သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလွန်တုတ်ကွေး ကာကွယ်ရေး


အခုလို မိုးရာသီမှာ ပိုဖြစ်လေ့ရှိတဲ့ သွေးလွန်တုတ်ကွေးရောဂါ မြန်မာနိုင်ငံမှာ ဒီနှစ် ပိုအန္တရာယ်ရှိနေလို့ ကာကွယ်ရေးကို အထူးလုပ်ကိုင်ကြဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေး ပြောဆိုနေကြပါတယ်။

ဒီရောဂါကာကွယ်ရာမှာ ရောဂါကူးစက်စေပြီး ရေကြည်ရေသန့်မှာပေါက်တဲ့ ခြင်ကျား မပေါက်ဖွားနိုင်အောင် တားမြစ်သုတ်သင်ပြီး၊ အကိုက်မခံရအောင် လုပ်နိုင်တဲ့နည်းတွေကို လက်တွေ့ကျင့်သုံးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် နေ့အချိန်မှာ ကလေးအများ စုနေတတ်တဲ့ ကျောင်းတွေနဲ့ လူနေထူထပ်တဲ့ နေရာတွေမှာ ဒီနည်းတွေနဲ့ တားမြစ်လုပ်ပေးသင့်ပါတယ်။

ဒီနည်းတွေကို အတိုကောက်အားဖြင့် “ဖုံး သွန် ခပ် စစ် လောင်း ထောင် လဲ ဖွင့် မြုပ် ရှင်း မှုတ်” ဆိုတာတွေပါ။ အသေးစိတ်ရှင်းပြရရင်တော့ ရေအိုး၊ ရေတိုင်ကီ၊ ရေကန်တွေကို အဖုံးဖုံးထားဖို့။ ရေလဲသွန်နိုင်တဲ့အရွယ် ရေသိုလှောင်ပစ္စည်းတွေကို မကြာခဏ ရေလဲသွန်ပြီး၊ ဆေးကြောပေးဖို့။ ရေလဲသွန်နိုင်တဲ့ အရွယ်မဟုတ်တဲ့ အုတ်ကန်က ရေမျိုးကို ခပ်ထုတ်ဆေးကြောပေးဖို့။ ရေရှားလို့ သွန်မပစ်နိုင်ရင် အခြားရေပုံး၊ ရေအိုးထဲကို ရေစစ်သုံးပြီး ပြောင်းထဲ့ကာ ပိုးလောက်လန်းတွေ စစ်ထုတ်ပစ်ဖို့။ ရေတင်နိုင်တဲ့ ကြောင်အိမ်အောက်ခံခွက်မှာ အင်ဂျင်ဝိုင်လို ပိုးသတ်ဆေး လောင်းပေးထားဖို့။ နေ့အချိန်မှာလည်း ခြင်ထောင်နဲ့အိပ်ဖို့။ ဘုရားပန်းအိုး၊ ညောင်ရေအိုးတွေကို (၂) ရက် (၃) ရက် တကြိမ်လဲပြီး ဆေးကြောပေးဖို့။ ပြတင်းပေါက်တွေ ဖွင့်ထားပြီး အလင်းရောင်နဲ့ ခြင်မခိုနိုင်အောင် လုပ်ပေးဖို့။ ရေတင်နေနိုင်တဲ့ အိုးခြမ်းပဲ့၊ ဘက်ထရီအိုးဟောင်းနဲ့ တာယာတွေကို မြေထဲမြုပ်ပစ်ဖို့။ ခြင်ပေါက်နိုင်တဲ့ ခြုံနွယ်ပိတ်ပေါင်းတွေကို ရှင်းလင်းပစ်ဖို့နဲ့ ခြင်ဆေးဖျန်းမှုတ်ပေးတာတွေပါ။ ဒါ့အပြင် နည်းသစ် (၂) ခု ဖြစ်ပြီး ထိရောက်တဲ့ (အတိုခေါက်အားဖြင့် ထဲ့၊စိမ်) Abate ဆေးမှုန့်ခပ်ထဲ့တာနဲ့ ဆေးစိမ်ခြင်ထောင်၊ လိုက်ကာ သုံးတာတွေလည်း ပြုလုပ်သင့်ပါတယ်။ ခြင်အကိုက်မခံရအောင် ခြင်ဆေးလိမ်းတာ၊ ခြင်ဆေးထွန်းတာနဲ့ အင်္ကျီ ဘောင်းဘီရှည်ဝတ်တာတွေလည်း ပြုလုပ်သင့်ပါတယ်။

ဒီရောဂါနဲ့ ကာကွယ်ကုသနည်းတွေအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG