သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းဝင်ရောက်သူတွေကြောင့် Budapest ဘူတာ ပိတ်ပင်


ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့ရဲ့ အဓိကဘူတာရုံကို တာဝန်ရှိသူတွေက ပိတ်ပစ်လိုက်တာကြောင့် ရာပေါင်းများစွာသော ရွှေ့ပြောင်း ဝင်ရောက်သူတွေ ခရီးဆက်မရ ဖြစ်သွားကြပါတယ်။ အဲဒီလူအများစုဟာ ပဋိပက္ခတွေနဲ့ ပြည့်နေတဲ့ အရှေ့အလယ်ပိုင်းဒေသက ဖြစ်ပြီး သြစတြီးယားနဲ့ ဂျာမနီနိုင်ငံတွေဆီသွားဖို့ ကြိုးစားနေကြတာပါ။

နောက်ထပ် မကြေညာမချင်း ရထားတွေ ထွက်ခွာတာ ဒါမှမဟုတ် ဆိုက်ရောက်တာ ရှိမှာမဟုတ်ဘဲ ခရီးသည်တွေအားလုံး ဘူတာရုံကနေ ချက်ခြင်း ထွက်ခွာပေးကြဖို့ ဘူဒါပက်စ်မြို့၊ အရှေ့ပိုင်း ဘူတာရုံမှာ ဒီကနေ့ အသံချဲ့စက်နဲ့ ကြေညာလိုက်ပြီး၊ ရဲတွေက လိုက်လံကြီးကြပ် နေပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူတွေကို ရာပေါင်းများစွာသော ဒီရဲတပ်ဖွဲ့ဝင်တွေက ဘူတာရုံထဲကနေ အပြင်ကိုခေါ်သွားပြီး ပြန်မဝင်နိုင် အောင် ပိတ်ထားလိုက်ကြပါတယ်။ ဒီကနေ့ အစောပိုင်းတုန်းကလိုမျိုး ရုန်းရင်းဆန်ခတ် ဖြစ်တယ်ဆိုတဲ့ သတင်းမျိုးတွေတော့ မရပါဘူး။ ဒီနေ့အစောပိုင်းတုန်းကတော့ ရာပေါင်းများစွာသော ရွှေ့ပြောင်းဝင်ရောက်သူတွေက ဗီယန်နာမြို့ကိုသွားမယ့် ရထားပေါ်တက်ဖို့ ကြိုးစားတာကို ရဲတပ်ဖွဲ့ဝင်တွေက တားဆီးရင်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရတာပါ။

အခုလိုရထားပေါ်က ပြန်တွန်းချခံခဲ့ရပြီး၊ ဒီရွှေ့ပြောင်းလာသူတွေအနေနဲ့ ဘူတာရုံအပြင်ဖက်မှာ ယာယီတဲတွေထိုးပြီး စခန်းချနေကာ၊ တချို့က လွတ်မြောက်ရေး၊ လွတ်မြောက်ရေး၊ ဂျာမနီ၊ ဂျာမနီလို့ သူတို့သွားချင်တဲ့ နေရာကို သံပြိုင်အော်ဟစ်ခဲ့ပါတယ်။

တနင်္လာနေ့ တရက်တည်းမှာတင် ရွှေ့ပြောင်းဝင်ရောက်သူဦးရေ ၃၆၅၀ ဗီယန်နာမြို့ကို ရောက်လာတယ်လို့ သြစတြီးယား တာဝန်ရှိသူတွေကပြောပါတယ်။ အဲဒါဟာ ဒီနှစ်အတွင်း တရက်တည်းမှာရောက်တဲ့ အများဆုံး အရေအတွက်ပါ။ အဆမတန်များပြားတဲ့ လူတွေဟာ ဥရောပသမဂ္ဂ နိုင်ငံတွေမှာ ခိုလှုံခွင့်ရဖို့အတွက် အပြင်းအထန် ကြိုးစားနေကြတာဖြစ်ပါတယ်။ ဥရောပသမဂ္ဂရဲ့ စည်းကမ်း သတ်မှတ်ချက်အရ ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ သူတို့ ပထမဆုံး ရောက်တဲ့နိုင်ငံမှာ ခိုလှုံခွင့်ရဖို့ လုပ်ကြရမှာဖြစ်ပါတယ်။

XS
SM
MD
LG