သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလွန်တုတ်ကွေး အဖြစ်များနေမှု သတိပြုရန်


မိုးရာသီကာလမှာ ပိုဖြစ်လေ့ရှိတဲ့ သွေးလွန်တုတ်ကွေးရောဂါ မြန်မာနိုင်ငံမှာ ဒီနှစ်ပိုင်း ပိုဖြစ်နေပြီး၊ အခု ရေကြီးပြီးနောက် ရေပြန်ကျချိန်မှာ ပိုဆိုးလာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အထူး သတိပေး ပြောဆိုနေကြပါတယ်။ ရေမကြီးခင် ဇူလိုင် (၁၀) ရက်နေ့ စာရင်းအရ လူပေါင်း (၁၆၅၀၀) နီးပါး သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ခဲ့ပြီး၊ ဒီရောဂါကြောင့် လူပေါင်း (၆၀) သေဆုံးခဲ့ပြီးပါပြီ။ ဘာကြောင့် ဒီနှစ်မှာ အခုလို ပိုဆိုးလာရတာပါလဲ။

အခုလို ပိုဆိုးလာတဲ့ သွေးလွန်တုတ်ကွေးရောဂါကို ကာကွယ်နိုင်ဖို့ ပိုးလောက်လန်း နှိမ်နင်းရေးတွေ ပိုလုပ်ဖို့အတွက် အများသိထားတဲ့ “ဖုံး၊ သွန်၊ ခပ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြုပ်၊ ရှင်း၊ မှုတ်” နည်းတွေ ပိုလုပ်ပေးသင့်ပါတယ်။

ဒီနည်းအဆင့်တွေ အကျယ်ရှင်းပြရရင်တော့ ရေအိုး၊ တိုင်ကီရေကန်တွေကို အဖုံးဖုံးထားဖို့၊ ရေသွန်လဲနိုင်တဲ့အရွယ် ရေသိုလှောင် ရေအိုးခွက်တွေကို မကြာခဏ ရေလဲသွန်ပြီး၊ ဆေးကြောပေးဖို့၊ ရေလဲသွန်နိုင်တဲ့ အရွယ်မဟုတ်တဲ့ အုတ်ကန်က ရေတွေကို ဆေးကြောသန့်ရှင်းပေးဖို့၊ ရေရှားလို့ သွန်မပစ်နိုင်ရင် အခြားရေပုံး၊ရေအိုးထဲကို ရေစစ်သုံးပြီး ပြောင်ထည့်ကာ၊ ပိုးလောက်လန်းတွေ စစ်ထုတ်ရှင်းပစ်ဖို့၊ ရေတင်နိုင်တဲ့ ကြောင်အိမ်အောက်ခံခွက်မှာ အင်ဂျင်ဝိုင်လို ပိုးသတ်ဆေး လောင်းပေးထားဖို့၊ နေ့အချိန်မှာလည်း ခြင်ထောင်နဲ့အိပ်ဖို့၊ ဘုရားပန်းအိုး၊ညောင်ရေအိုးတွေကို (၂) ရက် (၃) ရက် တကြိမ်လဲပြီး ဆေးကြောပေးဖို့၊ ပြူတင်းပေါက်တွေ ဖွင့်ထားပြီး၊ အလင်းရောင် ဝင်စေပြီး၊ ခြင်မခိုအောင်းနိုင်အောင် လုပ်ပေးဖို့၊ ရေတင်နေနိုင်တဲ့ အိုးခြမ်းပဲ့၊ ဘက်ထရီအိုးဟောင်းနဲ့ တာယာတွေကို မြေထဲမြုပ်ပစ်ဖို့၊ ခြင်ပေါက်နိုင်တဲ့ ခြုံနွယ်ပိတ်ပေါင်းတွေကို ရှင်းလင်းပစ်ဖို့ နဲ့ ခြင်ဆေးဖျန်း မှုတ်ပေးတာတွေပါ။ ဒါ့အပြင် နည်းသစ် (၂) ခုဖြစ်ပြီး ထိရောက်တဲ့ ထဲ့၊ စိမ် (ခေါ်) Abate ဆေးမှုန့်ခပ်ထဲ့တာနဲ့ ဆေးစိမ်ခြင်ထောင်၊ လိုက်ကာ၊ အင်္ကျီ ဘောင်းဘီ အသုံးဖို့လည်း ပြုလုပ်သင့်ပါတယ်။

အခုလို ကာကွယ်တဲ့ကြားက ဒီရောဂါ ဖြစ်လာခဲ့ရင်လဲ အသက်ဆုံးရှုှုံးရမှု လျှော့ချနိုင်အောင် သွေးလန့်တဲ့အဆင့် မရောက်မီ ကြိုတင်သိရှိပြီး၊ စောစောကုသမှုရရှိဖို့ အရေးကြီးပါတယ်။ သွေးလန့်တာက စဖျားပြီး (၃) ရက်ကနေ (၅) ရက် အတွင်း စ ဖြစ်နိုင်ပါတယ်။ ဒီသွေးလန့်တာကနေ ဘာကြောင့် အသက်ဆုံးရှုံးနိုင်တာပါလဲ။

ဒါကြောင့် ဖြစ်နိုင်ရင် သွေးလန့်တာ မဖြစ်ရအောင်၊ ဖြစ်လာခဲ့ရင်လဲ သွေးလန့်တာ မကြာရအောင် စီမံနိုင်ဖို့ အထူးအရေးကြီးပါတယ်။ သွေးလန့်တဲ့အဆင့် မရောက်ရအောင် သွေးလွန်တုတ်ကွေး ဖြစ်နိုင်ခြေ လက္ခဏာတွေဖြစ်တဲ့ အဖျားဆက်တိုက်ကြီးတာ၊ ကိုယ်လက်အလွန်ကိုက်ခဲတာ၊ ပျို့အန်တာ၊ ခန္ဓာကိုယ်မှာ အနီစက်နဲ့ အပိန့်တွေ ထွက်တာတွေရှိလာရင် ဆေးရုံ၊ဆေးခန်းကို အမြန်ပြ စစ်ဆေးပြီး၊ ရောဂါရှိနေရင် ချက်ချင်းကုသမှုယူ ရယူခြင်း၊ ဆေးရုံတင်ထားဖို့ လိုပါတယ်။

ဒါ့အပြင် သွေးလန့်ကာနီး သိနိုင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ဝမ်းဗိုက်အလွန်နာတာ (ဖိစမ်းရင်နာတာ)၊ ဆက်တိုက် မရပ်မနားအော့အန်တာ၊ ကော်ဖီရောင် အန်လာတာ၊ နှာခေါင်းသွေးယိုတာ၊ အဖျားကျချိန်မှာ မလန်းဆန်းဘဲ အရမ်းမှိန်းနေတာ၊ ခြေလက်စပြီး အေးလာတာ၊ ဂယောင်ကတန်း စဖြစ်လာတာတွေ ဖြစ်လာရင်တော့ ချက်ချင်း ဆေးရုံတန်းတင်သင့်ပါတယ်။ အထူး သတိချပ်ဖို့လိုတာက ပိုဆိုးတဲ့ သွေးလန့်ကာနီး အခြေအနေမှာက အဖျားပြန်ကျသွားတာမို့ သက်သာသွားပြီလို့ မှားယွင်းယူဆမိနိုင်ပါတယ်။ ဒါကြောင့် အခုလို အဖျားပြန်ကျပေမဲ့ လူနာက ပုံမှန် ပြန်မလန်းဆန်းတာ၊ အစာမစားတာ၊ နောက် ပျို့အန်တာ၊ မူးနေတာ၊ ခြေလက်အေးစက်နေတာ ရှိနေရင်တော့ သွေးလန့်တာ ဖြစ်တော့မှာမို့ ချက်ချင်းဆေးရုံပြေးရမှာပါ။

အခုလို အန္တာရယ် လက္ခဏာတွေ မပြသော်လည်း ဆေးရုံကြိုတင်သင့်တဲ့ လူနာတွေ ရှိပါသေးတယ်။ သူတို့ကတော့ တစ်နှစ်အောက် ကလေးတွေ၊ အဝလွန်တဲ့ ကလေးတွေ၊ အခြားရောဂါဖြစ်တဲ့ ဆီးချို၊သွေးတိုးနဲ့ မွေးရာပါ သွေးအားနည်း ရောဂါရှိထားသူတွေ၊ ဆေးရုံကို ချက်ချင်းသွားနိုင်ဖို့ အလှမ်းဝေးနေသူ၊ ခက်ခဲနိုင်သူတွေ (ညဖက် ချက်ချင်းကားမရနိုင်၊ မပို့နိုင်သူများအပါအဝင်) ကိုလဲ ဆေးရုံကြိုတင် ပြထားသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG