သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝမ်းကိုက်ရောဂါ


Bacteria (CDC)
Bacteria (CDC)

Amoeba (သို့မဟုတ်) ဘက်တီးရီးယားပိုး (bacteria) ကြောင့်ဖြစ်တဲ့ ဒီရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်များပြီး၊ စနစ်တကျမကုရင် သံသရာလည်ကာ၊ ပြင်းထန်တဲ့နောက်ဆက်တွဲတွေပါ ကြုံနိုင်တယ်လို့ အထွေထွေရောဂါကု ဆရာဝန်တွေကဆိုပါတယ်။

ဒီရောဂါဖြစ်ရခြင်း အဓိကအကြောင်းရင်းကတော့ မစင်နဲ့ပတ်သက်နေတဲ့ မသန့်ရှင်းတဲ့ အစားအသောက် (သို့) ရေ ကို သောက်သုံးမိလို့ ဖြစ်ပါတယ်။ လမ်းဘေး မသန့်စာတွေ၊ ယင်နဲ့ပိုးဟပ်နားစာတွေ စားတာ၊ ရေကျိုမသောက်တာ (သို့မဟုတ်) ရေသန့်မသောက်နိုင်တာ၊ အိမ်သာတက်အပြီးနဲ့ အစာမစားမီ လက်ကိုစနစ်တကျ မဆေးတာတွေကြောင့် ဖြစ်ပါတယ်။ ဝမ်းကိုက်တာ မဖြစ်အောင် ကာကွယ်နိုင်ဖို့ အသီးအရွက်တွေကို သေသေချာချာ ဆေးကြောပြီး၊ အစာကို ဆူအောင်၊ ကျက်အောင် ချက်ပြုတ်စားသင့်ပါတယ်။ အစာကို ယင်၊ပိုးဟပ်မနားအောင် လုံလုံခြုံခြုံထားသင့်ပါတယ်။ ရေကိုလည်း ကျိုသောက်တာ (သို့မဟုတ်) ရေသန့်သောက်သင့်ပါတယ်။ ရေစစ်နဲ့စစ်ရုံနဲ့ မလုံလောက်ပါဘူး။ ဒါအပြင် အိမ်သာတက်ပြီးနဲ့ အစာမစားခင်မှာ လက်ကို ဆပ်ပြာနဲ့ လက်သည်းကြား၊ လက်ချောင်းကြားတွေပါ စင်အောင် လက်ကောက်ဝတ်အထိ စနစ်တကျ ဆေးသင့်ပါတယ်။ ဇွန်း၊ ခရင်းနဲ့ ပန်းကန်အပါအဝင် အခြားအစားအသောက် အသုံးအဆောင်တွေကိုလည်း စင်အောင်ဆေးသင့်ပါတယ်။

ရောဂါသံသရာလည်ရခြင်း အကြောင်းရင်းက မစင် တနည်းတဖုံပါလာတဲ့ မသန့်တဲ့ အစားအသောက်တွေ စားသောက်မိတာအပြင်၊ ဒီရောဂါတခါဖြစ်အပြီး ပိုးသေစေတဲ့ဆေး မသောက်ဘဲ ဝမ်းချုပ်ဆေးသောက်တာ (သို့မဟုတ်) ပိုးသေတဲ့ဆေးသောက်ရင်လည်း ဆေးပတ်ကုန်အောင် မသောက်တာကြောင့် ရောဂါပြန်ဖြစ်တာပါ။ ဒါ့အပြင် ဒီရောဂါပိုးက မသေဘဲ ဆက်ကျန်နေရင် အူကနေတဆင့် အသည်း၊ အဆုပ်နဲ့ ဦးနှောက်တွေပါ ရောက်သွားပြီး ဒီအင်္ဂါတွေမှာ ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြည်တည်ရောင်ရမ်းတာတွေ ဖြစ်နိုင်တာမို့၊ စဖြစ်ကထဲက ဆေးပတ်လည်အောင် စနစ်တကျ သောက်သုံးသင့်ပါတယ်။ ရောဂါက သက်သာအပြီးမှာလည်း ပိုးမကျန်အောင် အဝတ်၊ အသုံးအဆောင်တွေကို ပြုတ်လျှော်သင့်ပါတယ်။

ဒီရောဂါဖြစ်လာခဲ့ရင်လည်း စောစောသိနိုင်အောင် စောင့်ကြည့်ရမယ့် လက္ခဏာတွေကတော့ ဝမ်းရစ်ပြီးနာကာ၊ ဝမ်းနည်းနည်းပဲသွားတာ၊ သွေးနဲ့ ချွဲပါတာတွေ အဓိကဖြစ်ပါတယ်။ တခါတရံလည်း ဖျားတာ၊ ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။ အခုလို လက္ခဏာတွေပြလာရင် ဆရာဝန်နဲ့ပြပြီး သေချာတဲ့ ကုသမှုခံယူဖို့လိုပါတယ်။ ကိုယ့်ဟာကို ဆေးဝယ်သောက်တာ မလုပ်သင့်ပါဘူး။ ဝမ်းကိုက်ပိုးသတ်ဆေး Metronidazole ကို အရက်နဲ့တွဲ မသောက်သင့်ပါဘူး။ ဓာတ်ဆားထုတ်ဖျော်ရည်သောက်ဖို့ လိုပါမယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်အောင် မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ကိုဝင်းမင်းက တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG