကြား နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ဖို့ နိုင်ငံရေး မူဘောင်တရပ်ကို ချမှတ်နိုင်မှာ ဖြစ်တယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူတို့က ပြောပါတယ်။ အစိုးရသစ် ဖွဲ့စည်းမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဘက်က ကိုယ်စားလှယ်တွေလည်း ဒီကနေ့ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ချမှတ်ရေး ဆွေးနွေးပွဲမှာ စတင် ပါဝင်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့ကြား နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ မူဘောင်တရပ်ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC က ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာတော့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါဝင်မယ့် လူဦးရေကို အပြီးသတ် ဆွေးနွေးကြဖို့ ရှိပြီး အားလုံး သဘောတူညီချက်ရခဲ့ရင်တော့ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို အစိုးရအဖွဲ့ထံ အတည်ပြုပေးဖို့ တင်ပြမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေကိုတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပြဌာန်း သတ်မှတ်ထားတဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ မတိုင်ခင်မှာ စတင်နိုင်ဖို့လည်း မျှော်လင့်ထားတာ ဖြစ်ပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ရေးဆွဲဖို့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ ကိုယ်စားလှယ် တဦးဖြစ်သူ မြန်မာ့ငြိမ်းချမ်းရေး စင်တာရဲ့ အထူးအကြံပေး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ကျနော်တို့ဒီ ရန်ကုန်မှာ ၇ ရက်လောက် လုပ်ထားတဲ့ ဟိုတုန်းက ရေးဆွဲထားတာကို ဒီအချိန် အစည်းအဝေးကို တင်ပြတဲ့အခါ နောက်ဆုံး အကြိမ် ညှိနှိုင်းတာပါပဲ။ ဒီညှိနှိုင်းတာမှာ ၉၀ ရာခိုင်နှုန်းလောက် ကတော့ ညှိနှိုင်းလို့ပြီးသွားပြီ။ မနက်ဖြန်မှာတော့ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို ဆက်ညှိပြီးမယ်လို့တော့ ကျနော်တို့ အဲလိုပဲ ထင်တယ်ခင်ဗျာ။ ယေဘုယျ အားဖြင့်ပြောရရင်တော့ စုစုပေါင်း ကျနော်တို့အခန်း ကျနော်တို့ ၁၀ ခန်းပါတယ်။ အဲဒီတော့ အခုလောလောဆယ် ကျနော်တို့ ဆက်ဆွေးနွေးဖို့ပေါ့လေ ကျနော်တို့ မနက်ဖြန်မှာတော့ အပြီးသတ် ဆုံးဖြတ်ချက် ပိုချနိုင်မယ့်အထဲမှာတော့ ဒီနိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်မယ့် အရေအတွက်ပေါ့နော်။ အစုအဖွဲ့ကတော့ ကျနော်တို့ သဘောတူပြီးသားဖြစ်တယ်။ အရေအတွက်ကိုတော့ နောက်ဆုံးမ နက်ဖြန်မှာတော့ ကျနော်တို့ ညှိနှိုင်းဖို့ရှိပါတယ်။ မနက်ဖြန် တရက်တည်းနဲ့ပြီးသွားမယ့် သဘောရှိပါတယ်။ အရေအတွက်ကတော့ ညှိနှိုင်းနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ယေဘုယျ အားလုံး သဘောတူထားတာကတော့ ၅၀၀ ကနေ ၆၀၀ ကြားထဲလို့တော့ မှန်းလို့ရတယ်။”

အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာ အစိုးရကြား နိုင်ငံရေး ဆွေးနွေးပွဲမှာတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဖိတ်ကြားသင့်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ အစုအဖွဲ့ ၇ ဖွဲ့တို့ ပါဝင်ကြဖို့ သဘောတူထားကြပြီး ဒီအစုအဖွဲ့တွေကနေ ကိုယ်စားလှယ် အရေအတွက်ကို သတ်မှတ်ကြမှာ ဖြစ်ပါတယ်။

လက်ရှိ ကိုယ်စားလှယ်တွေထဲမှာတော့ လက်ရှိ အစိုးရနဲ့ လက်ရှိ လွှတ်တော်က ကိုယ်စားလှယ်တွေနဲ့ စတင် ဆွေးနွေးမှာ ဖြစ်ပြီး နောက် အစိုးရသစ် လက်ထက်ရောက်ရင်တော့ အစိုးရနဲ့ လွှတ်တော် ကိုယ်စားလှယ် အပြောင်းအလဲ ဖြစ်မှာ ဖြစ်ပါတယ်။ အစိုးရသစ်ဖွဲ့မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဘက်ကလည်း အခု နိုင်ငံရေး မူဘောင် ဆွေးနွေးပွဲတွေကို တနလာၤနေ့ကစလို့ စတင်ပါဝင် ဆွေးနွေးနေတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

“ ဒီကနေ့ ကျနော်တို့ဆွေးနွေးပွဲ မနက်ပိုင်း အစကတည်းက NLD က CEC တွေဖြစ်တဲ့ ဦးညဏ်ဝင်းနဲ့ ဦးထွန်းထွန်းဟိန်နဲ့က UPDJC အစုအဖွဲ့ ၁၆ ဦးထဲမှာ ၂ ဦးအနေနဲ့ ဒီကနေ့စပြီး ကျနော်တို့ တက်ရောက်ပြီးတော့ ဆွေးနွေးတာတွေရှိပါတယ်။ အခုကတော့ ဒီနိုင်ငံရေးပါတီ အစုအဖွဲ့ မှာ ၁၆ ဦး ရှိပါတယ်။ NLD အနေနဲ့ သူတို့ ၂ ဦး အခုလက်ရှိအနေအထားမှာ ပါဝင်နိုင်တဲ့ အနေအထားမှာ စပြီးတော့ ဒီကနေ့ကတော့ ထဲထဲဝင်ဝင်ပဲ ဆွေးနွေးတာ၊ စဉ်းစားတာ ဆုံးဖြတ်တာတွေ ဆောင်ရွက်နေပါတယ်။”

အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးပါတီ အစုအဖွဲ့ရဲ့ အကြံပေး ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC က နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်တရပ် ထွက်ပေါ်လာဖို့ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲ အတွက် အားလုံး လက်ခံနိုင်တဲ့ မူဘောင်တရပ် ထွက်ပေါ်လာရင်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့နဲ့ မြန်မာ အစိုးရကြား လာမယ့် ဇန်နဝါရီလလယ်ပိုင်းမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG