သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်ကြီးတွေလိုလားတဲ့ လွတ်လပ်မှု လိုအပ်နေဆဲ


အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်းရဲ့သားဖြစ်သူ ဒေါက်တာစိန်ဝင်း နဲ့မိသားစု
အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်းရဲ့သားဖြစ်သူ ဒေါက်တာစိန်ဝင်း နဲ့မိသားစု

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေလိုလားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့လွတ်လပ်ရေး အခုချိန်ထိ မရရှိသေးဘူးလို့ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတဦးဖြစ်သူ ဦးဘဝင်းရဲ့သားဖြစ်သူ ဒေါက်တာစိန်ဝင်းက ပြောပါတယ်။ အာဇာနည်ကြီးတွေ လုပ်ကြံခံရတဲ့
(၆၈)နှစ်ပြည့် အောက်မေ့ဘွယ်အခမ်းအနားတခုမှာ သူက ခုလို ပြောခဲ့တာဖြစ်ပါတယ်။ စနေနေ့က အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ်မှာ
ကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အောက်မေ့ဂုဏ်ပြုတဲ့အခမ်းအနားတွေ ကျင်းပနေတဲ့အချိန်မှာပဲပေါ့နော်- အမေရိကန်မှာ ရောက်နေတဲ့ မြန်မာမိသားစုတွေကလည်း အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားပေမယ့် လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ သူတို့တွေရဲ့လုပ်ဆောင်ချက်တွေ၊ သူတို့တွေရဲ့ကျေးဇူးတွေကို အောက်မေ့တဲ့အနေနဲ့ပေါ့- အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ မင်္ဂလာရာမကျောင်းမှာ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပခဲ့ပါတယ်။

“၆၈ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အစီအစဉ်။ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်း….ဘဝများပေးဆပ်သွားကြသော၊ ကျဆုံးသွားကြသော ဗိုလ်ချုပ်အောင်ဆန်း အမှူးရှိပြီး အာဇာနည်ခေါင်းဆောင်တို့အား…..အာဇာနည်ခေါင်းဆောင်ကြီးများနဲ့တကွ အားလုံး ကြားကြားသမျှ၊ အမျှ…အမျှ…အမျှ….”

ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတဦးလည်းဖြစ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့အကိုဖြစ်သူ ဦးဘဝင်းရဲ့သား ဒေါက်တာစိန်ဝင်းမိသားစုလည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ လွတ်လပ်ရေးဗိသုကာကြီးတွေ ကျဆုံးသွားခဲ့တာ (၆၈) နှစ်ကြာခဲ့ပေမယ့် မြန်မာနိုင်ငံမှာ အခုအချိန်ထိ စစ်မှန်တဲ့ ဒီမိုကရေစီမရသေးဘူးလို့ ဒေါက်တာစိန်ဝင်းက ပြောပါတယ်။

“လွန်ခဲ့တဲ့ (၆၈) နှစ်က ကျဆုံးသွားတယ်။ အခုဆိုရင် ကျနော်တို့ဆိုရင် (၇၀) ကျော်ပေါ့။ ဒီအတောအတွင်းမှာ တကယ့် ဒီမိုကရေစီ ကျနော်တို့ မရသေးပါဘူး။ တကယ့်လွတ်လပ်ရေးမရသေးပါဘူး။ အဲဒီတော့ အဲဒီအတွက် ပိုပြီးတော့ အရေးကြီးပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ပြောကြားသွားတဲ့စကားတွေ၊ လုပ်ကိုင်သွားတဲ့သူတို့ရဲ့အလုပ်တွေကို ကျနော်တို့က လိုက်နာအတုယူပြီးတော့ ဒီခရီးပြီးဆုံးတဲ့အထိ ဆက်လက်ချီတက်ရမှာပေါ့။”

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက် အာဇာနည်နေ့ လူထုအခမ်းအနားတွေကို ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ်တွေကစပြီး ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့ နံနက် ဆယ်နာရီနဲ့ ၃၇ မိနစ်မှာ ဥသြဆွဲ ဂုဏ်ပြုလာပါတယ်။ ဒါဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုတာဖြစ်တဲ့အပြင် နောင်လာနောက်သားတွေအတွက် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့တန်ဖိုးသိအောင် လက်ဆင့်ကမ်းတာလည်းဖြစ်တယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ ကိုမိုးချမ်းက ပြောပါတယ်။

“ဒီနေ့ ဒီအချိန်မှာ ဥသြဆွဲပြီးတော့မှ ပြန်လုပ်လာတယ်ဆိုတာတော့ ကျနော်တို့ ဒါဟာ ဘာဖြစ်လဲဆိုတော့ နိုင်ငံ့အတွက်ကို ကိုယ်စားပြုပြီးတော့မှ နိုင်ငံလွတ်မြောက်ရေးအတွက်ကို အဓိက ကြိုးစားခဲ့ကြတဲ့ ခေါင်းဆောင်တွေအနေနဲ့၊ ရဲဘော်တွေအနေနဲ့တိုင်းပြည်က မမေ့ဘူး၊ ဂုဏ်ပြုတယ်ဆိုတဲ့ဟာ ကောင်းမြတ်တဲ့ လက္ခဏာပါ။”

တနင်္ဂနွေနေ့က ရန်ကုန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဌာနချုပ်မှာကျင်းပတဲ့ အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားမှာလည်း အာဇာနည်နိုင်ငံနဲ့ ထိုက်တန်တဲ့လူမျိုးဖြစ်အောင် အာဇာနည်ခေါင်းဆောင်တွေ အသက်စတေးရကျိုးနပ်တဲ့ တိုင်းပြည်ဖြစ်အောင် ဝိုင်းဝန်းကြိုးစားကြဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG