သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမန်ဝန်ကြီးချုပ် ယူကရိန်းရောက်


ယူကရန်းသမ္မတ Petro Poroshenko (ယာ) နဲ့ ဂျာမန်ဝန်ကြီးချုပ် Angela Merkel တို့ Kyiv မြို့မှာ တွေ့ဆုံစဉ်။ (သြဂုတ်လ ၂၃၊ ၂၀၁၄)
ယူကရန်းသမ္မတ Petro Poroshenko (ယာ) နဲ့ ဂျာမန်ဝန်ကြီးချုပ် Angela Merkel တို့ Kyiv မြို့မှာ တွေ့ဆုံစဉ်။ (သြဂုတ်လ ၂၃၊ ၂၀၁၄)

ဂျာမန်ဝန်ကြီးချုပ် Angela Merkel ဟာ ယူကရိန်းသမ္မတ Petro Poroshenko နဲ့ Kyiv မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ရုရှားယာဉ်တန်းတွေ ယူကရိန်း နိုင်ငံအတွင်း ဝင်ရောက်သွားခဲ့ပြီးတဲ့နောက် ရုရှားနဲ့ ဆက်ဆံရေးတင်းမာနေတဲ့အခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ ရောက်သွားတာပါ။

သူရဲ့ခရီးစဉ်ဟာ ယူကရိန်းနိုင်ငံ တည်တံ့ခိုင်မြဲရေးအတွက် အခက်အခဲ ကြုံနေရချိန် အဆုံးအဖြတ်ပေးရချိန်မှာ ရောက်ရှိလာခြင်းဖြစ်တယ်လို့ ဂျာမန်ဝန်ကြီးချုပ်က ကိယက်ဗ်ကို ရောက်ရှိလာစဉ်မှာ ပြောကြားလိုက်ပါတယ်။

ဒီပဋိပက္ခအတွက် ငြိမ်းချမ်းတဲ့လမ်းကြောင်းတခု ရှာဖွေရမယ်လို့လည်း သူကဆိုပါတယ်။ ယူကရိန်းသမ္မတကတော့ သူ့ရဲ့ခရီးစဉ်နဲ့ ဂျမနီနိုင်ငံရဲ့ ထောက်ပံ့မှုကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ခွင့်ပြချက်မရဘဲ ဝင်ရောက်ခဲ့တဲ့ ထရပ်ကား ၂၀၀ ကျော်ပါတဲ့ ရုရှား ထောက်ပံ့ရေး ယာဉ်တန်းဟာ အစောပိုင်းက ရုရှားဘက်ကို ပြန်လည် ဝင်ရောက်သွားပါတယ်။

ခွင့်ပြုချက် ရယူမှုမရှိဘဲ ရုရှားယာဉ်တန်းတွေ ယူကရိန်းနိုင်ငံထဲ ဝင်ရောက်သွားတာဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်လိုက်တာဖြစ်တယ်လို့ အမေရိကန် အိမ်ဖြူတော် အရာရှိတွေက သောကြာနေ့မှာ ပြောပါတယ်။ အမေရိကန် အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေး Ben Rhodes က ယူကရိန်းအရှေ့ပိုင်းက ဒီရုရှားယာဉ်တန်းတွေ ပြန်လည်ထွက်ခွါရမယ်၊ ဒါမှမဟုတ်ရင်တော့ ဒီအကျိုးဆက်ကို ရင်ဆိုရမယ့် အကြောင်း သတိပေးပြောဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း အခုလို ယာဉ်တန်းဝင်ရောက်သွားတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။ ဒီလိုလုပ်တာဟာ ဆိုးရွားနေတဲ့ အခြေအနေကို ပိုဆိုးရွားသွားစေနိုင်တယ်လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ဟာ ဒီရုရှား အကူအညီပေးရေး ပစ္စည်းတွေ တင်ဆောင်ထားတာကို ကြည့်ရှုစစ်ဆေးနေတာဖြစ်ပြီး စစ်ဆေးကြည့်ရှုမှု မပြီးဆုံးခင်မှာ ယာဉ်တန်းဟာ ယူကရိန်းနိုင်ငံရဲ့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သွားတာပါ။

XS
SM
MD
LG