သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိရွေးကောက်ပွဲ လက်ဝဲဝါဒီတွေ အနိုင်ရဖွယ်ရှိ


အတိုက်အခံခေါင်းဆောင် လက်ဝဲယိမ်းပါတီခေါင်းဆောင် Alexis Tsipras ဆန္ဒမဲပေးနေစဉ်။ (ဇန်နဝါရီ ၂၅၊ ၂၀၁၅)
အတိုက်အခံခေါင်းဆောင် လက်ဝဲယိမ်းပါတီခေါင်းဆောင် Alexis Tsipras ဆန္ဒမဲပေးနေစဉ်။ (ဇန်နဝါရီ ၂၅၊ ၂၀၁၅)

ဂရိနိုင်ငံမှာ ဒီကနေ့ ကျင်းပနေတဲ့ အထွေထွေရွေးကောက်ပွဲကနေ နိုင်ငံကို ခိုင်ခိုင်မာမာနဲ့ ရှေ့တိုးသွားမလား၊ စွန့်စွန့်စားစားနဲ့ ရှေ့ဆက်မလားဆိုတာကို အဆုံးအဖြတ်ပေးမှာဖြစ်တယ်လို့ ဂရိဝန်ကြီးချုပ် Antonis Samaras ကပြောကြားခဲ့ပါတယ်။ ဂရိနိုင်ငံရဲ့ ဘဏ္ဍာရေးဆိုင်ရာအနာဂတ်ကို အဆုံးအဖြတ် ပေးမယ့်ရွေးကောက်အတွက် မဲထည့်စဉ်မှာ ဝန်ကြီးချုပ် Samaras က ခုလိုပြောသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအစိုးရရဲ့ အကြီးအကျယ် ခြိုးခြံချွေတာရေးအစီအစဉ်တွေကို ဆန့်ကျင်နေတဲ့ လက်ဝဲယိမ်း Syriza ပါတီက အနိုင်ရနိုင်တယ်လို့ ရွေးကောက်ပွဲ မတိုင်ခင် လူထုစစ်တမ်းရလဒ်တွေက ဖော်ပြနေပါတယ်။ အသက် ၄၀ ပဲရှိသေးတဲ့ Syriza ပါတီခေါင်းဆောင် Alexis Tsipars က သူ့ရဲ့ပါတီသာ အနိုင်ရခဲ့ရင် အစိုးရအသုံးစရိတ် အကြီးအကျယ်လျှော့ချမှုတွေကို ဖြတ်တောက်မယ့်အပြင် EU ရဲ့ ငွေကြေး ကျားကန်ပေးထားမှုဆိုင်ရာ သဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းမယ်လို့ မဲဆွယ်ကတိပေးထားပါတယ်။

တကယ်လို့ Mr. Tsipars တက်လာခဲ့ရင် ယူရိုငွေကြေးသုံးတဲ့ နိုင်ငံတွေထဲကနေ ဂရိနိုင်ငံ ထွက်ရနိုင်တယ်လို့ ဝန်ကြီးချုပ် Samaras က သတိပေးခဲ့ ပါတယ်။ ဂရိနိုင်ငံအကြွေးပြဿနာနဲ့ အကြီးအကျယ်ရင်ဆိုင်နေရချိန် ၂၀၁၂ ခုနှစ်မှာ ဝန်ကြီးချုပ် Samaras ရဲ့ New Democracy ပါတီတက်လာခဲ့တာပါ။ EU ဥရောပသမဂ္ဂ၊ ဥရောပဗဟိုဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုန်ငွေအဖွဲ့တို့ရဲ့ဝင်ရောက် ဖြေရှင်းပေးမှုနဲ့ ဂရိနိုင်ငံ ဒေဝါလီခံရမဲ့ဘေးက လွတ်မြောက်ခဲ့ပေမဲ့ နိုင်ငံတကာ အကြွေးရှင်တို့နဲ့ သဘောတူချက်အရ ဂရိအစိုးရရဲ့ အသုံးစရိတ်တွေကို အကြီးအကျယ်လျှော့ချခဲ့ရပါတယ်။ ဂရိအစိုးရရဲ့ အစီအစဉ်တွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ဆန္ဒပြမှုတွေရှိခဲ့ပေမဲ့ အခုတော့ ဂရိနိုင်ငံဟာ စီးပွားရေးကျဆင်းမှုကနေ လွတ်မြောက်လာပြီး ပိုငွေပြမှုတွေ ရှိလာခဲ့ပါတယ်။

အခုရွေးကောက်ပွဲမှာ ဘယ်ပါတီကပဲ အနိုင်ရလာရလာ ဂရိနိုင်ငံတင်နေတဲ့ အကြွေး ဒေါ်လာ ၂၉၂ ဘီလျံကိစ္စကို ဖြေရှင်းရမှာဖြစ်ပါတယ်။ ဂရိအစိုးရသစ် မတက်မချင်းချေးမယ်လို့ ကတိပြုထားတဲ့ ဒေါ်လာ ၈ ဘီလျံကို ထုတ်ပေးမှာမဟုတ်ဘူးလို့ IMF တာဝန်ရှိသူတွေက ပြောထားပါတယ်ရှင်။

XS
SM
MD
LG